Lifestyle

လွမ်းဖွယ့် အညာဘူတာရုံ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရဲ့မြောက်မြားလှစွာသော ဘူတာရုံတွေထဲက ဘူတာရုံလေးတရုံအကြောင်း မိတ်ဆွေတို့ကို ပြောပြချင်ပါတယ်။

တမာပင်ကြီးတွေ အုံ့ဆိုင်းနေတဲ့ တောဘူတာရုံလေးက မြို့ကြီးပြကြီးက ဘူတာရုံတွေလို ခရီးသည်တွေ ကျိတ်ကျိတ်တိုး စည်ကားနေတာတော့မဟုတ်ဘူး။ ဈေးသည်တွေ အော်ဟစ်ဆူညံမနေဘူး။ တနေ့လုံးနေမှ မီးရထားနှစ်စင်းလောက်သာ ဖြတ်တယ်။

မီးရထား မဖြတ်တဲ့အချိန်တွေဆို တိတ်ဆိတ်ငြိမ်သက်နေတာက တောရ ကျောင်းလေးတကျောင်းလိုပဲ။ ဘူတာရုံ အ ဆောက်အဦက အုတ်တိုက်ဝါဝါ တထပ် အဆောက်အဦလေးသာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘူတာရုံလေးရဲ့သက်တမ်းက မနည်းတော့ဘူး။ ဘူတာဝင်းထဲမှာရှိတဲ့ တချို့အဆောက်အဦတွေက ကိုလိုနီခေတ်ဗိသုကာတွေ ဖြစ်ကြတယ်။


ဘုတလင်နယ်သား စာရေးဆရာ၊ သတင်းစာဆရာ နိုင်ငံရေးသမား ဦးသိန်းဖေမြင့်က သူ့ရဲ့စာတွေထဲမှာ ဘုတလင်ဘူတာ ရုံလေးအကြောင့် ထည့်ရေးလေ့ရှိတယ်။

“ရန်ကုန်ကျောင်းသွားတက်တော့ အမေ မီးရထားဘူတာလိုက်ပို့သည်ဟု အမှတ်ရသေးသည်။ အမေ့မှာ တမာပင်လေးကို မှီလျက် ညှိုးငယ်သော မျက်နှာငယ်နှင့် ကျနော့်ကို ကြည့်နေပါသည်။ ရထားလူကျပ်သဖြင့် ကျနော့်မှာ ပြတင်းပေါက်တည့် တည့်တွင် နေရာမရ ဖြစ်လေရာ အမေ့အားမျက်နှာကို ပြည့်ဝစွာ မပြနိုင်လေပါ။ အမေကား အားမလို အားမရ ဖြစ်နေ၏။”

ဆရာ ဦးသိန်းဖေမြင့်ရဲ့ဘုတလင်ဘူတာရုံမှာ သားဖြစ်သူကို ဘူတာလိုက်ပို့တဲ့ အဖွဲ့အနွဲ့ဖြစ်ပါတယ်။ ဦးသိန်းဖေမြင့် ရန် ကုန်တက္ကသိုလ်မှာ ကျောင်းတက်ချိန်ဖြစ်လို့ ၁၉၃၆ခုနှစ်ဝန်းကျင် ဖြစ်နိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း(၈၀)နဲ့ ဒီနေ့ ဘုတလင်ဘူတာရုံလေးက ဘာတွေ ကွာခြားသွားပြီလဲ။ ဘာတွေ ပြောင်းလဲသွားပြီလဲ သိဖို့ ၂၀၁၇ ခုနှစ် မေလ နောက်ဆုံးပတ်မှာ ဘုတလင်ဘူတာဆီ သွားခဲ့ကြပါတယ်။

ဘူတာရုံထောင့်က တမာပင်ကြီးအောက်မှာ ခြေပစ်လက်ပစ် အေးအေးလူလူ ထိုင်နေသူက ဘုတလင်မြို့နယ် ညောင်ကန် ရွာ သားကိုသိန်းငွေ ဖြစ်ပါတယ်။ ဒီတမာပင်က ဦးသိန်းဖေမြင့်ကို ဘူတာရုံ လိုက်ပို့တဲ့ သူ့အမေမီခဲ့တဲ့ တမာပင်များ ဖြစ် လေမလား မသေချာပါ။ တမာပင်ကြီးက လူကြီး သုံးလေးယောက် ဖက်စာရှိတယ်။

ကိုသိန်းငွေနဲ့ သူ့ရွာအကြောင်း အလာပသလ္လာပ ပြောဖြစ်ကြတယ်။ ကိုသိန်းငွေက လူကြုံ ရထားနဲ့တင်ပေးလိုက်မယ့် ငှက် ပျောခိုင်ကို ဘူတာမှာ လာစောင့်နေတာပါ။ ကိုသိန်းငွေက သူ့ရွာသူ အမွှန်းတင်တယ်။ “ကျနော်တို့ ရွာက ညောင်ကန်ဆ ရာတော် ဦးဗုဓ်ရဲ့ဇာတိဗျ။ နန်းမတော် မယ်နု ကိုးကွယ်ခဲ့တဲ့ ဘုန်းကြီးပေါ့”။

ကျနော်က သူ့ရွာအခြေအနေ မေးကြည့်တော့ “ဒီနှစ် ပဲတီစိမ်းတော့ မရကြဘူး။ ကုလားပဲတော့ ရကြတယ်။ ပဲစင်းငုံနဲ့ မြေ ပဲတော့ ကြဲထားတာပဲ။ ရမလား မရဘူးလား ပြောတော့မရဘူး။ အခုမှ ထယ်ရေးလိုက်ကြတုန်းရှိသေးတာ။ ကျနော်က ရှမ်း ပြည်ဘက်က အချိုခြောက်စက်ရုံမှာ သွားလုပ်တာ။ အခု လုပ်ငန်းသိမ်းချိန်မို့ ပြန်လာတာ။ ရွာက လူငယ်တွေကတော့ ထန်းတက်ရင်တက် ထန်းမတက်ရင် ဖားကန့် တက်ကြတာပဲ”။

ဘုတလင်ဘူတာရုံက ကိုလိုနီခေတ် ဘူတာရုံအဟောင်းလေးပါပဲ။ သုံးခန်းပတ်လည် တထပ် အုတ်ကာသွပ်မိုး အဆောက် အဦလေးပါ။ ထည်ထည်ဝါဝါ ခမ်းခမ်းနားနား မရှိပေမယ့် သပ်သပ်ရပ်ရပ်တော့ ရှိတယ်။ ဘူတာရှေ့မှာ ပန်းစက္ကူရုံလေးရှိ တယ်။ စိန်ပန်းပင်ကြီးတွေက အညာနေရောင်အောက်မှာ ရဲပတောင်းခတ်အောင် ပွင့်နေကြတယ်။ ဘူတာရုံရဲ့လက်ဝဲ ဘက်ထောင့်မှာ အုတ်ရေချမ်းစင်ရှိပြီး ကုသိုလ်ရှင် ဘယ်သူမှန်း မသိရဘူး။ အခိုင်အမာဆောက်လုပ်ထားတဲ့ အုတ်ရေချမ်း စင်ကို ထုံးဖွေးဖွေး သုတ်ထားပြီး ရေအိုးတွေ ရေအပြည့်ဖြည့်ထားတယ်။

မီးရထားဝန်ထမ်းအိမ်အချို့ ကိုလိုနီခေတ်လက်ရာအတိုင်း ရှိနေသေးတယ်။ ဘူတာရုံအတွင်းမှာလည်း သွားနိုင်တဲ့ ခရီးစဉ် တွေကို ဗီနိုင်းနဲ့ ချိတ်ဆွဲထားတယ်။

မီးရထားလက်မှတ်ဝယ်ယူရာမှာ အပိုကြေးပေးရန် မလိုတဲ့အကြောင်း ဘူတာမှာ ကြေ ညာထားတယ်။

ဘုတလင်ဘူတာရုံလေးထဲမှာ အေးအေးဆေးဆေးထိုင်နေတဲ့ ခရီးသည်တယောက်ရှိတယ်။ အသက် (၆၀)ကျော်အရွယ် အညာသားကြီးတယောက်ပါ။ သူက မီးရထားနဲ့ ပြန်လာတဲ့ ခရီးသည်တယောက်ဖြစ်တယ်။ သားရေလက်ဆွဲအိတ်လေး ဘေးချပြီး ဘူတာထဲက ဝါးကွပ်ပျစ်ပေါ်မှာ ထိုင်နေတာပါ။

“နာမည် ဘယ်လိုခေါ်ပါသလဲဗျ။ ဘယ်ဇာတိလဲ”

“သန်းမြင့်ပါ။ ထူးကြီးရွာ(ဘုတလင်မြို့နယ်ထဲက) ဇာတိပါပဲ။

“ဘယ်က ပြန်လာတာလဲဗျ”
“ခင်ဦးက ပါဗျာ”
“အလုပ်ကိစ္စနဲ့ သွားတာလား”
“မဟုတ်ပါဘူး။ ချွေးမနဲ့ မြေးလေး အလည်လာကြလို့ သူတို့အပြန်လိုက်ပို့တာပါ”
“ခင်ဦးနဲ့ ဘုတလင် ကားလိုင်းတွေ ရှိတယ်မဟုတ်လား။ ဘာကြောင့် ရထားနဲ့ သွားရတာလဲဗျ”
“ကားလိုင်းတွေကတော့ ရှိတာပေါ့။ ချွေးမက ကားစီးရင် ခေါင်းမူးတတ်တော့ ရထားနဲ့လာတာလေ။ ဒီတခေါက် မြေး ကလည်း ပါလာတော့ လိုက်ပို့ရတော့တာပဲ”
“ခင်ဦးမှာ ဘယ်နှရက်နေခဲ့သေးလဲ”
“မနေတော့ပါဘူး။ သူတို့ပို့ပြီးတာနဲ့ အစုန်ရထားနဲ့ ပြန်လိုက်လာတာပဲ”
“ရထားနဲ့ကားခ ဘယ်ဟာက သက်သာသလဲဗျ”
“ရထားကတော့ တယောက်မှ ကျပ် ၅၀၀ ပဲပေးရတယ်။ ကားခကတော့ တယောက် ကျပ် ၁၀၀၀ လောက်ကျမယ်။”

ဦးသန်းမြင့်က သူ့ရွာက လာကြိုမယ့်ဆိုင်ကယ်ကို စောင့်ရင်း ကျနော်နဲ့ စကားပြောဖြစ်တယ်။ သူ့ရွာက ဘုတလင်မြို့နဲ့ အ နည်းငယ်လှမ်းပြီး ဆိုင်ကယ်ခရီး နာရီဝက်သာသာ စီးရတယ်လို့ဆိုပါတယ်။ မိရိုးဖလာ တောင်သူလုပ်ငန်း လုပ်ကိုင်တဲ့ တောသူတောင်သားတယောက်သာဖြစ်ပါတယ်။

ပဲစင်းငုံနဲ့ နှမ်းတွေ စိုက်ထားတဲ့အကြောင်း မနှစ်က ပဲစင်းငုံအထွက် တိုးပေမယ့် ဈေးမရတဲ့အကြောင်း၊ အရင်နှစ်တွေက ပဲစင်းငုံ ဈေး ကျပ် ၄၀၀၀၀ ကျော်ခဲ့ပေမယ့် အထွက်တိုးတဲ့နှစ်မှာ ကျပ် ၂၅၀၀၀ သာရခဲ့တဲ့အကြောင်း စီကာပက်ကုံး ပြောပြတယ်။

တကယ်တော့ ဘုတလင်ဘူတာရုံက ခပ်သေးသေးရယ်ပါ။ ခရီးစဉ်လည်း အများကြီး ပြေးဆွဲနိုင်တာ မဟုတ်ပါဘူး။ ဘုတ လင်က မြောက်ဘက်ဆက်သွားရင် ငပရင်း၊ ဆယ်ကြီး၊ ကန်ပြား၊ တင်းတိမ်ရံ၊ ချမ်းသာ၊ ရေဦး၊ အင်းတော်၊ မြစ်တော်၊ ခင် ဦးမှာ ဂိတ်ဆုံးပါတယ်။

ဘုတလင်က တောင်ဘက်ဆက်သွားရင် အလုံနဲ့မုံရွာကို ရောက်မှာ ဖြစ်ပြီး မုံရွာက လမ်းဆုံးဘူတာဖြစ်တယ်။ တနေ့လုံး နေမှ (၅၉) အဆန်နဲ့ (၆၀) အစုန် စုစုပေါင်း ရထားနှစ်စီးသာ ဖြတ်သွားတဲ့ ဘူတာလေးဖြစ်ပါတယ်။

ကားရထား ခရီးစဉ်လည်းရှိပြီး ဒေသခံတွေက ရိုးရိုးရထားကို ရထားကြီးလို့ခေါ်ပြီး ကားရထားကိုတော့ ရထားလေးလို့ ခေါ် ကြပါသတဲ့။ ခရီးသည် တယောက်ကို ဘုတလင်ဘူတာကနေ မုံရွာဘူတာထိ ကျပ် ၂၅၀၊ ရေဦး ဘူတာထိ ကျပ် ၃၅၀၊ ခင် ဦးဘူတာထိ ကျပ် ၅၀၀ ကျသင့်မှာဖြစ်တယ်။

ဘုတလင်ဘူတာရုံက သမိုင်းဝင်ဘူတာရုံမဟုတ်ပေမယ့် အလွမ်းဓာတ်တွေ ပေးစွမ်းနိုင်စွမ်းရှိတယ်။ အညာဒေသ တမာ တောက တောဘူတာရုံလေးဆိုသော်ငြား မေတ္တာတရားတွေ လွှမ်းခြုံထားတဲ့ ဘူတာလေးဖြစ်ပါတယ်။

သူ့မှာ မြို့ကြီးပြကြီး က ဘူတာရုံကြီးတွေလို မခမ်းနား မထည်ဝါပေမယ့် ရိုးဂုဏ်နဲ့ လှပနေတယ်။ ဘုတလင် ဘူတာရုံလေး ထဲမှာ ငယ်ငယ်က သင်ခဲ့ရတဲ့ သင်ပုန်းကြီးဖတ်စာထဲက စာတွေကိုပဲ သတိရနေမိတော့တယ်။

ဤခရီး နီးသလား။
လေးနာရီ လာရ၏
မီးရထား စီးလာပါ။
အလကား မစီးရ။

Did you find apk for android? You can find new Free Android Games and apps.
Loading