Lifestyle

သီချင်းတွေကို နားထောင်ပေးနေသရွေ့ သီဆိုသွားမယ်ဆိုတဲ့ ပန်းရောင်ခြယ်

ဆယ်ကျော်သက် အဆိုတော်မလေး ပန်းရောင်ခြယ်ကတော့ သူမရဲ့သီချင်းများကို ပရိသတ်နားထောင်ပေးနေသရွေ့သီချင်းတွေ သီဆိုသွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ပန်းရောင်သီချင်းတွေ နားထောင်ပေးနေတဲ့ လူတွေရှိနေသရွေ့သီချင်းတွေဆက်ဆိုသွားပါမယ်။ ပန်းရောင်သီချင်းဆိုတာကို အဖေ ကိုယ်တိုင်ကလည်း အဆိုတော်ဆိုတော့ သဘောကျတယ်။ သမီးကလည်း ဝါသနာပါတဲ့အတွက် ပံ့ပိုးပေးတယ်။ ရေရှည်မှာတော့ ပညာရေးနဲ့ပဲ ဆက်သွားစေချင်တယ်” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

ပန်းရောင်ခြယ်ဟာ အဆိုတော် ဂရေဟမ်ရဲ့ သမီးဖြစ်ပြီး ဖခင်ဖြစ်သူနဲ့အတူ Wake Up Daddy ဆိုတဲ့ တေးစီးရီး ထွက်ရှိ ထားကာ အားပေးမှုရရှိခဲ့ပါတယ်။ လတ်တလောမှာတော့ သူမရဲ့ တကိုယ်တော်အခွေထွက်ရှိရန် ပြင်ဆင်နေလျက်ရှိကာ ဒီနှစ်ထဲမှာ ထွက်မယ်လို့လည်း သိရပါတယ်။

“လတ်တလောကတော့ ပွဲလေးတွေရှိရင် ဆိုဖြစ်တယ်။ ကြော်ငြာလေးတွေ တောက်လျှောက်ရိုက်ဖြစ်နေတာများတယ်။ နောက်ပြီး တော့ ဒီနှစ်ထဲမှာ တကိုယ်တော်အခွေထွက်ဖို့အတွက် ကြိုးစားနေတယ်။ ဆိုနေကျပုံစံ ပန်းရောင်နဲ့လိုက်တဲ့ ပုံစံလေးတွေပဲ ပါပါမယ်။ သီချင်းဆိုတာအပြင် ကြော်ငြာတွေရိုက်ဖြစ်တယ်” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

လက်တလောမှာလည်း Nescafe’ ၊ Samsung Mobile Myanmar၊ Sunsilk ၊ Dutch Mill တို့ရဲ့ Brand Ambassador အဖြစ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပန်းရောင်ခြယ်က သြစတြေးလျနိုင်ငံ University Of Western Australia တွင် ဗိသုကာဆိုင်ရာ ပညာသင်ကြားနေပြီး ကျောင်းပြီးရန် ၅ နှစ်လောက်လိုသေးကာ အခုလောလောဆယ်မှာတော့ ကျောင်းက ခွင့်ယူထားတယ်လို့ ပြောပါတယ်။

Loading