အင်ဒိုနီးရှား ခေတ်ပြိုင်အိပ်မက်များကို ဖန်တီးတင်ပြသူ
Angga Dwimas Sasongko သည် အသက် ၃၂ နှစ် အရွယ် ခေတ်ပြိုင် ဒါရိုက်တာ တဦး ဖြစ်ပြီး ဇာတ်လမ်းများ ဖန်တီးရာတွင် ပုံစံခွက် မဲပြာပုဆိုး ဖန်တီး တင်ပြမှုတွေကနေ ခွဲထွက် ဖန်တီးသူ ဖြစ်သည်။ ဇာတ်လမ်းများသည် ရုပ်ရှင်မှသည် ရုပ်မြင်သံကြား၊ ကြော်ငြာ၊ အွန်လိုင်းဗွီဒီယိုနှင့် ဂိမ်းများအထိ နယ်ပယ်အစုံသို့ တိုးဝင် ရောက်ရှိလာသည်။
အင်ဒိုနီးရှား နိုင်ငံသား ၅၅ ရာခိုင်နှုန်းက တနေ့လျှင် ၆ နာရီခန့် အင်တာနက် သုံးကြပြီး အများစုက စမတ်ဖုန်းကို အသုံးပြုကြသည်။ ထို့ကြောင့် သူတို့၏ အာရုံကို ဖမ်းစားနိုင်ရေးက ကြီးကျယ်၍ အဆုံးမရှိသော တိုက်ပွဲတခု ဖြစ်လာသည်။
“ခုခေတ်မှာက ပရိသတ်တွေနဲ့ အနီးဆုံး ရောက်အောင် ဘယ်လို သွားမလဲ ဆိုတာက အရေးအကြီးဆုံး ဖြစ်လာတယ်။ လူတိုင်းရဲ့ စမတ်ဖုန်းထဲကို ရောက်အောင် ဘယ်လို ဝင်မလဲ။ ဒါကို စဉ်းစားပြီး ဖန်တီးတယ်။ ပြီးတော့ အလွယ်ကူဆုံးနည်းနဲ့ သူတို့ဆီ ရောက်ရမယ်” ဟု Angga Dwimas Sasongko က ရှင်းပြသည်။
Angga Dwimas Sasongko သည် ကော်ဖီ၏ ဒဿန (Filosofi Kopi 1 နှင့် 2) အမည်ရ ဇာတ်ကား ၂ ကားဖြင့် အားလုံး၏ ရှေ့ဆုံးတွင် ရောက်နေသူ ဖြစ်ကြောင်း ပြသနိုင်ခဲ့ပြီး သူ၏ ရုပ်ရှင်ဇာတ်ကားက ရုပ်ရှင်ရုံခန်းမ၏ အပြင်ဘက်သို့ ကျော်လွန် ရောက်ရှိ သွားခဲ့သည်။ ယင်း ဇာတ်ကားမှာ ကြွေးတင် နေသော ကော်ဖီဆိုင်တခုကို ဆက်လက် ထိန်းသိမ်းရန် ကြိုးစားသည့် အကြောင်း ရိုက်ကူးထားခြင်း ဖြစ်သည်။
ကွန်ကရစ်နှင့် သစ်သား ပါကေးခင်း ကော်ဖီဆိုင်များတွင် espresso ကော်ဖီကို အရသာခံနေကြသည့် ဂျကာတာ မြို့မှ ၁၉၈၀ နှစ်ကာလ နောက်ပိုင်း မွေးဖွားသည့် ခေတ်လူငယ်များ အပြင် Lampung၊ Toraja နှင့် အရှေ့ ဂျာဗားမှ ကော်ဖီ ယဉ်ကျေးမှု ထွန်းကားလာနေသည့် အသိုင်းအဝိုင်းများ ကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။
Filosofi Kopi ဇာတ်လမ်းများတွင် အသွင်မတူသည့် ငယ်သူငယ်ချင်း နှစ်ယောက်က အဓိက နေရာမှ ပါဝင်သည်။ တရုတ် လူမျိုးတဦးနှင့် ဌာနေ အင်ဒိုနီးရှား တိုင်းရင်းသားတဦးတို့၏ ညီအစ်ကိုတမျှ တွယ်တာမှုကို ဖော်ပြခြင်းက လတ်တလောတွင် အရှိန်တက်နေသည့် ဂျကာတာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကြောင့်တော့ ဟုတ်ပုံ မရ။ သူတို့က အများနှင့် ကွဲပြား သည့် သူငယ်ချင်း ၂ ယောက် ဖြစ်သည်။ တရုတ်နွယ်ဖွားတယောက် ဖြစ်သည့် Jody (သရုပ်ဆောင် Rio Dewanto) က ကိန်းဂဏန်း အချက်အလက်ကို ဦးစားပေးသည့် ဝန်ထမ်းတယောက် ဖြစ်ပြီး လူမှုဆက်ဆံရေး ညံ့သည်။ Ben (သရုပ်ဆောင် ChiccoJerikho) ကတော့ ကော်ဖီနှင့် ပတ်သက်၍ ရူးသွပ်သော ဒဿနသမား ကော်ဖီဖျော်သူ တယောက် ဖြစ်သည်။
သူတို့ နှစ်ယောက်ကြား ဆက်ဆံရေးက စီးပွားရေးကြောင့် စတင်ပြောင်းလဲဖို့ ဖြစ်လာပြီး အမျိုးသမီး တယောက်ကြောင့် လည်း သူတို့ ဘဝတွေ စတင် ရှုပ်ထွေးလာကြသည်။ ပထမရုပ်ရှင် Filosofi Kopi -1 တွင် မာနကြီးသော စားပွဲထိုးမလေး El (သရုပ်ဆောင် Julie Estelle) က ဇာတ်ကို သယ်သွားခဲ့သည်။ ဒုတိယပိုင်း Filosofi Kopi -2 တွင်မူ Tarra (သရုပ်ဆောင် Luna Maya) အမည်ရှိ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးနှင့် အများနှင့် မတူသော်လည်း စိတ်ပါလက်ပါ အလုပ် လုပ်တတ်သည့် ကော်ဖီဖျော်သူ အမျိုးသမီး Brie (သရုပ်ဆောင်Nadine Alexandra) တို့က သူတို့ ၂ ယောက်ကို စိန်ခေါ်ခဲ့သည်။
ထို့ပြင် Filosofi Kopi ၂ ကားလုံးတွင် အင်ဒိုနီးရှားနိုင်ငံ၏ ဖြစ်တည်မှု (နေ့စဉ်ဘဝ မတည်ငြိမ်မှု၊ မမျှတမှုနှင့် အပြစ်ဒဏ် ကင်းလွတ်ခွင့် ရနေခြင်းများ)ကို ပုံဖော်ခဲ့သည်။ အထူးသဖြင့် Ben သည် မိသားစု၏ ကံဆိုးမှုကို မဖြစ်မနေ လက်ခံခဲ့ရသည်။ သူ့ဘဝကို ထိုအချက်ကပင် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် Lampung ရှိ သူ့ဖခင်၏ ကော်ဖီ ပျိုးခင်းသို့ ပြန်ရောက်ချိန်ကျမှသာ စိတ်သက်သာမှုနှင့် ငြိမ်းအေးမှုကို ပြန်ရခဲ့သည်။
ရုံတင်ပြသရာတွင် ရုပ်ရှင် ၂ ကားလုံး ဝင်ငွေ မကောင်းခဲ့သော်လည်း အမြတ်အစွန်းရခဲ့သည်ဟု Angga Dwimas Sasongko က ကျနော့်ကို အခိုင်အမာပင် ပြောသည်။ ထို့ပြင် နည်းလမ်း မျိုးစုံဖြင့် ပရိသတ်ထံရောက်အောင် ပို့ပေးနိုင်ခဲ့၍ Filosofi Kopi ဇာတ်ကားများက အင်ဒိုနီးရှားနိုင်ငံ၏ ပေါ့ပ်ယဉ်ကျေးမှု အပေါ် ကြီးမားစွာ သက်ရောက်နိုင်ခဲ့ပြီး အမျိုးသား သရုပ်ဆောင် ၂ ယောက်ကိုလည်း လူသိများစေခဲ့သည်။ တချိန်တည်းမှာပင် လွန်ခဲ့သောနှစ် ၂၀ ဆူဟာတိုခေတ်လွန် ကာလမှ ခေတ်ပြိုင် ဂျကာတာ၏ ဝိညာဉ် နှင့် ခံစားမှုကို ဖမ်းယူပြခဲ့သည်။
သူက အင်ဒိုနီးရှားနိုင်ငံ၏ ကော်ဖီယဉ်ကျေးမှုကို စတင်ခဲ့သည် ဟု ဆိုလိုခြင်း မဟုတ်ပါ။ အင်ဒိုနီးရှားတွင် ကော်ဖီသောက်ခြင်းက ဘဝ၏ အစိတ်အပိုင်းတခု အဖြစ် အမြဲတမ်းရှိခဲ့ပါသည်။ လည်ပတ်ခြင်းနှင့် ကော်ဖီသောက်ခြင်း အတွက် အင်ဒိုနီးရှား ဘာသာစကားတွင် ngopi-ngopi ဆိုသည့် သီးသန့် စာလုံးတခု ရှိပသည်။ Filosofi Kopi က ရရှိခဲ့သည်မှာ ngopi-ngopi ၏ အေးချမ်းမှုကို မြှင့်တင်ပေးခြင်း နှင့် တိုးပွားလာသော ကော်ဖီ သောက်သူများ၏ ရိုးသားမှုကို ဂုဏ်ပြုခြင်း ဖြစ်သည်။
ကော်ဖီသောက်ခြင်း၊ ကော်ဖီဆိုင် ထိုင်ခြင်းက ကမ္ဘာတလွှားမှ လူငယ်များအတွက် ပုံမှန်ကိစ္စတခု ဖြစ်နေချိန်တွင် Filosofi Kopi ဇာတ်ကားများက စစ်မှန်သော၊ ကျေးလက် သဘာဝဆန်သော အတိတ်ဆီသို့ ပြန်သွားလိုသည့် ဆန္ဒတခုကို ထွက်ပေါ် လာစေခဲ့သည်။ ဇာတ်လမ်းတွင် အင်ဒိုနီးရှားနိုင်ငံ၏ ရေမြေ သဘာဝများနှင့် ခမ်းနားသော ဇာတ်ကွက်များက ဂျကာတာ၏ ညစ်ပေနေသော လက်ရှိ အခြေအနေကို သည်းခံ ရင်ဆိုင်နေရသည့် ကျနော်တို့ကို လှုံ့ဆော်ပေးနေသည်။
Filosofi Kopi ၏ အရှိန်က တဖြည်းဖြည်း နှေးလာသော်လည်း Angga Dwimas Sasongko ကတော့ မယုံနိုင်စရာ အလုပ်များ နေဆဲပင် ဖြစ်သည်။ Wiro Sableng 212 အမည်ရှိ အက်ရှင်ဇာတ်ကား အတွက် သူ အာရုံစိုက်ရဦးမည် ဖြစ်သည်။ Fox International ၏ ငွေကြေးပမာဏ များပြားသော စီမံကိန်းတခု ဖြစ်ပြီး ဒါရိုက်တာ လုပ်ပေးရန် သူနှင့် စာချုပ်ချုပ် ထားပြီး ဖြစ်သည်။ သစ်တောထူထပ်ပြီး သီးခြား ဖြစ်နေသည့် ဂျာဗား အနောက်ပိုင်းသို့ ၃ လကြာ သွားရောက် ရိုက်ကူးရခြင်းက သူ့အတွက် ကြီးမားသော အပြောင်းအလဲ တခု ဖြစ်လာမည် ဖြစ်သည်။
သူ၏ ကုမ္ပဏီ Visinema Pictures အတွက် ကိုယ်ပိုင် အစီအစဉ်များလည်း ရှိနေသည်။ ပြည်တွင်းတွင် အလွန် လူကြိုက် များခဲ့သည့် Keluarga Cemara TV ဇာတ်လမ်းတွဲကို ပြန်လည် ဆန်းသစ်ရန် အပါအဝင် စီမံကိန်းများက ၂၀၂၁ ခုနှစ် အထိ ရှိနေသည်။ ဇနီးဖြစ်သူ Anggia Kharisma က အလွန် အလုပ်လုပ်နိုင်သည့် ရုပ်ရှင် ထုတ်လုပ်သူ ဖြစ်နေ၍ သူ အလွန်ပင် ကံကောင်း နေသည်။
ဘာသာရေး ပဋိပက္ခနှင့် ဘောလုံးနောက်ခံ ဇာတ်ကား “Cahaya Dari Timur: Beta Maluku (Lights from the East: I Am Maluku) မှသည် Surat Dari Praha (Letters from Prague) ဇာတ်ကားအထိ သူ၏ လက်ရာများကိုကြည့် လျှင် အမျိုးသား ဇာတ်ကောင်များကို အဓိကထား၍ ကိုင်တွယ်ရာတွင် အထူးကျွမ်းကျင်ကြောင်း သိသာသည်။ အမျိုးသမီး ဇာတ်ရုပ်များကိုလည်း တန်းတူ အရေးပေးပါသည် ဟု သူက ငြင်းကောင်း ငြင်းနိုင်သော်လည်း ကျနော်ကတော့ သဘောမတူ။
မည်သို့ပင် ဖြစ်စေ သူ၏ ရုပ်ရှင်များသည် ချီးမွမ်းထောက်ခံမှု အများအပြား ရရှိခဲ့ပြီး ခေတ်ပြိုင်ယဉ်ကျေးမှုကို ဖော်ပြမှု အစိတ် အပိုင်းတခု ဖြစ်လာသည်။ အတိုချုပ် ပြောရလျှင် သူက မကောင်းမှုများကို ရှောင်ကြဉ်သူတယောက် ဖြစ်သည်။ ထိတ်လန့် ချောက်ချားစရာ ရုပ်ရှင်များ မရိုက်။ လာမည့် နှစ်များတွင် ရုပ်ရှင်ရုံများ၌ ဝင်ငွေကောင်းသည့် သူတယောက် မလွဲမသွေ ဖြစ်လာမည်ဟု ကျနော် ထင်သည်။
ကလေးတယောက် အဖေ တက္ကသိုလ်ဘွဲ့ရဖြစ်သည့် Angga Dwimas Sasongko နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ရခြင်းက အနည်းငယ် အနေခက်စရာ ဖြစ်သည်။ သူရိုက်ကူးသော ရုပ်ရှင်များက စိတ်လှုပ်ရှားစရာ ကောင်းအောင် ကြီးကျယ်ခမ်းနား သော်လည်း လူကောင်သေးသေး သူ့ ပုံစံကို သတိထားမိစရာဖြစ်သည်။
လူကောင်သေးသော်လည်း သူ၏ စိတ်ဆန္ဒပြင်းပြမှုနှင့် ပြတ်သားခိုင်မာမှုတို့ဖြင့် ပြန်ချေဖျက်နိုင်ခဲ့သည်။ သူက Run Run Shaw နှင့် George Lucas တို့လိုပင် ဖန်တီးပြနိုင်သူ တယောက်ဖြစ်သည်။
ဖျော်ဖြေရေးလမ်းကြောင်း ပြောင်းလဲနေခြင်းကို သူက နားလည်သည်။ ဖလင်ကော်ပြားတွေက လူတွေနှင့် အလှမ်းကွာ သွားပြီ ဖြစ်သည်။ ထိုအချက်က ပြည်တွင်း ရုပ်ရှင်များကို ထိခိုက်နစ်နာစေသည့် Hollywood ကုမ္ပဏီကြီးများက ထုတ်လုပ်သော ဇာတ်လမ်းများ ကဲ့သို့သော စိန်ခေါ်မှုများ အပါအဝင် ရုပ်ရှင်လုပ်ငန်းတွင် ကြုံရသမျှ စိန်ခေါ်မှုများထဲမှ တစိတ်တပိုင်း ဖြစ်လာသည်။ သို့သော်လည်း သူက စိတ်ညစ်နေမည့် အစား စိန်ခေါ်မှု အသစ်များကို နားလည်ရန်နှင့် စိန်ခေါ်မှု များနှင့် အတူ အလုပ် လုပ်နိုင်ရန် အာရုံစိုက်ခဲ့သည်။
လက်တွေ့နှင့် စိတ်ကူး ကမ္ဘာကြားမှ အပြောင်းအလဲအား သူ ရင်ဆိုင်ကိုင်တွယ်ခဲ့ပုံကို ကျနော် အမြဲအမှတ်ရနေမည် ဖြစ်သည်။ ဥပမာအားဖြင့် သူ၏ ရုပ်ရှင်ထဲမှ Filosofi Kopi café သည် ဂျကာတာတောင်ပိုင်းမှ စည်ကားသော အချက်အချာ နေရာတခု ဖြစ်သည့် Blok M တွင် ရှိသော အလုပ်များသည့် ကော်ဖီဆိုင် တခု ဖြစ်သည်။ ပြည်သူများ သွားရောက် လည်ပတ်နိုင်သည့် နေရာတခု ဖြစ်သည်။ ထို့ကြောင့် လူချောလေး ၂ ယောက် ရောက်လာပြီး ကော်ဖီဖျော်သူ အဖြစ် သရုပ်ဆောင်ခြင်းက ပရိသတ်များကို ပျော်ရွှင်စေလိမ့်မည် ဖြစ်သည်။
အနုပညာဆိုသည်မှာ ဘဝကို တုပခြင်းဖြစ်ပါသလား။ အရာရာဟာ သူ့လမ်းနှင့် သူ ရှေ့သို့ ရွေ့လျားသွားနေသည် ဟုလျှင် Angga Dwimas Sasongko သည်လည်း သူ၏ လမ်းကြောင်း အတိုင်း ရှေ့ကို ဆက်သွားနေမည် ဖြစ်သည်။
(ကာရမ်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသော မလေးရှား စာရေးဆရာတဦးဖြစ်သည်)