မင်္ဂလာမောင်နှံများအတွက် ပထမဆုံး အွန်လိုင်းလက်ဖွဲ့ ဝန်ဆောင်မှု
မကြာခင် ကျရောက်မယ့် ဝါလကင်းလွတ် သီတင်းကျွတ်အချိန်ကာလမှာ မင်္ဂလာဆောင်ကြမယ့် မင်္ဂလာ စုံတွဲတွေအတွက် မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်နေချိန်မှာ မင်္ဂလာပွဲရဲ့အရေးကြီးတဲ့ အခန်းကဏ္ဍတခု ဖြစ်တဲ့ မိမိတို့လိုချင်တဲ့ လက်ဖွဲ့စာရင်းကို ဖိတ်ကြားမယ့် ဧည့်သည်များထံ အသိပေးနိုင်တဲ့ အွန်လိုင်း လက်ဖွဲ့ ဝန်ဆောင်မှု မြန်မာနိုင်ငံကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
အွန်လိုင်းလက်ဖွဲ့ ဝန်ဆောင်မှုဆိုတာဟာ မင်္ဂလာဇနီးမောင်နှံများဘက်မှ မိမိတို့လိုချင်တဲ့ လက်ဖွဲ့များကို စာရင်းပြုစုကာ ဧည့်သည်များကို အသိပေးပြီး ဧည့်သည်များမှ မိမိတို့ လက်ဖွဲ့လိုတဲ့ ပစ္စည်းများနဲ့ ကိုက်ညီတဲ့ ပစ္စည်းများကို ဝက်ဘ်ဆိုဒ်မှတဆင့် မှာယူကာ မင်္ဂလာမောင်နှံကို လက်ဖွဲ့ပေးတဲ့ ဝန်ဆောင်မှုမျိုးပါ။
မြန်မာနိုင်ငံအနေနဲ့ ထူးခြားနေတဲ့ အဆိုပါ မြန်မာ့ပထမဆုံး အခမဲ့ အွန်လိုင်းလက်ဖွဲ့ဝန်ဆောင်မှု ဝက်ဘ်ဆိုဒ် MingalarLetPhwet.com ကို ယနေ့၊ သြဂုတ်လ ၁၇ ရက်နေ့၊ ရန်ကုန်မြို့Novotel ဟိုတယ်မှာ စတင် မိတ်ဆက်လိုက်ပါတယ်။
“ဧည့်သည်တွေအနေနဲ့ မင်္ဂလာမောင်နှံ ဘာလိုချင်လဲ မသိကြတဲ့အခါ လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေ ခန့်မှန်းပြီး လက်ဖွဲ့ပေးတတ်ကြပါတယ်။
အဲဒီမှာ ပစ္စည်းတမျိုးတည်းကို ၂ ခါရပြီး လက်ဖွဲ့ပစ္စည်း တူတာတွေ ထပ်နေတော့ ချောင်ထိုးထားရတာတွေရှိတယ်။ အခု ဒီ ဝန်ဆောင်မှုက မြန်မာပြည်က မင်္ဂလာမောင်နှံတွေ ကြုံတွေ့နေရတဲ့ အဲဒီ စိတ်ရှုပ်စရာကိစ္စတွေကို ဖြေရှင်းကူညီပေးမှာပါ။ မင်္ဂလာမောင်နှံတွေ တကယ်လိုအပ်တဲ့၊ လိုချင်တဲ့ လက်ဖွဲ့ပစ္စည်းတွေ ရရှိအောင် ဒီဝက်ဘ်ဆိုဒ်ကနေ ဝန်ဆောင်မှုပေးသွားမှာပါ” လို့ Mingalar Let Phwet ကုမ္ပဏီရဲ့ CEO ဖြစ်သူ Mr.Charles-Patrick Rowan က ပြောပါတယ်။
မင်္ဂလာမောင်နှံများအနေနဲ့ MingalarLetPhwet.com ဝက်ဘ်ဆိုဒ်မှာ မှတ်ပုံတင်လိုက်တာနဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ၊ Pre-wedding ဓာတ်ပုံများ၊ လိုချင်တဲ့ လက်ဖွဲ့ပစ္စည်းစာရင်းများကို မျှဝေနိုင်မယ့် မင်္ဂလာမောင်နှံ နှစ်ဦးပိုင် ကိုယ်ပိုင်အသေးစား ဝက်ဘ်ဆိုဒ်တခုကို ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် မိမိတို့ လိုချင်တဲ့ လက်ဖွဲ့စာရင်းကို စာရင်းပြုစုပြီး အဆိုပါ လက်ဖွဲ့ပစ္စည်းစာရင်းကို Facebook မှ တဆင့် Link ပေးပို့ခြင်း (သို့မဟုတ်) မင်္ဂလာဖိတ်စာမှာ ထည့်သွင်းခြင်း ပြုလုပ်ပြီး မင်္ဂလာပွဲဖိတ်ကြားမယ့် ဧည့်သည်များကို အသိပေး မျှဝေနိုင်မယ်လို့ သိရပါတယ်။
“မင်္ဂလာပွဲ ကျင်းပပြီးသွားတဲ့အခါ ကျမတို့ MinglarLetPhwet.com ကနေ လက်ဖွဲ့ပေးထားတဲ့ ပစ္စည်းတွေကို ပို့ဆောင်ခ ပေးစရာမလိုဘဲ မင်္ဂလာမောင်နှံအိမ်ကို ပွဲကျင်းပပြီး ၅ ရက်ကနေ တပတ်အတွင်း အခမဲ့ တိုက်ရိုက် ပို့ဆောင်ပေးသွားမှာပါ။ မင်္ဂလာလက်ဖွဲ့ ပစ္စည်းမထပ်အောင်လည်း ဝက်ဘ်ဆိုဒ်မှာ ရွေးပြီးသား ပစ္စည်းတမျိုးကို ထပ်ရွေးလို့ မရအောင် ကျမတို့ ပြုလုပ်ထားပါတယ်။ မင်္ဂလာမောင်နှံများနဲ့ ဧည့်သည်များအတွက် အားလုံး အခမဲ့ပါ။ အကျိုးအမြတ်ကတော့ ကျမတို့ Supplier ဘက်က ယူပါတယ်” လို့ Mingalar Let Phwet ကုမ္ပဏီရဲ့ အရောင်းမန်နေဂျာ မရွှေရည်သော်က ပြောပါတယ်။

မင်္ဂလာမောင်နှံများအနေနဲ့ မိမိတို့လိုချင်တဲ့ လက်ဖွဲ့ပစ္စည်းများကို MingalarLetPhwet.com ဝက်ဘ်ဆိုဒ်မှာ ရှိတဲ့ မီးဖိုချောင်သုံးပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လက်ဝတ်ရတနာပစ္စည်းများ၊ ဟန်းနီးမွန်း ခရီးစဉ် Package များနဲ့ ငွေသားလက်ဖွဲ့ Gift Voucher များ အပါအဝင် အရည်အသွေးမြင့် လက်ဖွဲ့ ပစ္စည်း အမျိုးအစားပေါင်း ၅၀၀၀ ကျော်ထဲမှ စိတ်ကြိုက် ရွေးချယ်သတ်မှတ်နိုင်ပါတယ်။
ဧည့်သည်များအနေနဲ့ မိမိတို့ လက်ဖွဲ့လိုက်တဲ့ ပစ္စည်းတန်ဖိုး ကျသင့်ငွေကို အွန်လိုင်းမှ ငွေပေးချေခြင်းအတွက် MPU, Visa Card, Master Card, Mobile Banking စနစ်တို့ အသုံးပြုနိုင်ပြီး Wave Money နဲ့ Ooredoo ဝန်ဆောင်မှုများလည်း အသုံးပြုနိုင်ကြောင်း (သို့မဟုတ်) ဘဏ်များမှ တဆင့်ငွေလွှဲခြင်း၊ ငွေသားဖြင့် တိုက်ရိုက် ငွေပေးချေခြင်းများ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

MingalarLetPhwet.com ဝက်ဘ်ဆိုဒ်ဟာ ၂၀၁၇ ခုနှစ်မှှာ စတင် ဖွဲ့စည်းခဲ့တဲ့ MP partner Co.,Ltd (Myanmar Paris Partners) ရဲ့ လုပ်ငန်းခွဲတခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသော အခမဲ့ အွန်လိုင်းလက်ဖွဲ့ ဝန်ဆောင်မှု ဝက်ဘ်ဆိုဒ်တခု ဖြစ်ပါတယ်။
MingalarLetPhwet.com ဝက်ဘ်ဆိုဒ်မှာ မင်္ဂလာမောင်နှံများအတွက် မိမိတို့လိုချင်တဲ့ လက်ဖွဲ့ပစ္စည်းများ စိတ်ကြိုက် ရွေးချယ်နိုင်ရန် Philips, Hitachi, Luminarc, Royal Furniture, UCHINO, Cristal d’Arques Paris, Sunhouse, Akira, Midea, Rinnai, Brandt, Lock & Lock, Electrolux, Supor, Carmy, Wilmax, Happy Ware, Tiger, Mondeo, Fortune နဲ့ New World Mart စတဲ့ နာမည်ကြီး အမှတ်တံဆိပ် ထုတ်ကုန်များနဲ့ ချိတ်ဆက် လုပ်ကိုင်ထားတယ်လို့ သိရပါတယ်။ ။