Lifestyle

ကလေးသူငယ် အဓမ္မကျင့် ခံရသည့် တိုက်ရိုက်ရုပ်သံ ကြည့်ရှုတာကြောင့် ထောင်ချခံရတဲ့ ကျောင်းဆရာ

အသက် ၆ နှစ်အရွယ် ယောက်ျားလေး အဓမ္မကျင့်ခံရသော ရုပ်သံဗီဒီယို တိုက်ရိုက်ကြည့်ရှုမှုကြောင့် အသက် ၄၃ နှစ် အရွယ် မူလတန်းကျောင်းဆရာ ဝိန်းဘရုတ်စ်ကို ထောင်ဒဏ် လ နှစ်ဆယ် ချမှတ်ခဲ့ပါတယ်။

အဆိုပါကျောင်းဆရာဟာ အမေရိကားမှ ကလေးသူငယ် လိင်အကြမ်းဖက်မှု ဗီဒီယိုများကို တိုက်ရိုက် ထုတ်လွှင့်ပေးနေတဲ့ တရားမဝင် ဝက်ဆိုက် ၄၅ ခုနဲ့လည်း ချိတ်ဆက်မှု ရှိခဲ့ပြီး၊ ဘရစ်စ်စတိုခရောင်း (Bristol Crown Court) တရားရုံးမှာ အမှုကို ကြားနာရာမှာ ခြောက်လသားအရွယ် ကလေးလိင် အကြမ်းဖက်မှု ရုပ်သံမှတ်တမ်း ကြည့်ရှုရန် ထိုတရားမဝင် ဝက်ဆိုက် များကို အသုံး ပြု ခဲ့ကြောင်းလည်း ပေါ်ပေါက် ခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူ ဝိန်းဘရုစ်ဟာ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း ဆမ္မားဆက် ပြည်နယ် ဝက်စ်စတန် စူပါမဲရ် (Weston-super-Mare) မြို့မှာ နေထိုင်ပါတယ်။ ကလေးသူငယ် ဆိုင်ရာ မဖွယ်မရာ ရုပ်ပုံုများ ပြုလုပ်သည် ဆိုတဲ့ စွပ်စွဲချက် ၄ ခုကိုလည်း သူက ဝန်ခံသွားပါတယ်။ သူကဲ့သို့ ကလေးသူငယ်များ အပေါ် ကာမစိတ် ရှိသူ တယောက်နှင့် ချိတ်ဆက်မိပြီး ထိုသူပေးသော လျှို့ဝှက် ဂဏန်း ၁၀ လုံးဖြင့် တရားမဝင် အွန်လိုင်းချက်တင် များကို အသုံးပြုကြောင်း တရားရုံးမှာ ကြားနာပေါ်ပေါက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံတွင်လည်း ကလေးသူငယ် တယောက်ကို အဓမ္မကျင့်ပြီး ရုပ်သံလွှင့်တင်ခဲ့သူ တဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ က ဖမ်းဆီးရမိခဲ့ပြီး နှစ် ၃၀ ထောင်ဒဏ်ချမှတ်ခဲ့သည်။

ကျောင်းဆရာ အလုပ်ကို ဆယ်နှစ် လုပ်ကိုင်ခဲ့တဲ့ ဘရုစ်ဟာ တရားမဝင် အွန်လိုင်း ချက်တင်တွေမှာတော့ ဝက်ဝံ (Bear) ဆိုတဲ့ အမည်နဲ့ အသုံးပြုခဲ့ကြောင်းနဲ့ ဒါဇင်နဲ့ချီတဲ့ ပုံသဏ္ဌာန် အမျိုးမျိုးပါဝင်တဲ့ ကလေးသူငယ် မဖွယ်မရာဓာတ်ပုံ ၂၀၀ ကျော် ကိုလည်း ဒေါင်းလုတ် ရယူထားတာလည်း စစ်ဆေးပေါ်ပေါက်ပါတယ်။

အဆိုပါအမှုကို ကိုင်တွယ်တဲ့ တရားသူကြီး မာတင်ပစ်တန် က “ဘရုစ်ဟာ သူ့ရဲ့ ကလေးသူငယ်တွေ အပေါ် စိတ်ဝင်စားမှုကို လျှို့ဝှက်ထားခဲ့ပါတယ်” လို့ ပြောပါတယ်။ “ဘရုစ်ဟာ သူ အလုပ်လုပ်ခဲ့တဲ့ ကျောင်းက ကလေးများဆီက မဖွယ်မရာပုံများ ရယူခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်းတွေ မရှိခဲ့ပေမယ့် သူ ကျူးလွန် ခဲ့တဲ့ အရာတွေဟာ ကျောင်းအတွက် အထိတ်အလန့် ဖြစ်စရာ စိတ်ညစ်စရာတွေ ဖြစ်ပေါ်လာနိုင်တယ်” လိုလည်း ထပ်လောင်းပြောပါတယ်။

ဘရုစ်ရဲ့ ရှေ့နေဖြစ်တဲ့ ဗာဂျီးနီယားကောင်းဝဲလ် ကတော့ “ဘရုစ်တယောက် သူ့အပြစ်တွေ သူ နားလည်ပြီး စိတ်ဓာတ် တော်တော် ကျသွားပြီး နောင်တတွေလည်း ရသွားပါပြီ” ဟု ပြောကြားခဲ့ပါတယ်။ ဘရုစ်ဟာ စွဲချက် တင်ခံထားရတဲ့ ၄ ယောက်မှာ ဒုတိယမြောက် ပြစ်ဒဏ်ချမှတ် ခံရသူ ဖြစ်ပြီး သူ့ရှေ့က အသက် ၄၄ ရှိပြီ ဖြစ်တဲ့ ဒါရင်းဝီလီယံစ် မှာ အဓမ္မမှုမှာ ပါခဲ့တဲ့ အတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ် ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအမှုကို နိုင်ငံလုံးဆိုင်ရာ ပြစ်မှု နှိမ်နှင်းရေး အေဂျင်စီမှ အွန်လိုင်း ချက်တင်တွင် ဝင်ရောက်ရှာဖွေရင်း စုံစမ်းဖော်ထုတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။

(www.bbc.com တွင် ဖော်ပြထားသည့် Teacher jailed for watching live stream of child rape ကို ငြိမ်းချမ်းစိုး ဘာသာပြန်သည်။)

Loading