အဆိုတော် မော်ဒယ်လ်သရုပ်ဆောင် နန်းသီရိမောင်က သူမရရှိတဲ့ အနုပညာကြေးများနဲ့ လှည်းကူးမှာရှိတဲ့ နာဂ မိဘမဲ့ ကလေးများပြုစုပျိုးထောင်ရေး ဂေဟာကို ဇူလိုင်လ ၂၃ ရက်နေ့တွင် သွားရောက်လှူဒါန်းမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“နန်းနန်း အနုပညာကြေးတွေရရင် လှူဖြစ်ပါတယ်။ ဘုရားတရားသံဃာဆရာမိဘ ဦးတည်ပြီးတော့ မိဘမဲ့တွေ ဘိုးဘွားရိပ်သာတွေ စွံ့အနားမကြားကျောင်းတွေမှာလှူဖြစ်ပါတယ်။ သင်္ကြန်တုန်းက Sky Net မဏ္ဍပ်မှာ သီချင်းဆိုရတော့ အနုပညာကြေးလေးတွေ ရတယ်။ အဲဒီက ပိုက်ဆံလေးတွေနဲ့ ပြင်ဦးလွင်က စွံ့အနားမကြားကျောင်းရယ် ဘိုးဘွားရိပ်သာရယ်မှာ လှူဖြစ်ပါတယ်။လာမယ့် ဇူလိုင် ၂၃ ရက်နေ့မှာလည်း နန်းနန်းရဲ့ We Love Nann Thiri Maung ရယ် ပရိသတ်တွေ၊ ၇ ရက်သားသမီးအလှူရှင်တွေပါမယ်။ နာဂမိဘမဲ့ကလေးတွေကို သွားရောက်လှူဒါန်းပါမယ်။ လှည်းကူးအကျော် အင်းတိုင်နားမှာရှိတဲ့ နာဂ မိဘမဲ့ဂေဟာမှာ သွားလှူ ပါမယ်” လို့ နန်းသီရိမောင်က ပြောပါတယ်။
အဆိုပါ သွားရောက်လှူဒါန်းမယ့် ကျောင်းကတော့ လှည်းကူးမြို့နယ် အင်းတိုင် COD အထက၊ ကျောင်းရှေ့ သရက်ကုန်းကျေးရွာမှ “ဗေသေသ” ဆိုတဲ့ နာဂမိဘမဲ့ကလေးပြုစုပျိုးထောင်ရေးကျောင်းဖြစ်ကာ အဲဒီကျောင်းမှာ မိဘမဲ့ကလေး အယောက် ၈၀ ကျော်ရှိပြီး ကလေးများအတွက် လူမှုရေး ၊ ကျန်းမာရေး၊ ပညာရေးအတွက် အလှူရှင်များ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။
နန်းသီရိမောင်က “နန်းနန်းအနေနဲ့ ချစ်ရတဲ့ပရိတ်သတ်ကြီး(we love fans)တို့နဲ့ အတူတကွ အလှူပွဲလေးကို ပြုလုပ်ချင်ပါတယ်ရှင့်။ ဒါကြောင့် ချစ်ပရိတ်သတ်ကြီးအနေနဲ့ အလှူငွေအားဖြင့်သော်လည်းကောင်း၊ စာရေးကိရိယာ၊ ဆန် ဆီ ဆား ငရုတ် ကြက်သွန် ရိက္ခာ၊ ကိုယ်အသုံးမလိုတော့တဲ့ လူမှုအသုံးအဆောင် ပစ္စည်းလေးများကို တတ်နိုင်သမျှ ပါဝင်လှူဒါန်းပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်” လို့ ပါဝင်လှူဒါန်းနိုင်ရန်အတွက် သူ့ရဲ့ တရားဝင်ဖေ့ဘွတ်စာမျက်နှာမှတဆင့် ဖိတ်ခေါ်ထားပါတယ်။
ဒါ့အပြင် ပါဝင်လှူဒါန်းလိုသူများအနေနဲ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြည်လမ်း အင်းလျားကန်ဘောင် ကားပါကင်တွင် မနက် ၇ နာရီ ဆုံပြီး သွားရောက်လှူဒါန်းမှာဖြစ်တဲ့အတွက် လိုက်ပါလှူဒါန်းနိုင်ပါတယ်လို့လည်း ဖိတ်ခေါ်ထားပါသေးတယ်။
အဆိုတော် မော်ဒယ်သရုပ်ဆောင် နန်းသီရိမောင်ဟာ ကိုယ်ခန္တာ အသားပေး ရိုက်ကူးထားတဲ့ ဓာတ်ပုံများနဲ့ ပရိသတ်အကြား ရေပန်းစားခဲ့တဲ့ မော်ဒယ်တဦးဖြစ်ပြီး “အချစ်ကဘာလဲ” ဆိုတဲ့ တေးစီးရီးလည်း ထွက်ရှိထားသူဖြစ်ပါတယ်။