လတ်တလော မြန်မာပြည်မှာဖြစ်ပွားနေသော ရာသီပေါ်တုပ်ကွေးရောဂါ A(H1N1) ပတ်သက်လို့ အနုပညာရှင်တွေရဲ့ အသိပေးပြောကြားထားတဲ့ စကားသံတွေနဲ့အတူ ဘယ်လိုပညာပေးတွေ လုပ်ဆောင်သွားမလဲဆိုတဲ့ စကားသံတချို့ကို ဧရာဝတီသတင်းထောက် ယုဖြူဟန်က မေးမြန်းထားပါတယ်။
သရုပ်ဆောင်၊ အဆိုတော် ချစ်သုဝေ
ပြည်သူတွေကိုပြောချင်တာကတော့ တိကျသေချာတဲ့ ကျန်းမာရေးထုတ်ပြန်ချက်တွေကို ကြည့်ပါ။ တအားကြီး စိုးရိမ်ထိတ်လန့်ပြီးတော့ သတင်းအချက်အလက် မမှန်ကန်တာတွေကို အမှန်ထင်တာတွေကိုလည်း မဖြစ်စေဖို့အတွက် တိကျသေချာတဲ့ မှန်ကန်တဲ့ အချက်အလက်ကောင်းကောင်းပေးနိုင်တဲ့ဆရာဝန်တွေ ကျန်းမာရေးဌာနတွေက ထုတ်ပေးတဲ့ သတင်းထုတ်ပြန်ချက်တွေကို အမြဲစောင့်ကြည့်ပါ။ပြီးတော့ တကိုယ်ရည်သန့်ရှင်းရေး ၊အဓိကက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တာ ကိုယ့်ဘာသာကျန်းမာအောင်နေဖို့ပဲ။ ကျန်းမာအောင်စား၊ ကျန်းမာအောင်နေ တခုခုဖြစ်တော့မယ်လို့ သံသယဖြစ်လာရင် ကိုယ့်ဆီကပိုးတွေ သူများဆီမကူးအောင် ကာကွယ်ပါ။ mark တွေအုပ်ပြီးသွားတာမျိုး အိမ်မှာ အနားယူတာမျိုး လူထူထပ်တာနေရာတွေမသွားတာမျိုးတွေ အဲ့ဒါမျိုးတွေလုပ်ပေါ့။
Miss Myanmar International 2013 အလှမယ် ဂုဏ်ရည်အေးကျော်
ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ ဂုဏ်ရည်အနေနဲ့ပြောရရင် Mask တပ်ရတာ သက်သောင့်သက်သာမဖြစ်ဘူး။ Mask ကလဲ သာမန် Mask မျိုးမဟုတ်ဘဲနဲ့ ရောဂါကာကွယ်မှုအပြည့်ပါဝင်တဲ့ Mask မျိုးဆိုတော့ ဂုဏ်ရည်တို့က မိတ်ကပ်ပြင် ဒီမျက်နှာနဲ့ပဲ အလုပ်လုပ်ရတာဆိုတော့ ဂုဏ်ရည်အတွက်ဆိုရင်တော့ ကာကွယ်ဆေးထိုးမယ်။ ကာကွယ်ဆေးက ရွှေတောင်ကြားထဲမှာရှိတဲ့ ဘန်ကောက် Woman Center မှာ တလုံးကို ၄ သောင်းဝန်းကျင်လောက်ရှိတယ်။ ပရိသတ်တွေအနေနဲ့လည်း ကိုယ့်အတွက် အခက်အခဲမဖြစ်ဘူးဆိုရင်တော့ ထိုးလိုက်တော့ပေါ့နော်။ကျန်တာကတော့ အပြင်သွားလာနေကြတဲ့ ဘတ်စ်ကားစီးတဲ့လူတွေအတွက် ပြောချင်တာကတော့ ကာကွယ်နိုင်တဲ့ mask မျိုးကို တပ်စေချင်တယ်။ နောက်ပြီးတော့ ဗစ်တာမင်စီကို စားပေးခြင်းဖြင့်လည်း ကာကွယ်နိုင်တယ်။ အရမ်းစိတ်မပူဖို့လည်း ပြောချင်တယ်။ အပြင်မှာ တကယ်ဖြစ်နေတာထက် Facebook မှာက ပိုကြောက်ဖို့ကောင်းနေတာမျိုးပေါ့။ ကျန်းမာရေးနဲ့ သင့်တင့်မျှတစွာ စားသောက်နေနိုင်ဖို့အတွက် ပြောချင်ပါတယ်။
မိတ်ကပ် ခင်စန်းဝင်း
ဒီရောဂါကတော့ လူအများနဲ့သက်ဆိုင်တဲ့ရောဂါဖြစ်တယ်။လူအများကြားထဲမှာ သွားတဲ့အခါ မျက်နှာဖုံးစွပ်ထားတာမျိုး ပြီးရင် အလုပ်ကိစ္စမရှိဘဲ အကြောင်းမဲ့သက်သက်သွားတာမျိုး ဒီရက်ပိုင်းမှာ ရှောင်နေသင့်တယ်။ ဖြစ်လာပြီဆိုရင် ကုသတာထက် မဖြစ်ခင်မှာ ကြိုတင် ကာကွယ်တာ အထိရောက်ဆုံးပဲ။ ဒီ H1N1 ဆေးတလုံးက ဘန်ကောက်မှာဆိုရင် ၈ သောင်းလောက်ရှိတယ်။ကုသစရိတ်များတဲ့အတွက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာကတော့ အထိရောက်ဆုံး ဖြစ်လိမ့်မယ်လို့ မကြီးစန်းကတော့ အဲဒီလိုမျိုးယူဆပါတယ်။
အဆိုတော် နီနီခင်ဇော်
H1N1 အတွက်အားလုံးစိုးရိမ်နေကြမယ်ထင်ပါတယ်။ “Prevention is better than Cure” SuperRed ကနေ နီနီ တတ်နိုင်တာလေး Awareness လုပ်ပေးပါ ရစေ။ တကယ်တော့ N95 Mask ကတော့ ပိုကောင်းပါလိမ့်မယ်။အခု လူထူထပ်တဲ့နေရာလေးတွေ Junction City လိုနေရာလေးတွေမှာ SuperRed Team များက Mask Campaign လုပ်ပေးနေပါတယ်။ အားလုံး ရောဂါအန္တရာယ်များမှကင်းဝေးနိုင်ပါစေ။