စမတ်ဖုန်းများ ခေတ်မစားခင် ကာလများက နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ လူသိများ၊ လူသုံးများခဲ့တဲ့ Nokia ဖုန်းကုမ္ပဏီဟာ ယခုအခါ မြန်မာနိုင်ငံရဲ့ စမတ်ဖုန်းလောကထဲကို တကျော့ပြန် ဝင်ရောက်လို့ လာပါပြီ။
Nokia ဖုန်းကုမ္ပဏီမှ Nokia ရဲ့ ပထမဦးဆုံးသော စမတ်ဖုန်းများဖြစ်ကြတဲ့ Nokia 3, Nokia 5 နဲ့ Nokia 6 စတဲ့ Android စမတ်ဖုန်းများကို မကြာခင် မြန်မာနိုင်ငံမှာ စတင်ရောင်းချတော့မှာဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဒါ့အပြင် တချိန်က Nokia ရဲ့ လူကြိုက်များပြီး အသုံးများခဲ့တဲ့ Nokia 3310 လက်ကိုင် Keypad ဖုန်းကိုလည်း ဆန်းသစ်ထားတဲ့ အရောင်၊ ဒီဇိုင်းနဲ့အတူ Nokia မှ ထပ်မံ ထုတ်လုပ်လိုက်ပါတယ်။
“Nokia ကတော့ အရင်တုန်းက Window နဲ့ Microsoft နဲ့ တွဲပြီးတော့ လုပ်ခဲ့တယ်။ အခုကတော့ Andriod System သုံးပြီး Market ကို ပြန်လည် ဖြန့်ချိဖို့အတွက် စီစဉ်ထားတယ်။ မြန်မာပြည်က Operator တွေနဲ့လည်း ပူးပေါင်းဖို့ ရှိပါတယ်။ အစကတည်းက Nokia မှာ အဲဒီလို ပူးပေါင်းထားတဲ့ Project တွေရှိတယ်။ အခု Market မှာတော့ အရင်ဆုံး ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ စပြီး မိတ်ဆက်သွားမှာပါ” လို့ Nokia ရဲ့မြန်မာနိုင်ငံ ကိုယ်စားလှယ် Cyber City မန်နေဂျင်းဒါရိုက်တာ Ko Thomas Tu က ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး သူက “Nokia 3310 ဖုန်းကို အသစ်ပြန်မိတ်ဆက်တာကတော့ တကမ္ဘာလုံး Nokia သုံးဖူးတဲ့သူ တော်တော်များများက ဒီမော်ဒယ်ကို မှတ်မိတယ်။ ဒီဖုန်းက တော်တော်အကြမ်းတမ်းခံတာလည်း သိတယ်။ လူတိုင်းက ဒီဖုန်းနာမည် ကြားလိုက်တာနဲ့ ဒါ Nokia ဆိုတာ လူတိုင်းတန်းသိတယ်။ ဒါကြောင့် Nokia က ဒီဖုန်းကို ပြန်ထုတ်ဖြစ်တာပါ” လို့ Ko Thomas Tu က ဆိုပါတယ်။
Nokia 3 စမတ်ဖုန်းက မျက်နှာပြင်အရွယ်အစား ၅ လက်မရှိပြီး အရှေ့အနောက် ကင်မရာအရည်အသွေး 8 Megapixel နဲ့အတူ Polarized Screen အသုံးပြုထားတာကြောင့် အလင်းပြန်မှု နည်းပါးတဲ့ စူးရှတဲ့ နေရောင် ထဲမှာ ဖုန်းကို ကြည်လင်ပြတ်သားစွာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Nokia 3 မှာ Quad-core Processor အသုံးပြုထားပြီး 2GB RAM၊ Storage 16 GB တို့ ပါဝင်ပါတယ်။
Nokia 5 စမတ်ဖုန်းက မျက်နှာပြင်အရွယ်အစား ၅.၂ လက်မရှိပြီး အနောက်ဘက် ကင်မရာ အရည်အသွေး 13 Megapixel နဲ့ Selfie သမားများအတွက် အရှေ့ကင်မရာ 8 Megapixel နဲ့အတူ 84-degree မြင်ကွင်းကျယ် ရှေ့ကင်မရာ ပါဝင်ပါတယ်။ Nokia 5 မှာ 64bit Octa-core Processor အသုံးပြုထားပြီး 2GB RAM၊ Storage 16 GB တို့ ပါဝင်ပါတယ်။
Nokia 6 စမတ်ဖုန်းမှာ မျက်နှာပြင် အရွယ်အစား ၅.၅ လက်မရှိပြီး ထူးခြားချက်ကတော့ အသံပိုင်းကို Dolby ATMOS Sound စနစ် အသုံးပြုထားတာ တွေ့ရပါတယ်။။ Smart အသံချဲ့စနစ်နဲ့ Speaker ၂ ခု ပါဝင်တာ ကြောင့် Deep Bass နဲ့ မတူညီနဲ့ အသံတွေကို ရှင်းလင်းပြတ်သားစွာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။ Nokia 6 မှာ 64bit Octa-core Processor အသုံးပြုထားပြီး 3GB RAM နဲ့ Storage 32 GB တို့ ပါဝင်ပါတယ်။
အကြမ်းခံတဲ့ Nokia 3310 ဖုန်းက 2 Megapixel ကင်မရာ၊ LED Flash နဲ့အတူ ၂၂ နာရီကြာ ဖုန်းပြောနိုင်ပြီး တလအကြာ ဖုန်းအားတာရှည်ခံတဲ့ လုပ်ဆောင်ချက်တို့ ပါဝင်တာ တွေ့ရပါတယ်။
Nokia 3, Nokia 5, Nokia 6 စမတ်ဖုန်းများကို အရောင်အနေနဲ့ Matte Black, Silver, Tempered Blue, Copper စတဲ့ အရောင် ၄ ရောင်နဲ့ ရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် Nokia 3 ကို မြန်မာငွေကျပ် ၁၈၉,၀၀၀၊ Nokia 5 ကို ၂၅၉,၀၀၀ ကျပ်၊ Nokia 6 ကို ကျပ် ၃၁၉,၀၀၀ တို့နဲ့ ဇူလိုင်လကုန်မှာ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။
လူကြိုက်များပြီး အသုံးများခဲ့တဲ့ Nokia 3310 လက်ကိုင် Keypad ဖုန်းကို Gloss finish နဲ့ Matte finish ဆိုတဲ့ အမျိုးအစား ၂ မျိုး ရရှိနိုင်ပြီး အရောင်အားဖြင့် Warm Red, Yellow, Dark Blue, Grey စတဲ့ အရောင် ၄ ရောင်၊ ဈေးနှုန်း မြန်မာငွေ ကျပ် ၆၆,၀၀၀ နဲ့ ဇူလိုင်လကုန်မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။