မြန်မာနိုင်ငံရဲ့ ပထမဆုံး “မြန်မာ့တနှစ်တာ အကောင်းဆုံး မော်တော်ကား ဆုပေးပွဲ” (Myanmar Car of the Year – MCOTY) ကို လာမယ့် စက်တင်ဘာလ ၉ ရက်နေ့၊ ရန်ကုန်မြို့၊ Novotel ဟိုတယ်မှာ ကျင်းပ ပြုလုပ်သွားမယ် လို့ သတင်းရရှိ ပါတယ်။
ယင်း ဆုပေးပွဲကို တရားဝင် အသိအမှတ်ပြု မော်တော်ယာဉ် ဖြန့်ဖြူးရောင်းချသူများ အသင်း (Authorized Automobile Distributors Association – AADA) က အထောက်အပံ့ပေးထားပြီး၊ Drive Magazine က ဦးစီး ကျင်းပ သွားမှာ ဖြစ်ပြီး အကဲဖြတ် ဒိုင်များ အဖြစ် နိုင်ငံတကာနှင့် ပြည်တွင်းမှ မော်တော်ကားနဲ့ ပတ်သက်တဲ့ ကျွမ်းကျင် အတွေ့အကြုံရှိ ဝါရင့် သတင်းစာဆရာများက အကဲဖြတ် ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။
Myanmar Car of the Year ရွှေးဆုပေးပွဲ အတွက် သြဂုတ်လ ၁၄ ရက်နေ့က ဆန်ခါတင် ကား ၅ စီး စာရင်း ရွေးချယ်ခဲ့ပြီး၊ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ ဆန်ခါတင် ၃ စီးစာရင်းကို ဒိုင်များက အသီးသီးရွေးချယ်ပြီး စက်တင်ဘာလ ၉ ရက်နေ့ Novotel Yangon ဟိုတယ်မှာ နောက်ဆုံးအဆင့် ဆုပေးပွဲ အခမ်းအနားပြုလုပ်ကာ ဆုများ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

“ကျနော်တို့ အကဲဖြတ် ဒိုင်လူကြီးများ အဖြစ် ပြည်တွင်းက Drive Magazine နဲ့ Automobile ဂျာနယ်တို့က သတင်းစာဆရာ၊ အယ်ဒီတာ ၃ ဦးနဲ့ နိုင်ငံတကာက ဒိုင် ၃ ဦး ပါဝင်ပါမယ်။ နိုင်ငံတကာက ဒိုင် ၃ ဦး ကတော့ အွန်လိုင်းကနေ အကဲဖြတ် ရွေးချယ် သွားမှာ ဖြစ်ပြီး ထိုင်း၊ မလေးရှားနဲ့ ဟန်ဂေရီနိုင်ငံတွေက ဒိုင်တွေပါ။ လက်ရှိ မြန်မာနိုင်ငံမှာ Showroom တွေက စာရင်း ပေးထားတဲ့ ကားတွေ၊ လက်ရှိ ပြည်တွင်းမှာ ရောင်းချနေတဲ့ Brand New ကားတွေ ဝင်ရောက် ယှဉ်ပြိုင်ကြပါတယ်” လို့ Drive Media ရဲ့ Managing Editor ကိုကျော်သူဟိန်းက ပြောပါတယ်။
ဆက်လက်ပြီး “လက်ရှိမှာတော့ ကုမ္ပဏီ ၁၇ ခုက ကျနော်တို့ဆီမှာ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ စာရင်း ပေးထားပါတယ်။ ကားအစီးရေ ဘယ်လောက် ဆိုတာတော့ အတိအကျ မသိရသေးဘူး။ ကျနော်တို့ ဒိုင်တွေ ရွေးချယ်ပြီး ပေးမယ့် ဆုက ခေါင်းစဉ် ၉ ခုနဲ့ ဆု ၉ ဆု ရွေးချယ် ချီးမြှင့်မှာပါ။ နောက် တဆုက People’s Choice (လူထုရွေးချယ်တဲ့ ကားဆု)၊ စုစုပေါင်း ၁၀ ဆုပါ” လို့ ကိုကျော်သူဟိန်းက ဆိုပါတယ်။
Myanmar Car of the Year ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့ကားဈေးကွက်မှာ ရရှိနိုင်တဲ့ အထူးခြားဆုံး ကားတွေကို ရွေးချယ် ဆုချီးမြှင့်ပေးဖို့ ဖြစ်ပြီး ကားနဲ့ ပတ်သတ်တဲ့ အသိပညာ ဗဟုသုတတွေကို မြှင့်တင်ပေးဖို့၊ ကားများ အပေါ် စိတ်ဝင်စားမှုကို Lifestyle တခုအဖြစ် မြှင့်တင် ပေးဖို့ စတဲ့ ရည်ရွယ်ချက်များနဲ့ ပြုလုပ်ရခြင်း ဖြစ်တယ် လို့ သိရပါတယ်။
ဆုပေးပွဲကြီးမှာ ရွေးချယ်ချီးမြှင့်မယ့် ဆုတွေကတော့ “Car of the Year, Small Cars, Medium Cars, Prestige Cars, MPV, Compact SUV, SUV, Prestige SUV, Pickup” စတဲ့ ခေါင်းစဉ်ကြီး ဆု ၉ ဆုကို ဒိုင်များက အကဲဖြတ် ရွေးချယ်မှာ ဖြစ်ပြီး “People’s Choice” ဆုကိုတော့ အွန်လိုင်းမှ မဲပေး စနစ်နဲ့ အများပြည်သူက ရွေးချယ်ပေးသွားမယ် လို့ သိရပါတယ်။
နိုင်ငံတကာမှာလည်း ယင်းကဲ့သို့ ကားဆုပေးပွဲများ နှစ်စဉ် ပြုလုပ်လေ့ရှိပြီး နိုင်ငံတကာ ဆုပေးပွဲများနဲ့ ကွဲပြားတာကတော့ ယခု ဆုပေးပွဲဟာ မြန်မာနိုင်ငံ ကားဈေးကွက်ကို အခြေခံကာ မှတ်ပုံတင်ခြင်း၊ ကားအမျိုးအစား ရွေးချယ်ခြင်းနဲ့ ရွေးချယ်ထားသော ကားအမျိုးအစားများမှာ ပြည်တွင်း လိုအပ်မှုတွေ အပေါ် မူတည်ပြီး ကွဲပြားတယ် လို့ ကိုကျော်သူဟိန်းက ဆိုပါတယ်။
ဆုရွေးချယ်ရေးနဲ့ မဲပေးစနစ်မှာလည်း မျှတမှန်ကန်မှုကို အလေးထားသွားမှာ ဖြစ်ပြီး Drive Magazine က စီမံထားတဲ့ MCOTY အဖွဲ့ကော်မတီကနေ မဲပေးခြင်း၊ တရားဝင် သတင်းထုတ်ပြန်ခြင်း၊ ဆုရရှိသူများကို ကြေညာပေးခြင်း၊ ဆုချီးမြှင့်တဲ့ အခမ်းအနား ကျင်းပခြင်း တို့ကို စီမံ ဆောင်ရွက်သွားမယ် လို့ သိရပါတယ်။
ကားမဲပေးစနစ်နဲ့ ကားဆုများ အကဲဖြတ် ရွေးချယ်ပေးမယ့် ဒိုင်အဖွဲ့ဝင်များဟာ အခမ်းနားကို ဦးဆောင် ကျင်းပသူများရဲ့ လွှမ်းမိုးမှု လုံး၀ မရှိဘဲ လွတ်လွတ်လပ် ရွေးချယ်သွားနိုင်မှာ ဖြစ်ပြီး၊ Drive Magazine နဲ့ AADA အဖွဲ့တို့က အမျှတဆုံးနဲ့ ယုံကြည်မှုရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။
Drive Magazine ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ အရည်အသွေးမြင့် မော်တော်ကားများ အကြောင်း၊ ကားမောင်းသူများရဲ့ ကားမောင်း အတွေ့အကြုံများ၊ ကားနဲ့ ပတ်သက်တဲ့ အထွေထွေ ဗဟုသုတများ ပြည့်ပြည့်စုံစုံ ဖော်ပြပေးနေတဲ့ ကားမဂ္ဂဇင်း တခုဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ မေလ အတွင်းမှာ စတင်ကာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ထုတ်ဝေလျက်ရှိပါတယ်။
တရားဝင် အသိအမှတ်ပြု မော်တော်ယာဉ် ဖြန့်ဖြူးရောင်းချသူများ အသင်း (AADA) ကတော့ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှာ ဖွဲ့စည်းခဲ့ပြီး၊ AADA အနေနဲ့ မော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် အထူးအလေးထား ဆောင်ရွက်လျက်ရှိတယ် လို့ သိရပါတယ်။ ။