ရန်ကုန်မြို့၊ ပြည်လမ်း၊ စိန့်ဂျွန်းမှတ်တိုင် အနီးမှာ တည်ရှိပြီး တခေတ်တခါက နာမည်ကြီး လူသိများခဲ့တဲ့ “စိန့်ဂျွန်းလက်ကားဈေး” နေရာမှာ ယခုအခါ “City Mall St. John” ဈေးဝယ်စင်တာသစ်ကြီး ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
ရန်ကုန်မြိုရဲ့ အချက်အချာကျတဲ့ နေရာမှာ တည်ရှိတဲ့ စိန့်ဂျွန်းဈေးဟာ ယခင် နှစ် ၄၀ ကျော် ကာလအတွင်း လူစည်ကားရာ နေရာတခု ဖြစ်တဲ့ အပြင် ရန်ကုန်မြို့သူ၊ မြို့သားတွေအတွက် ဈေးဝယ်ထွက်ဖို့ အားထားရတဲ့ နေရာ တခု ဖြစ်ပါတယ်။
“၁၉၈၇ ခုနှစ်လောက်မှာ အကြောင်းကြောင်းကြောင့် စိန့်ဂျွန်းဈေးကြီးကို ပိတ်ခဲ့ပါတယ်။ အသက် ၄၀ ကျော်၊ ၅၀ သမားတွေ မှတ်မိမယ် ထင်ပါတယ်။ ၄၀ အောက်သမားတွေကတော့ စိန့်ဂျွန်းဈေး ဘာလဲဆိုတာ သိချင်မှ သိမှာ။ အခုကတော့ ကျနော်တို့ ဒီစိန့်ဂျွန်းဈေးနေရာမှာ City Mall St. John ဆိုပြီး ခေတ်မီလှပတဲ့ အပြင်အဆင် တွေနဲ့ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်” လို့ City Properties Co., Ltd မှ Chief Executive Officer ဦးစိုးမိုးက ပြောပါတယ်။
“အရင်တုန်းက ဒီနေရာမှာ စိန့်ဂျွန်းဈေး ရှိခဲ့စဉ်က ရန်ကုန်မြို့သူ၊ မြို့သားတွေ အတွက် တနေရာတည်းမှာ ပစ္စည်းတွေ စုံစုံလင်လင် ရနိုင်တဲ့ လက်ကားဈေးကြီး ဖြစ်ပါတယ်။ အဲဒီတုန်းက ဆိုရှယ်လစ်ခေတ် ဆိုတော့ ကုန်ပစ္စည်းကို လက်လီဈေးဝယ်သူ လက်ထဲရောက်ဖို့ ဆိုတာ ခက်ခဲတဲ့ ကာလတခု ဖြစ်ခဲ့ပါတယ်။ အခု ကျနော်တို့ ဖွင့်လှစ်မယ့် City Mall St. John ဆိုတာ အရင်တုန်းက စိန့်ဂျွန်းဈေး ရှိတုန်းက တနေရာတည်းမှာ စုံစုံလင်လင် ရနိုင်သလိုပဲ အခုဈေးဝယ်သူတွေကို တနေရာတည်းမှာ စုံစုံလင်လင် ရနိုင်ဖို့ စီစဉ်ထားပါတယ်” လို့ သူက ဆက်လက် ရှင်းပြပါတယ်။
ဈေးဝယ်စင်တာကြီးကို ခေတ်မီဆန်းသစ်တဲ့ ကုန်ပစ္စည်းများ၊ လှပသပ်ရပ်တဲ့ အပြင်အဆင်များနဲ့ တွေ့မြင် ရမှာ ဖြစ်ပြီး စင်တာထဲမှာ Ocean Supercenter၊ JCGV ရုပ်ရှင်ရုံ၊ M Cube မိသားစု ကာရာအိုကေ၊ MoMo Play ခေတ်မီ ကလေးကစားကွင်း၊ “မုန့်ဈေးတန်း” Food Court နဲ့ ခေတ်မီ အဝတ်အစား ဖက်ရှင် ဆိုင်များ၊ အိုင်တီ မိုဘိုင်း နည်းပညာ ပစ္စည်းဆိုင်များ စတဲ့ ဆိုင်တွေ ဖွင့်လှစ်ထားတယ် လို့ သိရပါတယ်။
City Mall St. John ဈေးဝယ်စင်တာကြီးဟာ City Properties Co.Ltd က တာဝန်ယူစီမံခန့်ခွဲတဲ့ ဈေးဝယ်စင်တာ၂၄ ခုမှာ ဧရိယာအားဖြင့် အကျယ်ဆုံးဖြစ်သလို ဆိုင်ခန်းအရေအတွက်လည်း အများဆုံး စင်တာ တခုဖြစ်ပါတယ်။ စင်တာကြီးက ဧရိယာ ၂၉၀ဝ၀ဝ စတုရန်းပေ ကျယ်ဝန်းပြီး မြေအောက် ကားပါကင်နဲ့ အတူ Level အထပ် ၃ ထပ် ရှိပြီး ဆိုင်ခန်းပေါင်း ၉၀ ကျော် ပါဝင်ပါတယ်။City Mall St. John အဆောက်အဦကို Universal Construction Co., Ltd က တာဝန်ယူ တည်ဆောက်ခဲ့တာ ဖြစ်ပြီး City Properties Co., Ltd က တာဝန်ယူ စီမံခန့်ခွဲပါတယ်။ ဈေးဝယ်စင်တာသစ် ဖွင့်ပွဲကို သြဂုတ်လ ၄ ရက်နေ့ မှာ စတင် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ။