Dunkirk ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ခေါင်းဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ One Direction အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ ဟယ်ရီစတိုင်တယောက် အဆိုပါ ဇာတ်ကားရုံတင်မပြသခင်မှာ အရမ်းကို စိတ်လှုပ်ရှားခဲ့ရတယ်လို့ သတင်းကဆိုပါတယ်။
ပရိသတ်တွေရှေ့မှာ သီချင်းဆိုတာ သူ့အတွက် စိတ်မလှုပ်ရှားပေမယ့် သူ့ရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားအတွက် စိတ်လှုပ်ရှားခဲ့တာလို့လည်း သတင်းက ဆိုပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ဗြိတိန်နိုင်ငံတွင် ဇူလိုင်လ ၂၁ ရက်နေ့က ရုံတင်ပြသခဲ့တာဖြစ်ပြီး ဟယ်ရီအတွက် ဒါဟာ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာ ဟယ်ရီက ဗြိတိန်စစ်သား အယ်လစ်နေရာကနေ သရုပ်ဆောင်ထားပါတယ်။
Dunkirk ဇာတ်ကားဟာ ၁၉၄၀ အစောပိုင်း ဒုတိယကမ္ဘာစစ်မှာ ဗြိတိန်စစ်သားတွေရဲ့ဘဝကို ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။
X- Factor ကနေ One Direction အဖွဲ့ဝင်တယောက်အနေနဲ့ အဆိုတော်ဖြစ်လာခဲ့တဲ့ ဟယ်ရီက သရုပ်ဆောင်ရတဲ့နေရာမှာ ရင်းနှီးကျွမ်းဝင်မှုမရှိကြောင်းလည်း ဝန်ခံထားပါတယ်။
ဟယ်ရီစတိုင်ဟာ One Direction အဖွဲ့ကွဲပြီးနောက်ပိုင်း ဒီနှစ် မတ်လမှာ တကိုယ်တော်တေးသီချင်း Sign Of the Times ထွက်ရှိခဲ့ပြီး မေလမှာ ပထမဆုံးတကိုယ်တော်တေးသီချင်းအယ်လ်ဘမ် ထွက်ရှိခဲ့ပါတယ်။
Dunkirk ရဲ့ ဇာတ်ကားမိတ်ဆက်ပွဲကိုလည်း ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီလည်း တက်ရောက် ခဲ့ပါတယ်။ မင်းသား ဟယ်ရီဟာ ဒုတိယကမ္ဘာစစ်တုန်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ Dunkirk စစ်သားဟောင်းတွေနဲ့ တွေ့ဆုံဖို့ အတွက် တက်ရောက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
Ref: dailymail.com
သုန္ဒြီဆီလျော်အောင် ဘာသာပြန်ဆိုသည်။