လူငယ်ပရိသတ် အခိုင်အမာရရှိထားပြီး အမြဲတမ်း တက်တက်ကြွကြွနဲ့ သီချင်းတွေကို သီဆို ဖျော်ဖြေ တတ်တဲ့ ကချင်အဆိုတော် အမွန်းက သရုပ်ဆောင်အနေနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ရုပ်ရှင်တွေ ထပ်ရိုက်ဖို့ အစီအစဉ်ရှိပါတယ်လို့ ဧရာဝတီကို ပြောပါတယ်။
ဒါရိုက်တာ အာကာရိုက်ကူးပြီး မင်းသားနိုင်းနိုင်းနဲ့အတူ အမွန်းပါဝင်သရုပ်ဆောင်ထားတဲ့ “ဒုဋ္ဌဝတီကို လွန်၍” ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင် ထွက်ရှိလာတော့မှာဖြစ်ပြီး အဲဒီဇာတ်ကားမှာလည်း ပထမဦးဆုံး ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ထားတဲ့ အမွန်းက အစွမ်းကုန် ကြိုးစား ထားတယ်လို့ ဆိုပါတယ်။
“ဒုဋ္ဌဝတီကို လွန်၍” ဇာတ်ကားက ဒီနှစ်ကုန် သို့မဟုတ် နောက်နှစ်လောက် ထွက်လာမယ်။ ဒီကားက အက်ရှင်ဆိုပေမယ့် ဒီကားမှာ အဓိကက ကိုနိုင်းနိုင်းက ချရတာ။ အမွန်းကကျ ဒီဇာတ်ကားမှာ သတင်း အချက်အလက်တွေ ထောက်ပြပေးတဲ့၊ သမိုင်းကြောင်းကို နားလည်ပေးတဲ့ ကောင်မလေး နေရာကနေ သရုပ်ဆောင်ထားတာပါ” လို့ အမွန်းက ဧရာဝတီကို ပြောပါတယ်။
အမွန်းအနေနဲ့ လတ်တလောမှာ တတိယ တကိုယ်တော် Album ထွက်ရန် ပြင်ဆင်နေပြီး မကြာခင် ထွက်ရှိလာတော့မှာ ဖြစ်တာကြောင့် အမွန်းအနေနဲ့ စိတ်လှုပ်ရှားပြီး ပျော်နေတယ်လို့ ဆိုပါတယ်။
“အမွန်း အခု အရမ်းစိတ်လှုပ်ရှားနေတယ်။ ပျော်လည်း ပျော်နေတယ်။ အလုပ်လည်း တအားများပြီး လုံးချာလည်လိုက်နေတယ်။ အခွေမှာ သီချင်းက ၉ ပုဒ်လောက် ပါပါမယ်။ Album နာမည် ကိုတော့ မပြောချင်သေးဘူး။ ထွက်လာလို့ရှိရင် အားလုံးသိပါလိမ့်မယ်လို့။ Album နာမည် မပြောချင်သေးဘူး ဆိုတာ Album နာမည် က ရွေးထားပြီးပါပြီ။ ဒါပေမယ့် အကုန်လုံး အဆင်သင့် မဖြစ်သေးတော့ အမွန်းက မပြောချင်တာပါ” လို့ သူက ဆိုပါတယ်။

အခွေအသစ်အတွက် သီချင်း Mixing အပိုင်းများကိုတော့ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့ မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အသံသွင်းတာနဲ့ တီးတာကိုတော့ မြန်မာနိုင်ငံမှာပဲ ပြုလုပ်ထားတယ်လို့ အမွန်းက ပြောပါတယ်။
အသစ်ထွက်လာမယ့် အခွေမှာ “Little Butterflies” ဆိုတဲ့ အင်္ဂလိပ်သီချင်းတပုဒ် အပါအဝင် စုစုပေါင်း ၉ ပုဒ် ပါဝင်မှာဖြစ်ပြီး အမွန်းကိုယ်တိုင် ရေးထားတဲ့ သီချင်း ၈ ပုဒ် ပါဝင်မယ်လို့ သိရပါတယ်။
“သီချင်းပုံစံတွေက ချစ်တဲ့အကြောင်းလေးတွေ၊ လွမ်းဆွေးတဲ့အကြောင်းတွေ၊ နာကျည်းတဲ့ အကြောင်းတွေ ပါမယ်။ အချစ်နဲ့ပတ်သက်ပြီး လူတွေ ခံစားတတ်တဲ့ အကြောင်းတွေကို အမွန်းက ထောင့်ပေါင်းစုံကနေ ခံစားပြီး ရေးထားတဲ့ အခွေလေးပါ။ ပရိသတ်ကြိုက်မယ်လို့ အမွန်း ထင်တာ “တဖတ်သတ်အချစ်” ဆိုတဲ့ သီချင်း၊ ပြီးတော့ “ဂျိန်းဖော” ဆိုတဲ့ သီချင်းနဲ့ “အဝေး” ဆိုတဲ့ သီချင်းတို့ ကြိုက်မယ်ထင်တယ်” လို့ အမွန်းက ပြောပါတယ်။

အခွေသစ်မှာ ပါဝင်လာမယ့် သီချင်းတွေက Pop သီချင်း အမျိုးအစားထဲကပဲ ဖြစ်ပြီး အရှေ့မှာ ထွက်ထားတဲ့ “Automatic” အခွေနဲ့ “မင်းပေးတဲ့အချစ်” သီချင်းခွေ ပုံစံများနဲ့တော့ ကွာသွားမယ်လို့ အမွန်းက ဆိုပါတယ်။ ပါဝင်မယ့် သီချင်းများက အမွန်းရဲ့ စတိုင် အမြူးပုံစံများ၊ မမြူးမအေး ပုံစံတွေနဲ့ သီချင်းအေးအေးလေးတွေလည်း ပါမယ်လို့ သိရပါတယ်။
အဆိုတော် အမွန်းက ၂၀၁၀ ခုနှစ်လောက်မှာ “Tiger Girls” ဆိုတဲ့ အမျိုးသမီး အဆိုတော် အဖွဲ့နဲ့ အတူ ဂီတလောကထဲကို စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး “Me N Ma Girls” အဖွဲ့အနေနဲ့လည်း အနုပညာလှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။
၂၀၁၄ ခုနှစ်လောက်မှာ တကိုယ်တော် သီချင်းသီဆိုမှုတွေနဲ့ စတင်ဖျော်ဖြေခဲ့တဲ့ အမွန်းဟာ “မင်းပေးတဲ့အချစ်” နဲ့ “Automatic” အမည်ရှိတဲ့ တကိုယ်တော် တေးသီချင်း အယ်လ်ဘမ်များ ထွက်ရှိခဲ့ပါတယ်။ ။