ဦးကိတ္တိသာရ (အကယ်ဒမီကျော်ဟိန်း)ရဲ့ သက်တော် ၇၀ ပြည့် မွေးနေ့အလှူ
ဦးပဉ္စင်း ကိတ္တိသာရ (သရုပ်ဆောင်အကယ်ဒမီ ကျော်ဟိန်း)ရဲ့ ဒီကနေ့ ဇူလိုင်လ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ သက်တော် ၇၀ ပြည့် မွေးနေ့အလှူအဖြစ် ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ် ၃၅ လမ်း အထက်မှာရှိတဲ့ ဓမ္မာရုံမှာ ကိုလူချောအဖွဲ့၊ ဇာတ်ပို့ဇာတ်ရံနဲ့ စက်အဖွဲ့များကို ဆန်နဲ့အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
အဆိုပါ လှူဒါန်းမှုကို ဦးပဉ္စင်း ကတ္တိသာရ ကိုယ်စား ဇနီးဖြစ်သူ ဒေါ်သန်းနွယ်အေးနဲ့ သားဖြစ်သူ ကိုနေဝင်းက ကိုယ်တိုင်လှူဒါန်းပေးခဲ့ပါတယ်။

လှူဒါန်းဖြစ်ပုံနဲ့ ပတ်သက်လို့ ဒေါ်သန်းနွယ်အေးက “လှူဒါန်းဖြစ်တာကတော့ ဦးပဉ္စင်းရဲ့ဆန္ဒအရပေါ့။ ဒါကတော့ ဦးကျော်ဟိန်း ဘုန်းကြီးဝတ်ပြီးမှ ပထမဆုံးအကြိမ်လှူတာပါ။ အရင်ကတော့ တခြားအလှူတွေတော့ လှူနေတာပါပဲ။ ဦးပဉ္စင်းရဲ့ဆန္ဒအရ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြန်လှူချင်တယ်ပေါ့။ ကျမတို့လည်း တတ်နိုင်သလောက်လေးပေါ့။ ဒီနေ့လှူတာကတော့ ဆွမ်းကျွေးတာရော အကုန်ကတော့ သိန်း ၁၁၀ ဝန်းကျင်လောက်ပါ”လို့ ဧရာဝတီကို ပြောပါတယ်။

ဦးကျော်ဟိန်းနဲ့အတူ ယခင်က တွဲဖက်သရုပ်ဆောင်ခဲ့ဖူးတဲ့ လူကြမ်းမင်းသားများထဲမှ အသက် ၆၀ နဲ့အထက် အကြီးတန်းများကို တဦးလျှင် ငွေကျပ် ၁ သိန်းနဲ့ ဆန်တအိတ်၊ အငယ်တန်း လူကြမ်းသရုပ်ဆောင်များကိုတော့ တဦးလျှင် ဆန်တအိတ်စီ လှူဒါန်းခဲ့တာဖြစ်ပြီး စုစုပေါင်း ငွေကျပ် သိန်း ၁၁၀ ဝန်းကျင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး လှူဒါန်းမှုပြုလုပ်ရခြင်းအပေါ် ဒေါ်သန်းနွယ်အေးက “ ဒီလူတွေကလည်း ဦးကျော်ဟိန်း ငယ်ငယ်ကတည်းက နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်လာကြတာဆိုတော့ အခု မြန်မာပြည်မှာလည်း အခြေအနေအကြောင်းကြောင်းကြောင့် အခက်အခဲလေးတွေရှိတော့ ကျမရဲ့ လှူဒါန်းတဲ့ငွေက တစိတ်တဒေသ အသုံးဝင်မှာပါ။ အဲဒီအတွက်လည်း ဝမ်းသာပါတယ်။ အခုက လူကများတဲ့အခါကျတော့ ကျမတို့ တတ်နိုင်သလောက်လှူတာလည်း ဖြစ်တော့ တယောက်ချင်းကို အများကြီးတော့ မရကြပါဘူး။ နောက်နှစ်တွေတော့ ဒီထက်လှူနိုင်အောင်ကြိုးစားပါ့မယ်”လို့ ဧရာဝတီကို ပြောပါတယ်။
ဦးပဉ္စင်း ကိတ္တိသာရ (အကယ်ဒမီ ကျော်ဟိန်း) ဟာ လက်ရှိမှာ သြစတြေးလျနိုင်ငံတွင် သီတင်းသုံးနေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံကို ကျန်းမာရေးအခြေအနေအရ လေယာဉ်ကြာမြင့်စွာ မစီးနိုင်တဲ့အတွက် မကြွရောက် လာနိုင်ကြောင်း ဇနီးဖြစ်သူ ဒေါ်သန်းနွယ်အေးက ပြောပါတယ်။

မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ လေးထပ်ကွမ်း အကယ်ဒမီ သရုပ်ဆောင် ကျော်ဟိန်းဟာ ၁၉၇၀ ပြည့်နှစ်မှစလို့ ရုပ်ရှင်မင်းသမီး စန္ဒာနှင့်အတူ “ဖူးစာလမ်းစုံ” ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ စတင် ဝင်ရောက်ခဲ့သူပါ။ “ကြိုးတန်း” ရုပ်ရှင်ဇာတ်ကားကို နောက်ဆုံးအနေနဲ့ ရိုက်ကူးခဲ့ပြီး ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့မှစလို့ ရုပ်ရှင်လောကမှ အနားယူကာ ဦးကိတ္တိသာရဘွဲ့အမည်ဖြင့် ရဟန်းဝတ်ခဲ့ပြီး ယခုဆိုရင် ၉ ဝါ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
ရဟန်းမဝတ်ခင်က “ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက်ခရီးစဉ်”ဟု အမည်ပေးကာ မြန်မာနိုင်ငံအနှံ့သို့ သွားရောက် ခဲ့ပြီး ယခုအခါမှာတော့ သြစတြေးလျနိုင်ငံတွင် သီတင်းသုံးနေထိုင်နေသည်မှာ ၅ နှစ်တာရှိပြီဖြစ်တယ်လို့ သိရပါတယ်။
ဦးပဉ္စင်း ကိတ္တိသာရဟာ ရဟန်းဘောင်ဝင်၍ တရားပွဲများ ပြုလုပ်ခြင်းနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများရှိခဲ့ကာ ဘုန်းကြီးဖြင့် စာပေများကို ကလောင်နာမည် ဦးကိတ္တိသာရ(ခေတ္တ ၃၁ ဘုံ) ဖြင့် ရေးသားခဲ့ပါတယ်။