Lifestyle

ရနံ့မွှေးမွှေးနဲ့ ဆေးဖက်လည်းဝင်တဲ့ ပန်းခရေ

Want create site? Find Free WordPress Themes and plugins.

ဇွန် ဇူလိုင်မှာ ပွင့်တဲ့ ပန်းခရေတွေက ပင်ယံထက်မှာလည်း မွှေးသလို မြေပြင်မှာ ကြွေသက် ကြဲပြန့် နေရင်လည်း ရနံ့ မပြယ်တဲ့ အပြင် အံ့သြစရာ ကောင်းလောက်အောင် ခရေခေါက်၊ ခရေသီးနဲ့ ခရေစေ့တွေက ဆေးဘက်ဝင်တဲ့ အကြောင်း ပြောပြပါမယ်။

ခရေပင်ကို ‘ခယားပင်၊ ချယားပင်’ စသဖြင့်လည်း ခေါ်ပါတယ်။ ခရေပင်ဟာ မြန်မာနိုင်ငံမှာ တနင်္သာရီတိုင်းနဲ့ ဗန်းမော်ခရိုင် တွေမှာ အလေ့ကျပေါက်တတ်ပြီး တခြား ဒေသတွေမှာတော့ စိုက်ပျိုးကြရပါတယ်။ ခရေပင်ဟာ ပေ ၅ဝ ခန့် အထိ မြင့်နိုင်ပြီး အမြဲစိမ်းအရွက်များ ထူထပ်စွာ ရှိတာကြောင်း အရိပ်အေး ရစေပါတယ်။ ကြီးထွားမှု နှေးကွေးတဲ့ အပင်မျိုး ဖြစ်ပေမယ့် ရနံ့သင်းတဲ့ အပွင့်နဲ့ ကောင်းမွန်အေးမြတဲ့ အရိပ် ရစေတာကြောင့် ဥယျာဉ်ခြံမြေတွေမှာ စိုက်ပျိုးကြတာ တွေ့ရပါတယ်။ ခရေပင်ကို အစေ့ကနေ စိုက်ပျိုးနိုင်ပါတယ်။


ခရေဖိုနဲ့ ခရေမ

အဖိုပွင့် အမပွင့် ၂ မျိုးရှိပြီး အမပွင့်ထက် အဖိုပွင့်က အနည်းငယ်ကြီးပြီး ဖြူပါတယ်။ အမပွင့်က အနည်းငယ် နီကြန်ကြန် ရှိတာ တွေ့ရပါတယ်။ ကဆုန်၊ နယုန်လတွေမှာ အပွင့် ပွင့်ပြီး၊ ဝါခေါင်၊ တော်သလင်း လတွေမှာ အသီး သီးပါတယ်။ ဘဲဥ ပုံ ပုံသဏ္ဌာန် ရှိတဲ့ ခရေသီးတွေရဲ့ အရွယ်က တလက်မခန့် ရှည်ပြီး အစိမ်းရောင်ရှိပါတယ်။ ရင့်မှည့်တဲ့ အခါ လိမ္မော်နီရောင် ပြောင်းသွားပါတယ်။ ခရေသီးရဲ့ အသားက အဝါရောင်ရှိပြီး ဖန်လည်းဖန်၊ ချိုလည်းချိုတဲ့ အရသာ ရှိပါတယ်။ အစေ့က အညိုရင့်ရောင် ရှိပါတယ်။

ခရေပင်ရဲ့ အခေါက်က ပြာမွဲမွဲ အရောင်ရှိပြီး အစိမ်းရောင် အရွက်များက ၃-၄ လက်မခန့် ရှည်ကာ ချောမွတ်ပြောင်လက် နေပါတယ်။

ဖြူဖွေးမွှေးမြနေတဲ့ ခရေပွင့်လေးတွေဟာ ကြယ်ပွင့်လေးတွေနဲ့ ဆင်ဆင်တူတာကြောင့် star flower လို့လည်း ခေါ်ပါတယ်။

ခရေပင်ရဲ့ အခေါက်အောက်က ပင်စည်သားက  နီညစ်ညစ် အရောင်ဖြစ်ပြီး အဆောက်အုံတိုင်၊ ဘီရို၊ တံတား၊ လှည်း၊ လှေနဲ့ ဆန်ထောင်း ကျည်ပွေ့များ ပြုလုပ် အသုံးပြုကြပါတယ်။

ဆေးဘက်ဝင်တဲ့ ခရေ

ခရေပင်စေ့များကို ရေနူးအောင် စိမ်ပြီး ကျိုချက်လိုက်ရင် အကြော အဆစ်ရောင်နာများ ပျောက်ကင်းစေတဲ့ လိမ်းဆေးဆီ ရနိုင်ပါတယ်။

အဆက်မပြတ်သွားနေတဲ့ ဝမ်းရောဂါအတွက် အစေ့ကို ရေအေးနဲ့ သွေးသောက်ခြင်း၊ ခရေသီးအမှည့်ရဲ့ အသားကို စားပေးခြင်းဖြင့် ပျောက်ကင်း စေနိုင်ပါတယ်။


ကလေးများ ချောင်းဆိုးပါက ခရေပွင့်ကို တညလုံး ရေစိမ်ထားပြီး နံနက်ခင်းမှာ အဲဒီ ခရေပွင့် စိမ်ရည်တိုက်ခြင်း အားဖြင့် ချောင်းဆိုး ပျောက်စေပါတယ်။ အပူကြောင့် ဖြစ်တဲ့ မိတ်နာ ယားနာတွေ အတွက်တော့ ခရေပွင့်ခြောက်ကို သနပ်ခါးနဲ့ ရောသွေးပြီး လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။


ခရေပင် အခေါက်ပြုတ်ရည်ကို သောက်ခြင်း၊ အပွင့်ကို ရှူခြင်း၊ အသီးကို စားခြင်းဖြင့် နှလုံးရောဂါ သက်သာ ပျောက်ကင်း စေပါတယ်။ ပါးစပ်မှာ မက်ခရုပေါက်ခြင်း၊ သွားဖုံး ရောင်ခြင်း၊ ပါးစပ် အပူလောင်ခြင်း၊ သွားများ ရေစီးကမ်းပြို ဖြစ်ခြင်း စတဲ့ ခံတွင်းနာ အားလုံး အတွက် ခရေခေါက်၊ ဆီးဖြူခေါက်၊ ရှားခေါက် ၃ မျိုးကို ဆတူရော ပြုတ်ပြီး ပြုတ်ရေကို ငုံပေးခြင်းဖြင့် ပျောက်ကင်း စေပါတယ်။ ခရေအခေါက်ကိုပြုတ်ပြီး အနာဖန်ဆေးရည် အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ။

Ref: www.wikipedia.org 

Did you find apk for android? You can find new Free Android Games and apps.
Loading