မလေးရှား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အမှုဆောင်အဖွဲ (Tourism Malaysia) ရဲ့ ဖိတ်ကြားချက်အရ “ASEAN Media Bloggers Tourism Hunt 2017” ခရီးစဉ်ကို ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ၅ ရက်ကြာ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ မီဒီယာ၊ ဘလော့ဂါများနဲ့ အာဆီယံနိုင်ငံများမှ မီဒီယာ၊ ဘလော့ဂါများ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
အာဆီယံနိုင်ငံအသီးသီးမှ တက်ရောက်ခဲ့ကြတဲ့ မီဒီယာ၊ ဘလော့ဂါများဟာ မလေးရှားနိုင်ငံရဲ့ မြောက်ဘက်ကနေ တောင်ဘက်ကို ဖောက်ထားတဲ့ အဝေးပြေးလမ်းမကြီးအတိုင်း ကိုယ်စီကားများ မောင်းနှင်ကာ ခရီးနှင်ခဲ့ကြပြီး မလေးရှားနိုင်ငံရဲ့ အထင်ကရနေရာများကို သွားရောက်ခဲ့ကြပါတယ်။
အဆိုပါ အစီအစဉ်ဟာ အာဆီယံဒေသတွင်းမှာရှိတဲ့ အာဆီယံနိုင်ငံများမှ ခရီးသွားဧည့်သည်များ မလေးရှားနိုင်ငံကို လာရောက်လည်ပတ်မှုနှုန်း တိုးပွားလာအောင် မြှင့်တင်ပေးတဲ့ ခရီးသွားမြှင့်တင်ရေး အစီအစဉ်တခု ဖြစ်ပါတယ်။
“ဒီ အစီအစဉ်ကနေ အာဆီယံဒေသတွင်း ခရီးသွားဧည့်သည်တွေ ပိုတိုးလာမယ်လို့ မျှော်မှန်းတယ်။ အစီအစဉ်မှာ ပါဝင်တဲ့ မီဒီယာများနဲ့ ဘလော့ဂါများက သူတို့ရဲ့ Social Media တွေကနေတဆင့် ဓာတ်ပုံတွေ၊ အချက်အလက်တွေ ဝေမျှပေးခြင်းအားဖြင့် မလေးရှားနိုင်ငံရဲ့ လည်ပတ်စရာ နေရာတွေ၊ ရိုးရာယဉ်ကျေးမှု၊ သဘာဝအလှတွေ အကြောင်းကို အာဆီယံတွင်းက ခရီးသွားလိုသူတွေ ပိုသိပြီး မလေးရှားကို အလည်လာကြမယ်လို့ မျှော်လင့်ပါတယ်” လို့ မလေးရှားနိုင်ငံ၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဝန်ကြီးချုပ် Mr.Mohamed Nazri bin Abdul Aziz က ပြောပါတယ်။
အာဆီယံနိုင်ငံများအကြား မလေးရှားနိုင်ငံကို ဗီဇာကင်းလွတ်ခွင့်နဲ့ လာရောက်လည်ပတ်နိုင်အောင် နိုင်ငံအချင်းချင်း ဆွေးနွေးမှုများ ပြုလုပ်ထားပြီး မြန်မာနိုင်ငံမှလည်း ဗီဇာကင်းလွတ်ခွင့်နဲ့ လာရောက် လည်ပတ်နိုင်အောင် သက်ဆိုင်ရာဌာနများရဲ့ အကြီးအကဲများနဲ့ ဆွေးနွေးညှိနှိုင်းထားတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
ဒုတိယအကြိမ် ကျင်းပတဲ့ “ASEAN Media Bloggers Tourism Hunt 2017” ခရီးစဉ်အတွင်းမှာ အာဆီယံ ၁၀ နိုင်ငံမှ မီဒီယာများနဲ့ ဘလော့ဂါများဟာ မလေးရှားနိုင်ငံရဲ့ လည်ပတ်စရာ အထင်ကရ နေရာများကို သွားရောက်ပြီး ဓာတ်ပုံရိုက်ခြင်းများ၊ ပဟေဠိ ဖွက်ထားသော နေရာများကို အဖြေရှာ ဖော်ထုတ်ခြင်းများနဲ့ မလေးရှားနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုများ၊ ရှေးဟောင်းအမွေအနှစ်များ၊ အိမ်တွင်း လက်မှုလုပ်ငန်းများကိုပါ လေ့လာခွင့်ရခဲ့ကြပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံရဲ့ ရိုးရာဒေသအစားအစာတွေ၊ ဒေသထွက်ကုန်ပစ္စည်းတွေနဲ့ ပြည်တွင်း စိုက်ပျိုးရေးလုပ်ငန်းတွေကိုပါ သွားရောက်ပြီး လယ်ကွင်းတွေ၊ ပျားမွေးမြူရေးလုပ်ငန်းတွေနဲ့ ရာဘာ လုပ်ငန်းတွေကိုပါ လေ့လာခွင့်eရခဲ့ကြပါတယ်။
“အခုလိုမျိုး မြန်မာကိုယ်စားပြု ဘလော့ဂါတယောက်အနေနဲ့ ဖိတ်ကြားခံရတဲ့အတွက် ဝမ်းသာ ပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကဆိုရင် မြန်မာပြည်မှာ Travel Blogger တွေ သိပ်မရှိဘူး။ ရှိတဲ့သူတွေကိုလည်း အသိအမှတ် သိပ်မပြုကြဘူး။ ဒါပေမယ့် နိုင်ငံတကာမှာတော့ အသိအမှတ် ပြုကြတယ်။ အဲဒီလိုမျိုး နိုင်ငံတကာကပါ အသိအမှတ်ပြုတာခံရရင် ကိုယ့်နိုင်ငံက အဖွဲ့အစည်းတွေ ကပါ အသိအမှတ်ပြုလာမယ်လို့ ထင်တယ်၊ အဲဒီအတွက်လည်း ဝမ်းသာပါတယ်” လို့ မြန်မာနိုင်ငံအနေနဲ့ သွားရောက်ခဲ့တဲ့ “I Love Travelling” ရဲ့ Blogger မမေဇွန်က ဧရာဝတီကို ပြောပါတယ်။
ခရီးစဉ်အစကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရဲ့ အထင်ကရနေရာ Merdeka Square နဲ့ သဘာ၀ ထုံးကျောက် လှိုဏ်ဂူများတည်ရှိရာ Batu Caves သို့ သွားရောက်ခဲ့ပြီး အဝေးပြေးလမ်းမအတိုင်း ကားများမောင်းနှင်ကာ Perak ပြည်နယ် Kuala Kangsar ဒေသနဲ့ Ipoh မြို့ရဲ့ Asia’s First Movie Animation Park Studios တို့ကို သွားရောက်ခဲ့ကြပါတယ်။ ခရီးစဉ်နောက်ဆုံးကို မလေးရှားနိုင်ငံ၊ အစိုးရုံးများ အခြေစိုက်ရာ Putrajaya မြို့မှာ အဆုံးသတ်ခဲ့ပါတယ်။
ခရီးစဉ်အတွင်း သွားရောက်ခဲ့ကြတဲ့ နေရာများနဲ့ ပြုလုပ်ခဲ့ကြတဲ့ Activity တွေကို အာဆီယံနိုင်ငံများမှ မီဒီယာများနဲ့ ဘလော့ဂါများမှ ၎င်းတို့ရဲ့ Social Media ကိုယ်ပိုင်စာမျက်နှာများမှာ ဓာတ်ပုံ၊ ဗီဒီယိုများ နေ့စဉ်တင်ခဲ့ကြပြီး ခရီးစဉ်နောက်ဆုံးနေ့မှာတော့ အကောင်းဆုံး ဓာတ်ပုံ၊ ဗီဒီယိုဆုများ အမှတ်တရ ချီးမြှင့်ပေးခဲ့ပါတယ်။
“ခရီးစဉ်အတွင်း တွေ့ကြုံရတာတော့ အများကြီးပဲ။ အဓိကကတော့ ကားမောင်းသွားရတာပေါ့။ အဲဒီလိုမျိုး Organized လုပ်ပြီး သွားတာမျိုး မြန်မာပြည်မှာ တခါမှ မရှိဘူး။ သူတို့ဆို ကားတန်း အရှည်ကြီးကိုမှ သေသေချာချာ Manage လုပ်ပြီးတော့ သွားတယ်။ မြန်မာပြည်မှာလည်း အဲဒီလိုမျိုး ဖြစ်စေချင်တယ်။ သူတို့ရဲ့ Eco -Tourism ဖော်ထုတ်သွားတာလေး သဘောကျတယ်။ ဥပမာ- နယ်မှာ Home Stay နေတာမျိုးပေါ့” လို့ Travel Blogger မမေဇွန်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။
ဆက်လက်ပြီး “မလေးရှားမှာက ကားမောင်းရတာ ညာမောင်း၊ မြန်မာနိုင်ငံနဲ့ အတူတူပဲ ဆိုပေမယ့် လမ်းက ဘယ်ဘက်ကို ကပ်မောင်းတယ်။ အဝေးပြေးမှာဆို ကားမောင်းတဲ့သူ အနောက်ဘက်ကို ကြည့်ရတာ တအားအဆင်ပြေတယ်။ ကျော်မတက်တဲ့စနစ်ကိုလည်း အစ်မကြိုက်တယ်။ အရှေ့က မောင်းလာတဲ့ ကားက အနောက်က တအားမောင်းလာတယ်ဆို ဘေးကိုချပေးတယ်၊ အဲဒီစနစ်ကို သဘောကျတယ်” လို့ မမေဇွန်က ကားမောင်းအတွေ့အကြုံနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။
“Malaysia on Wheels” လို့ အမည်ပေးထားတဲ့ ဒီနှစ် Tourism Hunt အစီအစဉ်မှာ မလေးရှားနိုင်ငံရဲ့ အဝေးပြေးလမ်းမှာ အာဆီယံနိုင်ငံများမှ မီဒီယာများနဲ့ ဘလော့ဂါများက မလေးရှားနိုင်ငံထုတ် Proton ကားများနဲ့ ကိုယ်တိုင် မောင်းနှင်ကာ ခရီးသွားလာခဲ့ကြရပြီး မလေးရှားနိုင်ငံရဲ့ မြောက်မှ တောင်ကို ဖောက်ထားတဲ့ လမ်းစနစ်များ၊ မလေးရှားမှာ ယာဉ်မောင်းနှင်ခြင်း အတွေ့အကြုံများ ရရှိခဲ့ကြပါတယ်။
မလေးရှားနိုင်ငံကို နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများအတွက် အာဆီယံ ဈေးကွက်ဟာ အကြီးမားဆုံး အထောက်အပံ့အဖြစ် ကျန်ရှိနေပါတယ်။
၂၀၁၆ ခုနှစ်အတွင်း မလေးရှားနိုင်ငံကို အာဆီယံနိုင်ငံများမှ ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှုနှုန်း စုစုပေါင်း ၂၀.၃ သန်းရှိခဲ့ပြီး နိုင်ငံရဲ့ စုစုပေါင်း ဧည့်သည်ဝင်ရောက်မှု ၂၆.၈ သန်းမှာ အာဆီယံ ခရီးသွားဦးရေဟာ ၇၅.၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
၂၀၁၇ ခုနှစ်၊ ၄ လပိုင်းအထိ မလေးရှားမှာ အာဆီယံနိုင်ငံများမှ ခရီးသွားဧည့်သည်များ ၅.၀၃ သန်းခန့် ရရှိခဲ့ပြီး မနှစ်ကထက် ၂.၄ ရာခိုင်နှုန်း သိသိသာသာ တိုးတက်လာတာ တွေ့ရပြီး ဒီနှစ်မှာ မလေးရှားကို အာဆီယံဒေသတွင်း ခရီးသည်အရေအတွက် စုစုပေါင်း ၂၃.၁ သန်း ဝင်ရောက်လာမယ်လို့ မျှော်မှန်း ထားကြောင်း သိရပါတယ်။
၂၀၁၇ ခုနှစ်အတွင်း အာဆီယံ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် မလေးရှားနိုင်ငံမှ ၂၉ ကြိမ်မြောက် Sea Games အားကစားပွဲတော်ကြီးကို မြို့တော်ကွာလာလမ်ပူမှာ သြဂုတ်လ ၁၉ ရက်နေ့မှ ၃၀ ရက် နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး၊ ၉ ကြိမ်မြောက် အာဆီယံ Para Games ပြိုင်ပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့ထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ ။