Lifestyle

ကူကယ်ရာမဲ့ တိရစ္ဆာန်လေးများ အတွက် နွေးထွေးခိုလှုံရာ “ရွှေနှလုံးသား” ဂေဟာ

Want create site? Find Free WordPress Themes and plugins.

ခြံထဲသို့ ဝင်လိုက်သည်နှင့် ခွေးဟောင်သံအချို့ ကြားရသည်။ နောက်တော့ လူဟန့်သံ ကြားရပြီး ငြိမ်သက်သွားသည်။ ခြံထဲကို ရောက်တော့ အံဩစရာက ဆီးကြိုနေသည်။ ရာနှင့်ချီ ရှိနေသည့်ခွေးများ။ ဟောင်သံနှင့် စာလျှင် များပြားလွန်းလှ သည့် အရေအတွက်။ သို့သော်လည်း ခွေးအားလုံးက သန်သန်စွမ်းစွမ်း မဟုတ်။ အချို့က ခြေနှစ်ချောင်းပြတ်၊ အချို့က အောက်ပိုင်းသေ ဘဝ၊ အချို့ကတော့ မျက်စိ မမြင်ရှာ။ ပေါင်းစုံသော ရောဂါများ ရှိသည့် ခွေး ကြောင်တို့ကို တနေရာတည်းတွင် စောင့်ရှောက်ထားသည့် နေရာလေးတခု။

မင်္ဂလာဒုံမြို့နယ်၊ လေးထောင့်ကန် စံပြကျေးရွာ၊ ရွှေနံသာအုပ်စုတွင် တည်ရှိသော အဆိုပါ တိရစ္ဆာန် ကယ်တင် စောင့်ရှောက်ရေး ဂေဟာ၌ လက်ရှိ ခွေးကောင်ရေ ၃၅၀ နှင့် ကြောင် ကောင်ရေ ၇၀ ကို ကယ်တင် စောင့်ရှောက် ထားပြီး ကောင်ရေ ထက်ဝက်ခန့်မှာ အရေပြားဝဲစွဲ ကင်ဆာ၊ အကျိတ်ရောဂါ၊ အောက်ပိုင်းသေ၊ မျက်မမြင်၊ အရိုးကင်ဆာနှင့် ရထား၊ ကားတိုက်ခံရသောကြောင့် ခြေ လက် နှုတ်သီး ပြတ်နေသည့် တိရစ္ဆာန်လေးများ ဖြစ်ကြသည်။ ဂေဟာသည် အုတ်တံတိုင်း ခတ်ထားသည့် ခြံဝင်းအတွင်း တည်ရှိကာ အဆောင် ၁၃ ဆောင် တည်ဆောက်ထားပြီး တိရစ္ဆာန် လေးများ စောင့်ရှောက်ရန် ဝန်ထမ်း ၁၀ ဦး ခန့်ထားသည် ဟု သိရသည်။

“မြောက်ဥက္ကလာပ ဘုန်းကြီးလမ်းထိပ်မှာ ခွေးလေးတကောင် တကိုယ်လုံး အရေပြားကင်ဆာ ဖြစ်နေပြီး ပြုပ်တွေထ၊ ပြည်တွေ တည် ဝဲတွေ စွဲပြီး သနားလို့ အဲ့ဒီခွေးလေးဆီကို ဆရာဝန် ပင့်ပြီး ဆေးသွားထိုး ပေးတယ်။ နောက်ပိုင်းမှာ အဲ့ဒီခွေးလေး အရေပြားရောဂါတွေ ပျောက်ပြီး နေကောင်းသွားတယ်။ နေကောင်းသွားပေမယ့် ဆယ်ဘီးကား ကြိတ် ခံရလို့ သေသွားတယ်။ မျက်လုံးက ကန်းနေတာကိုး။ အဲ့ဒီနောက်ပိုင်း အောက်ပိုင်း သေနေတဲ့ ခွေးလေးတွေ၊ ဒုက္ခိတခွေးလေးတွေ၊ လူပြုစုစောင့်ရှောက်မှု ခံမှ အသက်ရှင်နိုင်မယ့် အကောင်လေးတွေကို ကျမခြံထဲ ခေါ်ထားရာကနေ တဖြည်းဖြည်း ကောင်ရေများလာပြီး ဒီလို ဂေဟာလေး ထောင်ဖြစ်သွားတာပါ” ဟု Golden Heart Animal Rescue တိရစ္ဆာန် စောင့်ရှောက်ရေးဂေဟာ ဦးဆောင် ဖွင့်လှစ်ထားသော မနှင်းဆီမြင့်က ပြောသည်။

ခွေးများကို နံနက် ၉ နာရီတွင် ၁ ကြိမ၊် ညနေ ၅ နာရီတွင် ၁ ကြိမ ်ထမင်းကျွေးပြီး အလှူရှင်ရှိသည့် နေ့များတွင် နေ့လယ် ၁ နာရီ ၌ ပူတင်းပေါင်မုန့် ကျွေးကြောင်း၊ တကြိမ်လျှင် ပူတင်းပေါင်မုန့် အလုံး ၄၀၀ ခန့် လိုအပ်ကြောင်း သိရသည်။ အဆိုပါ ဂေဟာတွင် ၁ ရက်လျှင် ပုံမှန်ကုန်ကျစရိတ် ကျပ် ၁ သိန်းခွဲမှ နှစ်သိန်းကြား ကုန်ကျပြီး နံနက်စာနှင့် ညစာ အတွက် ဆန် ၁ အိတ်စီဖြင့် တရက်လျှင်ဆန် ၂ အိတ် ကုန်ကျသည်ဟု ဆိုသည်။ နေ့စဉ် ငါးတန် ၅ ပိဿာ ၄၀ ကို အသီး အရွက်များနှင့် ရောချက်ကာ ထမင်းနှင့် ခွေးစာ ခြောက်များ ထည့်ပြီး နယ်ဖတ် ကျွေးခြင်း ဖြစ်သည်။ ကြောင်များကိုမူ ကြောင်စာ ခြောက်များ လိုသလောက် စားသောက်စေသည် ဟု ဆိုသည်။

“တခါတလေကျတော့ ကားကြိတ်တာ၊ ရထားကြိတ်တာကြောင့် ခြေပြတ်၊ လက်ပြတ် ခွေးလေးတွေ ရောက်လာကြတယ်။ သွေသံ တရဲရဲနဲ့ အရိုးတွေ ကျိုးကြေနေတဲ့ အခါကျတော့ ခွဲခန်း တန်းဝင်ဖို့ လိုတယ်လေ။ ခွဲခန်းဝင်လို့ ခြေထောက် တချောင်းလောက် ဖြတ်ရရင် ၁ သိန်းလောက်ကုန်တယ်။ ရန်ပုံငွေ ပြတ်တဲ့ အခါ အဲ့ဒီလို ကြုံရင် သူငယ်ချင်း မိတ်ဆွေတွေကိုု အကူအညီ တောင်းရတာလည်း ရှိတယ်။ တခါတလေ မိဘတွေဆီက ယူပြီး ကုပေးရတာ မျိုးလည်း ရှိတယ်။ အစ်မတို့ Facebook Pages မှာ တင်ပြီး အလှူခံရတာမျိုးလည်း ရှိတယ်” ဟု မနှင်းဆီမြင့်က ဆက်လက် ပြောပြသည်။

ကုသရန် လိုအပ်သည့ ်ရောဂါ ဖြစ်ပွားနေသော ခွေးနှင့်ကြောင်များကို တိရစ္ဆာန်ဆေးကုခန်းများသို့ နေ့စဉ် သွားရောက် ပြသကာ တိရစ္ဆာန် ဆေးကုခန်း ၅ ခုဖြင့် ချိတ်ဆက် ကုသလျက် ရှိပြီး ၁ ပတ်လျှင် ၁ ကြိမ်ကျ ဂေဟာသို့ ဆရာဝန်ပင့်၍ု လည်း ကုသပေးကြောင်း သိရသည်။ ရောဂါကုသဆဲ ခွေးများကို တကောင်လျှင်လှောင်အိမ် တခုစီဖြင့် သီးသန့်ထားရှိပြီး လှောင်အိမ် ၅၀ ခန့်ရှိသည်။ ရောဂါပျောက်ကင်းသည့် ခွေးနှင့် ကြောင်များကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့် ရောဂါ ၅ မျိုးပေါင်း ကာကွယ်ဆေး ထိုးပေးပြီး ပြုစုစောင့်ရှောက်သည့် ဝန်ထမ်းများကိုလည်း ခွေးရူးပြန်ကာကွယ်ဆေးများ ထိုးနှံပေး ထားသည် ဟုသိရသည်။

“မိဘတွေက သံရည်ကျို၊ ကြေးရည်ကျို လုပ်တော့ ခြံဝင်းကျယ်ထဲမှာ လမ်းဘေးခွေးတွေ မွေးထားတယ် ဆိုတော့ ငယ်ငယ်ကတည်းက လမ်းဘေးခွေးနဲ့ ကိုယ်နဲ့က မစိမ်းဘူး။ တဆွေလုံး တမျိုးလုံး အဖေရော အမေရော လမ်းဘေးခွေးကို ချစ်ကြတယ်။ ငယ်ငယ်က သမိုင်းကနေ မြေနီကုန်း စိန့်ဖလော်မီနာ ကျောင်းကို သွားတက်ရတယ်။ ကျောင်းသွား ကျောင်းပြန်မှာ ကားတိုက်ခံရတဲ့ ခွေးလေးတွေ တွေ့ရင် ကျမ အနွေးထည်အကျႌလေးနဲ့ ထုပ်ပြီး အိမ်ကို ခေါ်လာတယ်။ ခိုလေးတွေ တောင်ပံကျိုးတာ တွေ့ရင် အိမ်ကိုခေါ်လာတယ်။ ငယ်ငယ်လေးကတည်းက ဝါသနာပေါ့ နော်။ အိမ်မှာ ဆို ခွေး ၁၂ ကောင် ၁၅ ကောင်လောက် ရှိတယ်။ ပထမတော့ တနိုင်ပဲ ကိုယ့်အနီးနားက ခွေးလေးတွေပဲ လုပ်ပေးနိုင်တယ်။ ဂေဟာဖွင့်ပြီး နောက်ပိုင်း ဒေါပုံ၊ သန်လျင်၊ ပဲခူး၊ နေပြည်တော်၊ ပျဉ်းမနား နယ်စုံက ကလေးတွေ ကယ်ဆယ်မှုကို ကိုယ် လုပ်နိုင်သလောက် လုပ်ပေးပါတယ်။ အရင်ကဆို ခွေးကားတိုက်ခံရတယ် ကြားတာနဲ့ ချက်ချင်းနီးပါး သွားလုပ်ပေးနိုင် တယ်။ ဂေဟာမှာလည်း ခွေးက အကောင် ၃၀၀ ကျော်နေပြီ ဆိုတော့ ဂေဟာက ဟာတွေကို အစာကျွေး၊ ဆေးတိုက် ဆေးလိမ်း ဆေးခန်းပို့ ပြီးမှ အပြင်ထွက်ဖို့ အချိန်ရှိတော့တယ်။ ညဆို ၇ နာရီ ၈ နာရီမှ အားတယ်။ အဲ့ဒီ အချိန်တွေမှာ ကြားရင် သွားဖြစ်တယ်။ အိမ်က သမိုင်းလမ်းဆုံ ဗဟိုလမ်းဘက်မှာ ဘုရားပစ္စည်းတွေ ရောင်းတယ်။ ကျမမှာ ကိုယ်ပိုင် အချိန် သိပ်မရှိဘူး။ ဂေဟာမှာပဲ နေရတယ်။ မအားတော့ အိမ် မပြန်ဖြစ်ဘူး။ ဒီမှာပဲ နေတာ ၁ နှစ်ကျော်သွားပြီ” ဟု မနှင်းဆီမြင့်က ပြောသည်။

အများပြည်သူများ အနေဖြင့် ခွေး၊ ကြောင် စသည့် တိရစ္ဆာန်လေးများ ကားတိုက်၊ ရထားတိုက် ဒဏ်ရာ အနာတရ ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် Golden Heart Animal Rescue ဂေဟာသို့ အကြောင်းကြား ပေးပါက လာရောက် ကယ်ဆယ်မည် ဖြစ်ကြောင်းနှင့် ဂေဟာသို့လည်း လာရောက်ပို့ဆောင်ပေးနိုင်ကြောင်း သိရသည်။

ဂေဟာရှိ တိရစ္ဆာန်လေးများမှာ လူများနှင့် ယဉ်ပါးပြီး အနုပညာရှင်များလည်း လာရောက်လှူဒါန်းသည်ကို တွေ့ရသည်။ Golden Heart Animal Rescue ဂေဟာသို့ သွားရောက်လေ့လာ လိုသူများ၊ လှူဒါန်းလိုသူများနှင့် လမ်းဘေး ကူကယ်ရာမဲ့ ဒုက္ခရောက် တိရစ္ဆာန်လေးများ ကယ်ဆယ်ပေးလိုသူများ အနေနဲ့ ဖုန်း ၀၉ ၂၅၀ ၃၅၉ ၀၄၄ နှင့် ၀၉ ၃၂၂ ၄၁၆ ၉၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading