Lifestyle

ပရိသတ်ရင်ထဲက Winner ဖြစ်တဲ့အတွက် ကျေနပ်တယ်လို့ဆိုတဲ့ အလှမယ် ထွန်းပုလဲရတနာ

Want create site? Find Free WordPress Themes and plugins.

Miss Myanmar International 2017 ရဲ့ 1st Runner up ဆုရှင် ခါးနံပတ် ၅ ထွန်းပုလဲရတနာကတော့ ပြိုင်ပွဲမှာ Winner မဖြစ်ခဲ့ပေမယ့် ပရိသတ်ရင်ထဲက ချစ်ခြင်းမေတ္တာနဲ့ပေးတဲ့ Winner ဆုကို ရခဲ့တဲ့အတွက် ကျေနပ် ပီတိ ဖြစ်ပါတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ပရိသတ်တွေရဲ့အားပေးမှုကြောင့် ညီမ ကြိုးစားပေမယ့်လည်း တဖက်တလမ်းက ကိုယ်ဖြစ်ချင်တဲ့ အိပ်မက် အလှမယ်တယောက်တော့ ဖြစ်ခွင့်မရရှိခဲ့ဘူး။ ဒါပေမယ့် အားလုံးရဲ့ရင်ထဲက Winner ပါလို့ သတ်မှတ်ခြင်းခံရတယ်။ အဲဒီလို သတ်မှတ်ခြင်းခံရတာကလည်း သူတို့ရင်ထဲက ချစ်ခြင်းမေတ္တာကို ဖော်ပြတယ်ပေါ့။ အဲဒီ ချစ်ခြင်းမေတ္တာကို သရဖူထက် တန်ဖိုးထားတယ်။ အရမ်းကိုပဲ ပီတိဖြစ်ရပါတယ်။ အဲဒီအတွက် ပရိသတ်တွေ အချစ်မလျော့ သွားရအောင် ဆက်လက်ထိန်းသိမ်းသွားချင်တယ်။ ကြိုးစားသွားချင်တယ်။ တာဝန်ကျေပွန်စွာ လုပ်ဆောင် သွားချင်တယ်” လို့ အလှမယ် ထွန်းပုလဲရတနာက ဆိုပါပါတယ်။

အဆိုပါ Miss Myanmar International 2017 ပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်အတွင်းမှာ ခါးနံပတ် ၅ ဖြစ်သူ အလှမယ် ထွန်းပုလဲရတနာကို ပရိသတ်တော်တော်များများက winner အဖြစ် မျှော်မှန်းထားခဲ့ကြတာပါ။

 

Miss Myanmar International 2017 1st runner up အလှမယ် ထွန်းပုလဲရတနာ

အဲဒီလို ပရိသတ်ရဲ့အားပေးမှုကြောင့် ကြိုးစားအားထုတ်မှုများစွာဖြင့် ယှဉ်ပြိုင်ခဲ့သော်လည်း 1st Runner up သာ ရရှိခဲ့ပြီး သူမရဲ့ အိပ်မက်ဖြစ်တဲ့ မြန်မာကိုယ်စားပြုအလှမယ်တယောက်မဖြစ်သေးတဲ့အတွက် ဆက်လက် ကြိုးစားသွားပါဦးမယ်လို့လည်း ပြောပါတယ်။

“နောက်ထပ်ပြိုင်ပွဲ ထပ်ပြိုင်ဖို့ကတော့ မဆုံးဖြတ်ရသေးဘူး။ သေချာတာတခုကတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်တယောက်ဖြစ်ချင်တယ်။ အဲဒီ အိပ်မက်ကိုတော့ မစွန့်လွှတ်နိုင်သေးဘူး။ အဲဒီအတွက် ပြိုင်ပွဲပြိုင်ဖို့ကတော့ မဆုံးဖြတ်ရသေးဘူးပေါ့” လို့ ထွန်းပုလဲရတနာက ပြောပါတယ်။

အလှမယ် ထွန်းပုလဲရတနာဟာ အသက် ၁၉ နှစ်အရွယ် ဆေးကျောင်းသူတဦးဖြစ်ပြီး Miss Myanmar World 2016 တွင် Top 10 ထိသာ ဝင်ရောက်ခဲ့ကာ ယခု Miss Myanmar International 2017 မှာတော့ 1st Runner up ကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

Miss Myanmar International 2017 တွင် ခါးနံပါတ် ၂၀ အလှမယ် စဝ်ယွန်းဝတီဦးက အလှမယ်သရဖူဆုကိုရရှိခဲ့ပြီး 1st Runner Up ဆုကို ခါးနံပါတ် ၅ အလှမယ် ထွန်းပုလဲရတနာ၊ 2nd Runner Up ဆုကို ခါးနံပါတ် ၁ အလှမယ် အိကေဇင်သန်းတို့က ရရှိခဲ့ကြပါတယ်။

အဆိုပါပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များအဖြစ် ပြည်တွင်းမှပညာရှင်များနှင့်အတူ Miss International 2016 ဖိလစ်ပိုင်အလှမယ် Kylie Verzosa လည်း ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading