“မိခင်လောင်း အမျိုးသမီးတို့ ကိုယ်တိုင်က ကျန်းမာရေးကေင်းအောင်နဲ့ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက် ကောင်းမွန် အောင် ကြိုးစားကြဖို့ လိုနေပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ပညာ ဉာဏ်ရည် မြင့်မားတဲ့ ကလေးငယ် မွေးဖွားလာဖို့ အတွက် ဖြစ်တယ်။ အမျိုးသားတို့ အနေနဲ့လည်း လှတာထက် ဉာဏ်ရည် ပို ကောင်းတဲ့ အိမ်ထောင်ဖက်ကို ရှာသင့်ပြီ” လို့ အကြံပြုပါရစေ။ ဘာဖြစ်လို့လဲ ဆိုတော့ Psychology Spot ရဲ့ လေ့လာချက် အရ ကလေးတွေရဲ့ ဉာဏ်ရည်ဟာ မိခင်ဆီကနေ ဆင်းသက် ပါရှိလာတယ် ဆိုတဲ့ တွေ့ရှိချက်ကြောင့်ပါ။
အများအားဖြင့်တော့ ကလေးငယ်တွေရဲ့ ဗီဇက အစ အားလုံးဟာ မိခင်နဲ့ ဖခင်ဆီကနေ ပေါင်းစပ် ဆင်းသက်တယ် လို့ ယူဆရ ပေမယ့် အခု လေ့လာချက် အသစ် အရတော့ အချို့သော မျိုးစိတ်တွေမှာ ပုံမှန် နှစ်ဦးပေါင်း ပုံစံ မဟုတ်ပဲ ကွဲပြားစွာ ဖြစ်တည် ဆင်းသက်တယ်လို့ ဆိုလာတာပါ။ ဉာဏ်ရည်နဲ့ ပတ်သတ်တဲ့ မျိုးဗီဇက ခရိုမိုဇုန်း အိတ်က်စ်ထဲမှာ တည်ရှိပါတယ်။ ဒီ ခရိုမိုဇုန်း အိတ်က်စ်ဟာ မိခင်ဆီကနေ ကလေးကို ဗီဇ ၂ ခု ဆင်းသက်ပြီး ဖခင်ဆီကနေ ဗီဇ ၁ လုံးပဲ ဆင်းသက် ဖွဲ့စည်းတာ တွေ့လာရပါတယ်။
ဒါကြောင့် ကလေးငယ် ဖြစ်လာပြီးနောက် ဉာဏ်ရည် ဖြစ်တည်လာရင်တော့ မိခင်ရဲ့ ဉာဏ်ရည်နဲ့ တူဖို့က ရာခိုင်နှုန်း ၂ ဆလောက် ပိုနေတာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ လေ့လာချက် အရလည်း ဖခင်ရဲ့ ဉာဏ်ရည်ကနေ ဆင်းသက်လာတဲ့ မျိုးဗီဇဟာ ကလေးမှာ လှုံ့ဆော်မှု မရှိသလောက် နည်းပါးတာ တွေ့ရပါတယ်။
တကယ်လို့ အခုပြောတဲ့ အချက်ကို လက်မခံချင်သေးဘူး ဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထဲကို ခဏလောက် ပြန်သွားရ အောင်ပါ။ ၁၉၉၄ ခုနှစ်က ပြည်သူ့ဆေးပညာရပ်ဆိုင်ရာ လေ့လာမှုကောင်စီနဲ့ ကျန်းမာရေး သိပ္ပံအဖွဲ့ကနေ အသက် ၁၄ နှစ် ကနေ ၂၂ အတွင်း လူငယ်ပေါင်း ၁၂၆၈၆ ဦးကို မေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဘာတွေ မေးမြန်းသလဲ ဆိုတော့ ဉာဏ်စမ်းတွေပါ။ အဲဒီမှာ လူငယ် တယောက်ချင်းစီကနေ ရရှိတဲ့ IQ အမှတ်တွေ၊ လူမျိုးတွေ၊ ပညာအရည်အချင်းတွေ၊ ဘဝအနေအထားတွေ၊ အားလုံးကို ပြန်ပြီး ကြည့်လိုက်ချိန်မှာ အဆိုပါ ကလေးတွေရဲ့ ဉာဏ်ရည်ဟာ မိခင်နဲ့ သိပ်မကွာတာ၊ ဆင်တူတာ တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
ဒီလို သိပ္ပံနည်းကျ မိခင်နဲ့ ကလေးရဲ့ ဉာဏ်ရည်ဟာ ဆင်တူတယ်၊ မိခင်ဆီကနေ ဉာဏ်ရည်စွမ်း ဆင်းသက်တယ် ဆိုတာကို ခဏ ဖယ်ထားမယ် ဆိုရင်လည်း လက်တွေ့ ဘဝမှာလည်း မိခင်ဟာ ကလေးကို အနီးကပ် ပြုစုပျိုးထောင်သူ ဖြစ်တာကြောင့် မိခင်ရဲ့ ပုံစံ၊ သင်ပြမှု အတိုင်း ကလေး အနေနဲ့ အနီးစပ်ဆုံး တူညီဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
အထူးသဖြင့်တော့ ကလေးတွေရဲ့ ဦးနှောက် အထူး ဖွံ့ဖြိုးချိန်တွေမှာ အနီးကပ်ဆုံး ရှိနေတဲ့ မိခင်နဲ့ ဆင်တူ နီးစပ်ဖို့ ရှိနေတာ ဖြစ်တယ် လို့ Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက် တခုမှာလည်း တွေ့ရပါတယ်။
ဒါပေမယ် ဖခင်တွေ အနေနဲ့လည်း ဉာဏ်ရည်ဟာ သူတို့နဲ့ မဆိုင်တော့ဘူးလို့ မထင်လိုက်ပါနဲ့။ သိပ္ပံပညာရှင်တွေက ဉာဏ်ရည်ဆင်းသက်မှုဟာ ရာခိုင်နှုန်း ၄၀ ကနေ ၆၀ ထိအောင်ပဲ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပြီး လူငယ်ဘဝရောက်ချိန်၊ ဦးနှောက်ဖွံ့ဖြိုးချိန်မှာမှ ကျန်ရှိ ဉာဏ်ရည်ကို ပြည့်ဝအောင် သင်ကြားပေးရတာ ဖြစ်တဲ့အတွက် ဖခင်တွေ အနေနဲ့လည်း မွေးဖွားလာတဲ့ ကလေးကို ဉာဏ်ရည်မြင့်မားအောင် အကောင်းဆုံး သင်ကြား ပြသပေးဖို့ တာဝန်ရှိနေတာလည်း ဖြစ်ပါတယ်နော်။
Ref: www.rd.com