Asus က ဈေးကွက် အတွင်း ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေတဲ့ ဖုန်းမော်ဒယ်သစ် ၄ ခု အကြောင်းကို သူ့ရဲ့ Website ဖြစ်တဲ့ French မှာ တင်ပြ မိတ်ဆက်ခဲ့တာ တွေ့ရပါတယ်။ အဆိုပါ မော်ဒယ်သစ်တွေ ကတော့ ZenFone 4, ZenFone 4 Selfie, ZenFone 4 Selfie Pro နဲ့ ZenFone 4 Max တွေ ဖြစ်ပြီး အဲဒီ ဖုန်းတွေကို ဘယ်လို မိတ်ဆက်ထားပါသလဲ ဆိုတာ ကြည့်ရအောင်ပါ။
ZenFone 4
HD ရုပ်ထွက်ထိအောင် ပြသပေးနိုင်မယ့် AMOLED စနစ်နဲ့ ၅ ဒသမ ၅ လက်မ အရွယ်ပြသ မျက်နှာပြင်စနစ်ကို ထည့်ထားတယ်၊ Processor က Snapdrgon 630 ဖြစ်မယ်၊ RAM 4GB ရှိမှာ ဖြစ်ပြီး Memory ကတော့ 64 GB ပါ၊ ကတ်စိုက်နိုင်မှာ ဖြစ်ပါတယ်၊ ဘက်ထရီက 3300 mAh အားထိန်းနိုင်မှာပါ၊ နောက်ဘက် ကင်မရာမှာ နှစ်လုံးထိုင်စနစ်နဲ့ ဖြစ်ပြီး တခုက 12MP နဲ့ နောက်တခုက 8MP ရှိမှာပါ။ ရှေ့ဘက် ကင်မရာကတော့ 8 MP ရှိမှာ ဖြစ်ပါတယ်။ ပြင်သစ်မှာ ပထမဆုံး ဈေးကွက်တင်လာနိုင်ဖို့ ရှိပြီး ဈေးနှုန်း ယူရို ၄၉၉ နဲ့ ရောင်းချမယ ်လို့ ဆိုသလို အရောင် အနေနဲ့ အဖြူနဲ့ အနက် ၂ ရောင်တည်း ဈေးကွက်မှာ ဝင်လာဖို့ ရှိနေတာပါ။
ZenFone 4 Selfie
Processor ကို Snapdragon 430 ပဲ သုံးထားမှာ ဖြစ်လို့ စွမ်းဆောင်ရည် ဦးစားပေးဖုန်း အဖြစ် ဖန်တီးထားတာတော့ မဟုတ်ပါဘူး။ IPS ပြသ မျက်နှာပြင်စနစ်ကို ထည့်ထားပြီး ၅ ဒသမ ၅ လက်မ အရွယ်ပဲ ဖြစ်မှာပါ။ RAM 4GB ပဲ ဖြစ်ပါတယ်။ Memory လည်း 64 GB ပဲ ဖြစ်ပါတယ်။ ကတ်စိုက်နိုင်မှာပါ။ ဘက်ထရီက 3000 mAh အားထိန်းနိုင်မှာပါ။ Selfie ရိုက်ဖို့ ဦးစားပေး ဖန်တီးထားမှာ ဖြစ်ပြီး နောက်ဘက် ကင်မရာက နှစ်လုံးထိုင် ပုံစံမှာ တခုက 20 MP နဲ့ နောက်တခုက 8MP ဖြစ်မှာပါ။ ရှေ့ဘက် Selfie ကင်မရာမှာ 16 MP ထိအောင် အဆင့်မြှင့် ထည့်သွင်းထားပါလိမ့်မယ်။ ဈေးနှုန်းက ယူရို ၃၀၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
ZenFone 4 Selfie Pro
Selfie လည်း ရိုက်မယ်၊ စွမ်းဆောင်ရည်မြင့် မော်ဒယ်လိုချင်သူတွေ အတွက် အဆင်ပြေအောင် ဖန်တီးမှု ဖြစ်ပါတယ်။ Processor မှာ Snapdragon 625 ကို သုံးထားမှာပါ။ ပြသမျက်နှာပြင်စနစ်လည်း ကောင်းမွန်လာပြီး HD ရုပ်ထွက်ထိ ပြသပေးနိုင်မယ့် AMOLED စနစ်ကို သုံးထားပါတယ်။ ၅ ဒသမ ၅ လက်မ အရွယ်ပဲ ဖြစ်ပါတယ်။ RAM 4GB နဲ့ Memory 64GB တွေပဲ ဖြစ်ပါတယ်။ ကတ်ထပ်စိုက်နိုင်မှာပါ။ နောက်ဘက် ပင်မ ကင်မရာ နှစ်လုံးထိုင် ပုံစံ ဖြစ်ပြီး တခုက 24 MP ထိအောင်ရှိမှာ ဖြစ်ပြီး အကူ ကင်မရာက 5 MP ပဲ ရှိမှာပါ။ ရှေ့ဘက် Selfie ကင်မရာကတော့ 16 MP ရှိမှာပါ။ ဈေးနှုန်း ယူရို ၄၀၀ နဲ့ ရောင်းချမယ်လို့ ဆိုပါတယ်။
ZenFone 4 Max
ပြသမျက်နှာပြင်က ရှေ့က ဖုန်းတွေထက် အရွယ်သေးသွားပြီး ၅ ဒသမ ၂ လက်မပဲ ရှိမှာပါ။ IPS စနစ်သုံး ဖြစ်ပြီး Pixel သိပ်သည်းနှုန်း 1280×720 နှုန်းနဲ့ ပြသပေးနိုင်မှာပါ။ RAM 3GB ပဲ ထည့်ထားပါလိမ့်မယ်။ Memory ကိုလည်း 32GB အဖြစ် လျော့ထားပါတယ်။ ဘက်ထရီ သက်တမ်းရှည် သုံးနိုင်အောင် အရွယ်ကို 4100 mAh ထိအောင် ထည့်ထားမှာပါ။ နောက်ဘက် ပင်မ ကင်မရာက နှစ်လုံးထိုင် ပုံစံပဲ ဖြစ်ပြီး တခုက 13 MP နဲ့ နောက်တခုက 5MP ပဲ ရှိမှာပါ။ ရှေ့ဘက် Selfie ကင်မရာကတော့ 8 MP ပဲ ရှိမှာပါ။ ဈေးနှုန်း ချိုသာတဲ့ မော်ဒယ် အဖြစ် ထုတ်လုပ်လာတာ ဖြစ်ပြီး ဈေးနှုန်း ၂၃၀ ယူရိုနဲ့ ရောင်းချပါလိမ့်မယ်။
ဒီမော်ဒယ်တွေကိုတော့ အခုလို ထုတ်ဖော် မိတ်ဆက်မှု မပြုခင် ရုရှဈေးကွက်မှာ အခုလ အစောပိုင်းက ထုတ်ဖော်ပြသ ခဲ့တာ တွေ့ရပြီး ဈေးကွက်တင်ချိန်မှာ မော်ဒယ် အားလုံး တချိန်တည်း ဈေးကွက်ထဲ ဝင်ရောက်လာမယ့် အနေအထားပါ။
Ref: www.thevergecom