အရှေ့တောင်အာရှ နိုင်ငံများမှာ အောင်မြင်စွာ ပြေးဆွဲလျက်ရှိပြီး မြန်မာနိုင်ငံမှာ ၄ လကြာ စမ်းသပ် ပြေးဆွဲခဲ့တဲ့ “Grab” အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းဟာ နည်းပညာအသစ်၊ ဝန်ဆောင်မှုအသစ်များနဲ့အတူ ယခုအခါ မြန်မာနိုင်ငံကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။
Grab အငှားယာဉ်ဝန်ဆောင်မှုရဲ့မြန်မာနိုင်ငံတွင်း နည်းပညာ ရင်းနှီးမြှုပ်နှံမှုအသစ်များ၊ တိုးချဲ့လုပ်ကိုင်သွားမယ့် ကဏ္ဍသစ်များအကြောင်းကို မိတ်ဆက်ပေးတဲ့ သတင်းစာရှင်းလင်းပွဲကို ယနေ့၊ ဇူလိုင်လ ၂၆ ရက်နေ့၊ ရန်ကုန်မြို့ ၊ Novotel ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
“အသစ် မိတ်ဆက်လိုက်တဲ့ ဝန်ဆောင်မှုတွေထဲမှာ ခရီးသည်တွေအတွက် လုပ်ဆောင်ချက်အသစ်များပါဝင်ပြီး မြန်မာ ဘာသာစကားနဲ့ အသုံးပြုနိုင်မယ့် Grab Application အသစ်နဲ့အတူ ခရီးသည်များရဲ့ အခက်အခဲများ၊ တုံ့ပြန်ချက်များကို ၂၄ နာရီ ဖုန်းနဲ့ ပြန်လည်ဖြေကြား ဝန်ဆောင်မှုပေးမယ့် 24/7 Customer Call Center တို့ပဲ ဖြစ်ပါတယ်” လို့ Grab ရဲ့ Co-Founder ဖြစ်သူ Ms.Hooi Ling Tan က ပြောပါတယ်။

ဆက်လက်ပြီး “မြန်မာဘာသာစကား ပါဝင်လာမယ့် Grab Application အသစ်မှာ ဇော်ဂျီနဲ့ ယူနီကုဒ် ဖောင့် ၂ မျိုးလုံးကို အသုံးပြုနိုင်မှာပါ။ ဘာသာစကားခြားနားမှု မရှိတော့တာကြောင့် ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေ မည်သူမဆို Grab Application ကို ပိုမို လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” လို့ Ms.Hooi Ling Tan က ဆိုပါတယ်။
Grab မှ 24/7 Customer Call Center အသစ်ကို သြဂုတ်လအတွင်းမှာ အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိပြီး အဆိုပါ Call Center မှ ယာဉ်မောင်းများနှင့် ခရီးသည်များထံမှ မေးမြန်းစုံစမ်းချက်များ၊ အကြံပေးချက်များကို ၂၄ နာရီ လက်ခံဖြေကြား ပေးသွားမယ်လို့ သိရပါတယ်။
“ကျနော်တို့ ၂၄ နာရီ Call Center ကတော့ အချိန် ၃ ချိန်၊ Shift ၃ ခု ထားဖို့ရှိပါတယ်။ အဲဒီ Shift ၃ ခုမှာ ဝန်ထမ်းက ဒီ အချိန်မှာ ဘယ်လောက်ထားမယ်ဆိုတာ ပြောလို့မရသေးပါဘူး။ ဒါပေမယ့် စတဲ့အချိန်မှာ စပြီးတော့ ကျနော်တို့ တင်ပြလို့ရပါတယ်။ ကျနော်တို့ Customer Service အပိုင်းကို Call Center ကို ကြိုက်တဲ့အချိန် ဖုန်းဆက်ပြီး ယာဉ်မောင်းဘက်ကရော၊ ခရီးသည်ဘက်ကရော ပြဿနာတွေကို ဖြေရှင်းဖို့ ထားပေးသွားမှာပါ” လို့ Grab in Myanmar ရဲ့ Head of Operation ကိုဇေယျာမင်းက ပြောပါတယ်။

ယာဉ်မောင်းသူနဲ့ ခရီးသည်များအကြား ဆက်သွယ်ပြောဆိုနိုင်တဲ့ Grab Chat မှာလည်း ကြိုတင် ထည့်သွင်းထားတဲ့ မက်ဆေ့ချ်များကို အလိုအလျောက် ဘာသာပြန်ပေးမယ့် ဝန်ဆောင်မှုကိုလည်း မကြာခင် ရရှိတော့မယ်လို့ သိရပါတယ်။
ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်ပြီး Grab မှ ခရီးသည်များအတွက် လုပ်ဆောင်ချက်အသစ်အနေနဲ့ Grab Application နီးစပ်ရာ ရဲစခန်းဖုန်းနံပါတ်ကို အလွယ်တကူနှိပ်၍ ခေါ်ဆိုနိုင်ပြီး Emergency အရေးပေါ် ဖုန်းခေါ်ခလုတ်ကိုလည်း ထည့်သွင်း ပေးထားတာ တွေ့ရပါတယ်။
Grab ယာဉ်မောင်းများအတွက်လည်း Driver Care အစီအစဉ်သစ် ထားရှိပေးထားပြီး အဲဒီ အစီအစဉ် က ယာဉ်မောင်းများ ရဲ့ တကိုယ်ရည်ထိခိုက်မှု အာမခံကို ငွေကြေးတစုံတရာ ပေးစရာမလိုဘဲ အခမဲ့ ပေးအပ်မယ့် အစီအစဉ် ဖြစ်ပါတယ်။ အဆိုပါ အာမခံမှုဟာ အငှားယာဉ်မောင်းများနဲ့ ခရီးသည်များ မတော်တဆ ဖြစ်ရပ်တခုအတွင်းမှာ သေဆုံးခြင်း၊ ခြေလက် အင်္ဂါချို့ယွင်းခြင်းနဲ့ ဆေးဝါးကုသရန် ကုန်ကျခြင်းများအတွက် ခံစားခွင့် ပြန်လည်ရရှိမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ယာဉ်မောင်းများအတွက် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ၊ နိုင်ငံခြားသား ခရီးသည်များနဲ့ စကားပြောဆို ဆက်ဆံရမှာ အဆင်ပြေအောင် အခမဲ့ သင်ကြားပေးမယ့် အင်္ဂလိပ်စာ သင်တန်းရှိတယ်လို့ သိရပါတယ်။
Grab အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းကို မတ်လ ၂၁ ရက်နေ့၊ ရန်ကုန်မြို့မှာ ယာဉ်အစီးရေ ၄၀ ကျော်နဲ့ စတင် စမ်းသပ်ပြေးဆွဲခဲ့တာဖြစ်ပြီး ယခုအခါ ယာဉ်စီးရေ ၅၀၀၀ ကျော်နဲ့ ပြေးဆွဲလျက်ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ လက်ရှိ အငှားယာဉ်ဝန်ဆောင်မှုများအနေနဲ့ စင်ကာပူနိုင်ငံ အခြေစိုက် Grab၊ အမေရိကန်နိုင်ငံ အခြေစိုက် Uber နဲ့ ပြည်တွင်း အငှားယာဉ် ဝန်ဆောင်မှု ကုမ္ပဏီများ ဖြစ်ကြတဲ့ Oway Ride နဲ့ Hello Cabs တို့ ပြေးဆွဲလျက်ရှိတယ်လို့ သိရပါတယ်။
Grab Taxi ဝန်ဆောင်မှု ရန်ကုန်မှာ မကြာခင် စတင်မည်
ရန်ကုန်မြို့အငှားယာဉ် ဝန်ဆောင်မှု ပိုကောင်းလာမလား
Wave Money နှင့် Grab Taxi မိတ်ဖက်အဖြစ် ပူးပေါင်း