ရာသီဥတုပြောင်းလဲမှုဟာ ကမ္ဘာကြီးကို ပျက်စီးစေရုံတင် မဟုတ်ပါဘူး၊ မှီတင်းနေထိုင်နေတဲ့ ကျနော်တို့ လူသားတွေကို လည်း အန္တရာယ်ပေးနိုင်လာပါတယ်၊ အပူလှိုင်းတွေ ထွက်ရှိလာတယ်၊ ရောဂါတွေ ဖြစ်လာတယ်၊ အချို့ တိရိစ္ဆာန်မျိုးတွေ မျိုးတုန်း ကုန်စေတယ်။
နောက်ပြီး အခုလေ့လာချက်အသစ်တွေအရ ဒီနေ့ခေတ် ကမ္ဘာကို ဖုံးလွှမ်းလာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ဟာ ကျနော်တို့ စားသုံး တဲ့ အစားအစာတွေကိုလည်း အာဟာရရှိမှု နည်းလာစေတယ် ဆိုတာပါပဲ။
တကယ်လို့သာ အခုအတိုင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနှုန်း ရှိနေမယ်ဆိုရင် လာမယ့် ၂၀၅၀ ခုနှစ်မှာ နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ ပုံမှန်စားနေကျ သီးနှံနဲ့ ဂျုံတွေထဲမှာ ပါဝင်နေကျ အသားဓာတ်နဲ့ အာဟာရ ပါဝင်နှုန်း ၅ရာခိုင်နှုန်း လျော့ကျ သွားဖို့ ရှိနေတယ်လို့ ဟားဗက်တက္ကသိုလ်ရဲ့ လေ့လာချက်အသစ်အရ သိရပါတယ်။
အဆိုပါ လေ့လာချက် စစ်တမ်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၂ရက်နေ့က ထုတ်ပြန်ခဲ့တာတွေ့ရပြီး စစ်တမ်းအတွင်း လူပေါင်းသန်း ၁၅၀လောက် အနေနဲ့ အသားဓာတ်ချို့တဲ့မှုဒဏ်ကို ၂၀၅၀မှာ ခံစားရဖို့ ရှိနေတယ်လို့ ဆိုထားပါတယ်။
အထူးသဖြင့်တော့ CO2 ပါဝင်မှု များခြင်းကြောင့် သီးနှံတွေမှာ အသားဓာတ် ပါဝင်မှု လျော့နည်းသွားမှာ ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာတော့ ကမ္ဘာပေါ်က လူသား ၇၆ ရာခိုင်နှုန်းကနေ့စဉ် လိုအပ်တဲ့ အသားဓာတ်ကို အပင်တွေကနေ ရယူနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ပါဝင်နှုန်းများလာမှုကအပင်တွေမှာ အသားဓာတ် ဖွဲ့စည်းမှု နည်း လာစေပြီး နောက်ပိုင်းမှာ အာဟာရဖြစ်မှု နည်းသွားစေမှာ ဖြစ်ပါတယ်။
သူတို့ရဲ့လေ့လာချက်မှာ လူတွေ အစားများတဲ့ ဆန်မှာ CO2 ပါဝင်မှုနှုန်းက ၇.၆ရာခိုင်နှုန်း၊ ဂျုံမှာ ၇.၈ရာခိုင်နှုန်း၊ မုယော စပါးမှာ ၁၄.၁ရာခိုင်နှုန်း၊ အာလူးမှာ ၆.၄ ရာခိုင်နှုန်းရှိနေတာ ဖြစ်ပြီး အခုအပင်တွေ အပါအဝင် အခြားအပင်တွေမှာလည်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှု များလာရင် မြေဆီလွှာအတွင်းကနေ နိုက်ထရိတ်စုပ်ယူနိုင်မှု အားနည်းလာစေပြီး အဆိုပါ နိုက်ထရိတ် စုပ်ယူမှု အားနည်းခြင်းက အသားဓာတ် စုဖွဲ့နိုင်မှု အားနည်းလာစေတာလည်း ဖြစ်ပါတယ်။
စိုးရိမ်စရာခန့်မှန်းကတော့ အရှေ့တောင်အာရှနဲ့ မြောက်အာဖရိကမှာရှိတဲ့ အသက် ၅နှစ်အောက် ကလေးငယ် ၃၅၄ သန်းနဲ့ အမျိုးသမီး ၁.၀၆ ဘီလီယံတို့ဟာ အခုကတည်းက အသားဓာတ် ချို့တဲ့မှုဒဏ်ကို ခံစားနေရပြီး နောက်ပိုင်းမှာ ပိုမိုဆိုးရွား လာနိုင်တာလည်း ဖြစ်ပါတယ်။
လက်ရှိကမ္ဘာရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မီသိန်းထုတ်လွှတ်မှုကလည်းလျော့နည်းခြင်း မရှိသေးတာတချက်က ခန့်မှန်းထား သလို အနာဂတ်မှာ အပင်တွေဆီကနေ အာဟာရရရှိနိုင်မှု အားနည်းလာနိုင်နေတာပါ။ ကမ္ဘာ့မျက်နှာပြင် အပူချိန်လည်း မြင့် တက်လာမယ့် အခြေအနေမှာတော့ စိုးရိမ်ဖွယ်ရာပါ။ ရာသီဥတုလည်း ဆိုးရွားလာနိုင်ပြီး ဟာရီကိန်းမုန်တိုင်းတွေ မကြာခဏ ဖြစ်လာနိုင်ပါတယ်။ သီးနှံတွေလည်း ပျက်စီးမှု ပိုလာနိုင်ပါတယ်။
လေ့လာသူတွေကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျော့ချဖို့နဲ့ ထုတ်လွှတ်မှုနည်းနေသေးတဲ့ နိုင်ငံတွေအနေနဲ့ အခြားနိုင်ငံတွေလို ထုတ်လွှတ်မှု မများအောင် ထိန်းသင့်တယ်လို့ အကြံပေးထားပါတယ်။
၂၁၀၀ခုနှစ်မှာ ကမ္ဘာဟာ အခုထက် ၅ရာခိုင်နှုန်း(ပျမ်းမျှ ၂ ဒီဂရီစင်တီဂရီတ်) ပိုပူလာဖို့ ရှိနေပါတယ်။ တချို့ကလည်း အဲဒီ ထက် ပိုနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ဒီတော့ ပတ်ဝန်းကျင် ရာသီဥတုကြောင့်ပဲ ဖြစ်ဖြစ်၊ အပင်တွေကနေ အာဟာရ ရယူနိုင်မှု ကောင်းမွန်အောင်ပဲ ဖြစ်ဖြစ် ဖန်လုံ အိမ်ဓာတ်ငွေ့ခေါ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မိသိန်းထုတ်လွှတ်မှုကို ထိန်းချုပ်ဖို့ လိုအပ်နေပါပြီလို့ ဟားဗက်တက္ကသိုလ် က ပတ်ဝန်းကျင် ကျန်းမာရေးဌာနက Samuel Myers က ပြောထားတာ တွေ့ရပါတယ်။
Ref: www.businessinsider.com