ကမ္ဘာတဝှမ်း လျှပ်စစ်ပစ္စည်းလုပ်ငန်းများ ဦးဆောင်နေတဲ့ Philips Lighting (Euronext Amsterdam ticker : LIGHT) မှ မြန်မာနိုင်ငံအတွင်း စွမ်းအင်ချွေတာပြီး အိမ်တွင်း၊ အိမ်ပြင် သုံးစွဲနိုင်တဲ့ လျှပ်စစ်ကုန်ပစ္စည်းအသစ်များကို ယနေ့၊ ဇူလိုင်လ ၃၁ ရက်နေ့၊ ရန်ကုန်မြို့ Melia ဟိုတယ်မှာ စတင်မိတ်ဆက်လိုက်ပါတယ်။
အသစ် မိတ်ဆက်လိုက်တဲ့ Philips လျှပ်စစ်ကုန်ပစ္စည်းများဟာ သုံးစွဲသူများရဲ့ မျက်လုံးထိခိုက်မှုကို လျော့နည်းအောင် အမြင်အာရုံကို သက်သောင့်သက်သာဖြစ်စေမယ့် နည်းပညာများ ထည့်သွင်းထုတ်လုပ်ထားပြီး စွမ်းအင်ချွေတာမှုကိုလည်း ၈၀ ရာခိုင်နှုန်းအထက် သက်သာစေအောင် ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။
“ကျနော်တို့ ထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေဟာ မျက်လုံးထိခိုက်မှု လျော့နည်းအောင် နည်းပညာများနဲ့ ထုတ်လုပ်ထားပြီး ဒီနည်းပညာက မြန်မာနိုင်ငံအတွက်တင် မျက်စိနဲ့ ပတ်သက်ပြီး စောင့်ရှောက်ဖို့ လိုအပ်တာ မဟုတ်ပါဘူး။ တကမ္ဘာလုံးအတွက် တကယ်ကို အရေးကြီးပါတယ်။ အခုလို နည်းပညာခေတ်မှာ အားလုံးက နည်းပညာရဲ့ သက်ရောက်မှုကို ခံရပါတယ်။ ဒီလိုမျိုးမဖြစ်အောင် ကျနော်တို့က တီထွင်ထုတ်လုပ်ထားပါတယ်” လို့ Philps Lighting in Singapore, Malaysia & Exports ရဲ့ Managing Director and Cluster Leader ဖြစ်သူ Mr.Alok Ghose က ပြောပါတယ်။
ဆက်လက်ပြီး “ကျနော်တို့ ထုတ်လုပ် တီထွင်ထားတဲ့ အလင်းရောင်တွေက ကလေးတွေပဲ ဖြစ်ဖြစ်၊ လူကြီးတွေပဲ ဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းသုံး ရုံးသုံး အကုန်လုံး အကျိုးကျေးဇူး ရရှိအောင် အကျိုးပြုပေးအောင် တီထွင် ထုတ်လုပ်ထားပါတယ်။ ကျေးလက်ဒေသတွေမှာလည်း ဒီလို မီး အလင်းရောင်တွေ လိုအပ်ပါတယ်။ ကျေးလက်တွေမှာတင်မကဘဲ လမ်းမီးတွေ၊ စက်ရုံ၊ အလုပ်ရုံ တွေမှာလည်း ဒီအလင်းရောင်ကို အသုံးပြုနိုင်ပြီး မျက်စိ မထိခိုက်တဲ့အတွက် ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်မယ်” လို့ Mr.Alok Ghose က ဆိုပါတယ်။
မြန်မာနိုင်ငံအတွက် အသစ် မိတ်ဆက်လိုက်တဲ့ ကုန်ပစ္စည်းအသစ်များကို ခင်းကျင်းပြသခဲ့ပြီး ပြသခဲ့တဲ့ လျှပ်စစ်ကုန်ပစ္စည်းတွေကတော့ Philips Essential LED Spot Lamp, Philips Ecofit LED Tube, Philips Snow White TLD နဲ့ Philips Downlights အမျိုးအစားများမှ တချို့ကို ပြသခဲ့တာ ဖြစ်ပါတယ်။
Philips လျှပ်စစ်ကုမ္ပဏီဟာ ၁၈၉၁ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီ သက်တမ်း ၁၂၅ နှစ် ကျော်ပြီဖြစ်ပါတယ်။ ကမ္ဘာတဝှမ်း လျှပ်စစ်ပစ္စည်းထုတ်ကုန်၊ လျှပ်စစ်စနစ်နဲ့ လျှပ်စစ်လုပ်ငန်းကို ဦးဆောင်နေပြီး အင်တာနက် ချိတ်ဆက်ထားတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းများ နေအိမ်၊ အဆောက်အဦးများနဲ့ မြို့ပြနေရာများမှာ ဝန်ဆောင်မှုပေးလျက်ရှိတယ်လို့ သိရပါတယ်။