မြန်မာနိုင်ငံအတွင်း လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေကို လိုက်လံကာ ပညာသင်ကြားပေးနေတဲ့ “မြန်မာရွေ့လျားပညာသင်ကြာရေး စီမံကိန်း” Myanmar Mobile Education Project (myME) ကို Samsung Myanmar မှ နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိပြီး ယခုနှစ် ၃ ကြိမ် မြောက်အလှူအဖြစ် ဘတ်စ်ကားနဲ့ သင်ကြားမှုအထောက်အကူပြုပစ္စည်းများ လှူဒါန်းလိုက်တယ်လို့ သိရှိရပါတယ်။
ယခုနှစ်မှာ လှူဒါန်းလိုက်တဲ့ ဘက်စ်ကားကို ကျောင်းပြင်ပသင်ခန်းစာများ သင်ကြားရန်အတွက်သာမကဘဲ ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်များမှာ နေထိုင်ကြတဲ့ ဆင်းရဲနွမ်းပါးသူတွေကို အစားအသောက်နဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်အောင် အစားအသောက်များ ချက်ပြုတ်နည်းစတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများပါ သင်ကြားပေးအပ်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
“ကျနော်တို့ ဒီနှစ်မှာ Samsung အနေနဲ့ အဓိက လှူဒါန်းတာက ဘတ်စ်ကားပါပဲ။ မနှစ်ကလိုပဲ ကျနော်တို့က ဘတ်စ်ကား လှူတာပါပဲ။ ကျနော်တို့ ရည်ရွယ်ချက်က ဆင်ခြေဖုံး ရပ်ကွက်တွေမှာနေတဲ့ ဆင်းရဲနွမ်းပါးတဲ့ အမျိုးသမီးတွေကို သူတို့ နေ့စဉ်ရတဲ့ ဝင်ငွေထဲက မိသားစုကို ဘယ်လိုမျိုး ကျန်းမာရေးနဲ့ ညီညွှတ်အောင် ဘယ်လို ချက်ပြုတ်မလဲ၊ သူတို့အမြဲတမ်း လုပ်နေပေမယ့် သတိမထားမိတဲ့ အမှားတွေကို myME က ဆရာ၊ ဆရာမတွေက သွားပြီး ပညာသင်ပေး၊ အသိပေးမှာပါ” လို့ Samsung Myanmar ရဲ့ Public Relation & Citizenship Manager ကိုစိုးသူရက ဧရာဝတီကို ပြောပါတယ်။
သင်တန်းကို ရန်ကုန်မြို့တွင်း ဆင်ခြေဖုံးမြို့နယ်များဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း စတဲ့ မြို့နယ်များကို သွားရောက် သင်ကြားပေးမယ်လို့ သိရပြီး သင်တန်းပြီးတဲ့အခါ အသက်မွေးဝမ်းကြောင်း ပညာရပ်တခု တက်ရောက်နိုင်တဲ့အထိ အတတ်ပညာများ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
“အခု ဒီသင်တန်းကို ၁ ပတ် ၂ ပတ် အတွင်းမှာပဲ စဖို့ အစီအစဉ်တွေ စလုပ်နေပါပြီ။ သင်ရိုးညွှန်းတမ်းတွေလည်း ဆွဲပြီးပြီ။ ပြီးတော့ လိုက်ပြီး သင်တန်းပို့ချမယ့် နယ်မြေတွေကို သတ်မှတ်ပြီးသွားပြီ။ အဓိကကတော့ ဆင်ခြေဖုံး တွေ၊ အခြေခံလူတန်းစားတွေ အများစုရှိတဲ့နေရာတွေကို ကျနော်တို့ သွားမယ်။ အဲဒီနေရာတွေမှာရှိနေတဲ့ အထူးသဖြင့် လူငယ် အမျိုးသမီးတွေကို ချက်တာပြုတ်တာတွေ၊ အစားအသောက် ကိုင်တွယ်ပုံနည်းတွေ၊ အာဟာရဖြစ်တာတွေကို အဓိကထားပြီး သင်တန်းလိုက်ပေးဖို့ စီစဉ်ထားပါတယ်” လို့ myME ရဲ့ စီမံကိန်း ဒါရိုက်တာ ကိုတင်မောင်မောင်အေးက ပြောပါတယ်။
ဆက်လက်ပြီး သူက “အဓိကကတော့ ရပ်ကွက်မှာရှိတဲ့ myME က စာလိုက်သင်နေတဲ့ နေရာတွေမှာ ကျနော်တို့နဲ့ ချိတ်ဆက်ထားတဲ့ အဖွဲ့အစည်းတွေ၊ နယ်မြေခံတွေနဲ့ တပတ်ကို ဘယ်နေ့လာမယ်ဆိုပြီး ကြိုချိတ်ပြီး တပတ် တပတ် သင်ကြားပေးမယ့် သင်ရိုးညွှန်းတမ်းတွေကို အကြမ်းမျဉ်း ဆွဲထားတယ်။ အခုလက်ရှိ နေရာတနေရာမှာ တပတ်ကို ၂ ရက် သင်ကြားပေးဖို့ စီစဉ်ထားတယ်” လို့ ဆိုပါတယ်။
myME Project ကိုလည်း Samsung Myanmar နှင့် Telenor Myanmar မှ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများနဲ့ သင်ကြားရာမှာ အသုံးပြုတဲ့ ရွေ့လျားဘတ်စ်ကားများ နှစ်စဉ် လှူဒါန်းလျက်ရှိတယ်လို့ သိရပါတယ်။
ကျောင်းပြင်ပ ပညာသင်ကြားပုံနဲ့ ပတ်သက်ပြီး ကိုတင်မောင်မောင်အေးက “myME က သင်ကြားပေးတဲ့ သင်ရိုးညွှန်းတမ်းတွေမှာ အဆင့် ၅ ဆင့် ခွဲထားပါတယ်။ အဆင့် ၁ ဆင့်ကို ၆ လနီးပါး သင်ကြားရပြီး အဆင့် ၁ ဆင့်ကြားထဲမှာ ဘာသာရပ် ၃ ခု၊ ဘာသာရပ် ၁ ခုချင်းစီအောက်မှာ သင်ခန်းစာ ၂၄ ခု ရှိတယ်။ သင်ကြားပေးတဲ့ အခါ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တွေ၊ ရပ်ကွက်ထဲက ကလေးတွေနဲ့ ကျနော်တို့က ညှိရတယ်။ အချိန် ဘယ်လောက် ပေးနိုင်မလဲ၊ ဘယ် Level ကို သူတို့ တက်နိုင်မလဲဆိုတာ ကြိုညှိရတယ်။ ကြိုပြီး စာမေးပွဲတွေ စစ်ရတယ်။ တချို့ကလေးတွေက အသက် ၁၈၊ ၁၉ နှစ် ဒါပေမယ့် ၂ တန်း၊ ၃ တန်းနဲ့ ကျောင်းထွက်ထားတယ်၊ အဲဒီလိုမျိုးပေါ့။ မတူညီတဲ့ ကလေးတွေကို စုပြီး သင်ပေးနေရပါတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး သူက “အခု လက်ရှိမှာတော့ myME အနေနဲ့ နယ်စပ်ဒေသ မဖွံ့ဖြိုးသေးတဲ့ ဒေသက ကလေးငယ်တွေကို စာသင်ကြားပေးနိုင်ဖို့အတွက် ချင်းပြည်နယ်က စာသင်ကျောင်း မရှိတဲ့ ရွာတွေမှာ သွားရောက်ပြီး ပညာသင်ကြားပေးနိုင်အောင် စီစဉ်မှုတွေ စလုပ်နေပြီ” လို့ ဆိုပါတယ်။
myME မြန်မာရွေ့လျားပညာသင်ကြားရေး စီမံကိန်းဟာ ၃ နှစ်အတွင်းမှာ ကျောင်းသားဦးရေပေါင်း ၁ သောင်း ကျော်ကို ပညာသင်ကြားပေးနိုင်ခဲ့ပြီး လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ မော်လမြိုင် စတဲ့ မြို့၅ မြို့ရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များမှာ အလုပ်လုပ်ကိုင်နေတဲ့ လူငယ် ကလေးငယ်များ၊ ဆင်ခြေဖုံးရပ်ကွက်များမှ ကလေးငယ်များ စတဲ့ ကျောင်းသားပေါင်း ၂၀၀၀ ကျော် ကို ပညာသင်ကြားပေးနေတာ ဖြစ်ပါတယ်။
myME Project ကို ၂၀၁၄ ခုနှစ်မှ စတင်ပြီး နယူးယောက်မြို့နဲ့ မြန်မာနိုင်ငံမှ “ပညာရေးနဲ့အတူ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုများ စတင်လာမယ်လို့ နှစ်နှစ်ကာကာ ယုံကြည်ထားသူများ” တို့က တည်ထောင်ထားတဲ့ အဖွဲ့ငယ်တခု ဖြစ်ပါတယ်။ အဆိုပါအဖွဲ့ကို ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အတတ်ပညာရှင်များ၊ စာရေးဆရာများနဲ့ အနုပညာရှင်များနဲ့ စုပေါင်းဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ရွေ့လျားပညာသင်ကြားရေး ဆက်လုပ်သွားမယ့် တယ်လီနောနဲ့ myME