မလေးရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အမှုဆောင်အဖွဲ့ (Tourism Malaysia) ရဲ့ ဖိတ်ကြားမှုအရ အာရှ ပထမဆုံး Animation Theme Park “MAPS (Movie Animation Park Studios)” ကို “ASEAN Media Bloggers Tourism Hunt 2017” ခရီးစဉ်အတွင်း အလည်တခေါက် ရောက်ခဲ့ပါတယ်။
MAPS (Movie Animation Park Studios) ဟာ မလေးရှားနိုင်ငံ မြောက်ဘက် Perak ပြည်နယ်၊ မြို့တော် Ipoh မှာ တည်ရှိတာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
Theme Park စတင် ဖွင့်လှစ်ခါစ အချိန်မှာပဲ ဧည့်သည် ၄ သောင်းကျော် ဝင်ရောက်ခဲ့ပြီး တနှစ်အတွင်း ဧည့်သည် ၁ သန်းကျော် ဝင်ရောက်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ MAPS Theme Park ကို သွားမယ်ဆိုရင် လေယာဉ်၊ ကား၊ ရထား၊ ဘစ်ကားများနဲ့ သွားရောက်လည်ပတ်နိုင်ပါတယ်။
လေယာဉ်နဲ့သွားမယ်ဆိုရင် စင်ကာပူနိုင်ငံကနေ Ipoh ကို တိုက်ရိုက် Tiger Airways ဒါမှမဟုတ် Firefly Airlines များနဲ့ သွားနိုင်ပါတယ်။ မလေးရှားနိုင်ငံ Johor မြို့ကနေလည်း Ipoh ကို Malindo Airlines နဲ့ စီးပြီး သွားရောက်နိုင်ပါတယ်။ Ipoh မြို့၊ Sultan Azlan Shah Airport ကနေ မိနစ် ၂၀ ခန့် ကားမောင်းရင် MAPS Theme Park ကို ရောက်ပါတယ်။
ကားနဲ့သွားမယ်ဆိုရင်တော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ ခန့်မှန်း ၂ နာရီကျော်ကြာ မြောက်-တောင် အဝေးပြေး လမ်းမကြီးအတိုင်း မောင်းနှင်သွားရမှာဖြစ်ပြီး ပီနန်းမြို့ကနေဆိုရင် အချိန် တနာရီခွဲခန့် မောင်းနှင်ရမယ်လို့ သိရပါတယ်။ ရထားနဲ့သွားမယ်ဆိုရင် Ipoh ရထားဘူတာမှာဆင်းပြီး ETS ရထားနဲ့ ၁၅ မိနစ်ကြာစီးနင်းကာ MAPS ကို သွားရောက် -နိုင်ပါတယ်။
MAPS Theme Park မှာ “Live Your Dreams” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း Animation ချစ်သူတွေအတွက် အံ့အားသင့်စေမယ့် နေရာ ၄၀ ကျော်ကို နိုင်ငံတကာက Animation ဇာတ်ကောင်တွေ၊ ပြည်တွင်း Animation ဇာတ်ကောင်တွေနဲ့ ဖန်တီးထားတာ တွေ့ရမှာပါ။
MAPS ရဲ့ ဆွဲဆောင်မှုရှိတဲ့နေရာ ၄၀ ကျော်ထဲက Thematic Zones ဆိုပြီး အကြောင်းအရာအလိုက် နေရာ ၆ ခုရှိပါတယ်။ အဲဒီနေရာတွေကတော့ (၁) Animation Square၊ (၂) Dream Zone၊ (၃) Blast Off Zone ၊ (၄) Live Action Zone ၊ (၅) Fantasy Forest Zone နဲ့ (၆) Lakeside Zone တို့ပဲ ဖြစ်ပါတယ်။
(၁) Animation Square
Animation Square မှာ နိုင်ငံတကာနဲ့ ပြည်တွင်းက နာမည်ကြီး Animation ဇာတ်ကောင်တွေကို တစုတစည်းတည်း တနေရာတည်းမှာ အံ့အားသင့်ဖွယ် ချစ်စဖွယ် မြင်တွေ့ရမှာပါ။ လမ်းတလျှောက် အရောင်စုံ ကာတွန်းအိမ်လေးတွေနဲ့ ချစ်စဖွယ်ဖန်တီးထားပြီး “The Home of BoBoiBoy” ဆိုတဲ့ ကမ္ဘာ့ပထမဦးဆုံး 4D Motion Adventure Theatre ကို သွားရောက် လည်ပတ်နိုင်ပါတယ်။
“BoBoiBoy” ဟာ မလေးရှားနိုင်ငံ၊ Animonsta Studios ကထုတ်လုပ်တဲ့ နာမည်ကြီး Animation ဇာတ်လမ်းတွဲ တခုဖြစ်ပြီး Superpower တွေနဲ့ ၃ ကိုယ်ခွဲနိုင်တဲ့ ကောင်လေးတယောက်အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။
(၂) Dream Zone
MAPS ရဲ့ Dream Zone မှာတော့ ကမ္ဘာ့ပထမဆုံး “Megamind, The Croods, Capser the Friendly Ghost နဲ့ Mr.Peabody & Sherman” စတဲ့ နာမည်ကြီး ကာတွန်း ဇာတ်ကောင်တွေနဲ့ ဖန်တီးထားတဲ့ စိတ်ဝင်စားဖွယ် နေရာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။
(၃) Blast Off Zone
Blast Off Zone ကတော့ “Smurf” လို့ခေါ်တဲ့ အသည်းယားစရာ အပြာရောင်ကောင်လေးတွေကို ချစ်ကြတဲ့ ကလေးတွေ၊ ဆယ်ကျော်သက်တွေအတွက် အကြိုက်တွေ့မယ့် နေရာပါ။ အဲဒီနေရာမှာ Smurf အကောင်လေးတွေနေတဲ့ အိမ်လေး တွေ၊ ပန်းခြံငယ်လေးတွေနဲ့ Papa Smurf ရဲ့ “Rainbow Spell” ဆိုတဲ့ Live Animation Show ကိုလည်း Smurf Theatre မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
(၄) Live Action Zone
Live Action Zone မှာတော့ စိတ်လှုပ်ရှားဖွယ် အပြည့်ပါပဲ။ အရှေ့တောင်အာရှရဲ့ ပထမဆုံး ကားနဲ့ ဆိုင်ကယ် စတန့်ရှိုးကို မျက်ဝါးထင်ထင် ကွင်းပြင်မှာ Live ကြည့်ရှုရမယ့် အခွင့်အရေးပါ။ အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့ ကားမောင်းသမားတွေနဲ့ ဆိုင်ကယ်စတန့်သမားတွေရဲ့ ရင်သပ် ရှုမောဖွယ် ပြကွက်တွေကို တိုက်ရိုက်ကြည့်ရှုနိုင်မယ့် နေရာဖြစ်ပါတယ်။
(၅) Fantasy Forest Zone
Fantasy Forest Zone ဟာ အသက် ၃ နှစ်ကနေ ၁၂ နှစ်အတွင်းရှိတဲ့ ကလေးငယ်တွေအတွက် စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ ဂူထဲမှာ သွားပြီး စူးစမ်းလေ့လာနိုင်မယ့် နေရာပါ။ အဲဒီ Zone အတွင်းမှာ တခြား စိတ်ဝင်စားဖွယ် “Coliseum Water Playgrond, Fantasy Carousel, Whirling Wizard, Red Baron” စတဲ့ လည်ပတ်စရာ နေရာတွေလည်း အစုံအလင်ရှိပါတယ်။
(၆) Lakeside Zone
Lakeside Zone ကတော့ အသည်းယားပြီး စိတ်လှုပ်ရှားစရာကောင်းမယ့် ကစားနည်းတွေ ဆော့ကစားနိုင်မယ့် နေရာဖြစ်ပါတယ်။
အသည်းတအေးအေးနဲ့ ကစားရမယ့် ကစားနည်းတွေကတော့ “Asteroid Attack” ဆိုတဲ့ ကမ္ဘာ့ဆွဲအားကို ပြောင်းပြန် လှန်ပြီး လူကို ဇောက်ထိုးတလှည့် ပုံမှန်တလှည့် အထက်၊ အောက် လှည့်ပြီး ကစားတဲ့နေရာ၊ “Hyper Spin” ဆိုတဲ့ မိုးထိအောင် တပတ်ပြီး တပတ်လှည့်ပြီး စီးရတဲ့ ချားရဟတ်နဲ့ “Space X-plorers” ဆိုတဲ့ ဆိုင်ကယ် ပန်းကန်ပြားပျံ တို့ပဲ ဖြစ်ပါတယ်။
Movie Animation Park Studios ကို ဝင်ကြေးအနေနဲ့ လူကြီးတဦးကို မလေးရှား ရင်းဂစ် ၁၉၀ (မြန်မာငွေ ကျပ် ၆ သောင်းဝန်းကျင်)၊ ကလေးတဦးကို ရင်းဂစ် ၁၅၀ (မြန်မာငွေ ကျပ် ၄ သောင်း ၇ ထောင်ကျော်) ကျသင့်တယ်လို့ သိရပါတယ်။
အဆိုပါ အာရှပထမဆုံး MAPS (Movie Animation Park Studios) ကို မြေဧက ၅၂ ဧကကျော်နေရာမှာ တည်ဆောက် ထားတာဖြစ်ပြီး မလေးရှား ရင်းဂစ်ငွေ သန်း ၅၂၀ အကုန်အကျခံ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ။