အင်္ဂလန် ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ အသင်းတွေ ဖြစ်တဲ့ နယူးကာစတယ်နဲ့ ဘရိုက်တန်တွေ အကြောင်းကို ပြောပြီးပါပြီ။ အခု တတိယမြောက် တန်းတက် အသင်းလည်း ဖြစ်တဲ့ ဟပ်ဒါဖီးလ်အကြောင်း ပြောပြပါမယ်။
အသင်းရဲ့ အရှည်ကောက် အမည်ကတော့ Huddersfield Town Association Football Club ဖြစ်ပြီး အင်္ဂလန် အနောက်ပိုင်း ဟပ်ဒါဖီးလ်မှာ အခြေစိုက်ထားတဲ့ အသင်းပါ။ ပြီးခဲ့တဲ့နှစ် အင်္ဂလန် ချန်ပီယံရှစ်မှာ ချန်ပီယံ နယူးကက်စတယ်၊ ဒုတိယနေရာက ဘရိုက်တန် ပြီးတော့ ဟပ်ဒါဖီးလ် အသင်းက ရှုံးထွက် အနေနဲ့ ကန်ပြီး အနိုင်ရ တန်းတက်လာတာ ဖြစ်ပါတယ်။
အမဲလိုက်ခွေးများ (The Terriers) လို့ လူသိများပါတယ်။ John Smith’s Stadium ကို အိမ်ကွင်း အဖြစ် လက်ခံ ကစားပါတယ်။ ပရိတ်သတ် ၂၄၅၀၀ ဝင်ဆံ့ပါတယ်။ နည်းပြ အဖြစ် လက်ရှိမှာ David Wanger က တာဝန်ယူထားတာ တွေ့ရပြီး အရင်နှစ်ကတော့ ချိန်ပီယံရှစ်မှာ အဆင့် ၅ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။
အိမ်ကွင်း ဝတ်စုံ အနေနဲ့ အကျႌအဖြူ၊ အပြာစင်းနဲ့ ဘောင်းဘီ ခြေအိတ်အဖြူ ဝတ်ဆင် ကစားပါတယ်။ အဝေးကွင်းမှာတော့ အနီ၊ အနက်အကြား အကျႌနဲ့ ဘောင်းဘီအနီ၊ ခြေအိတ်အနီ၊ အနက်အကြား ဝတ်ဆင် ကစားပါတယ်။
Huddersfield Town A.F.C အသင်းကို ၁၉၀၈ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က တည်ထောင်ခဲ့တာ ဖြစ်လို့ မကြာခင်မှာ အသင်းဟာ သက်တမ်း ၁၀၉ နှစ် ပြည့် တော့မှာ ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ပြိုင်ဖက်ကတော့ အင်္ဂလန် ဘောလုံး အသင်းတွေထဲမှာ လက်ရှိ ဆယ်စုနှစ် အတွင်းမှာ ရလဒ် မကောင်းပေမယ့် ယခင်က သြဇာကြီးမားတဲ့ လိဒ်ယူနိုက်တက်နဲ့ အဓိက ပြိုင်ဖက်တွေပါ။ ၆၁ ပွဲထိအောင် တွေ့ဆုံထားဖူးပြီး ဟပ်ဒါဖီးလ်က ၂၅ ပွဲနိုင်၊ သရေ ၁၇ ပွဲနဲ့ လိဒ်က ၁၉ ပွဲပဲ နိုင်ထားပါတယ်။
အခြား ဟပ်ဒါဖီးလ်ရဲ့ ပြိုဖက်တွေကတော့ ဘရက်ဖို့၊ ဘန်စလေ၊ မန်းစီးတီး အသင်းတွေပါ။ ဒီနှစ် ပရီးမီးယားလိဂ်မှာတော့ မန်းစီးတီးနဲ့ပဲ ကစားရဖို့ ရှိနေတာ ဖြစ်ပြီး အရင်က First Division မှာ ပြိုင်ဖက်တွေ ဖြစ်ဖူးတာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန် တာ ဖြစ်ပါတယ်။
အသင်းရဲ့ အောင်မြင်မှု ဆိုရင် အခုတော့ ပရီးမီးယားလိဂ် တန်းတက် အသင်း ဖြစ်လာပြီး ယခင်က First Division မှာ ၁၉၂၄၊ ၁၉၂၅ ခုနှစ်နဲ့ ၁၉၂၆ ခုနှစ်တွေမှာ ၃ နှစ်ဆက်တိုက် ချန်ပီယံ ရယူခဲ့ပါတယ်။ အင်္ဂလန် အမှတ်ပေးပြိုင်ပွဲ သမိုင်း တလျှောက် ပထမဆုံး ၃ ကြိမ်ဆက် ရယူနိုင်တဲ့ အသင်း အဖြစ် မှတ်တမ်းဝင်ထားပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ ဒုတိယ နေရာကို ၁၉၂၇၊ ၁၉၂၈ နဲ့ ၁၉၃၄ ခုနှစ်တွေမှာ ရထားသလို တတိယ နေရာကိုတော့ ၁၉၂၃ ၊ ၁၉၃၆ နဲ့ ၁၉၅၄ ခုနှစ်တွေမှာ ရရှိထားပါတယ်။
အသင်းရဲ့ အဆိုးဝါးဆုံး ကာလတွေက ၂၀၀၅ ခုနှစ် ဝန်းကျင် ဖြစ်ပြီး၊ ၂၀၀၄ ခုနှစ်ကဆိုရင် စတုတ္ထတန်း အဆင့်ထိအောင် ဆင်းကစားရတာ တွေ့ရပြီး အဆိုပါ နှစ်မှာပဲ Play-Off ပွဲမှာ နိုင်ပြီး တတိတန်းကို ပြန်တက်လာသလို နောက်ပိုင်း ရလဒ် ကောင်းတွေနဲ့ အတူအခုလို ပရီးမီးယားလိဂ်မှာ တန်းတက် ကစားခွင့် ရလာတာပါ။
ဖလားတခုချင်း ပွဲစဉ်တွေမှာလည်း ၁၉၂၂ ခုနှစ်က FA ဖလားရခဲ့သလို ၁၉၂၀၊ ၁၉၂၈၊ ၁၉၃၀ နဲ့ ၁၉၃၈ တွေမှာ ဒုတိယ၊ ၁၉၂၉ နဲ့ ၁၉၃၉ တွေမှာ ဆီမီးဖိုင်နယ်ထိ ရောက်ကစားနိုင်ခဲ့ပါတယ်။ FA Charity Shield ကိုလည်း ၁၉၂၂ က ရဖူးတာ တွေ့ရ့ပါတယ်။
Ref: www.en.m.wikipedia.org