အာဆီယံ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်ခဲ့တဲ့ Asean+3 သီချင်းဆိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အဆိုတော် နီနီခင်ဇော်က ဒုတိယဆု ရရှိခဲ့တယ်လို့ သိရပါတယ်။
“မြန်မာနိုင်ငံအတွက် “မျှော်လင့်ချက်တစုံတရာ” သီချင်းနဲ့ ASEAN သီချင်းဆိုပြိုင်ပွဲမှာ 1st Runner Up ဆု ရခဲ့ပါပြီ။ Semi Final နဲ့ Final နှစ်ဆင့်ပြိုင်ခဲ့ပါတယ်။ တေးသီချင်းများ သီဆိုခွင့်ပေးတဲ့ ကိုဆောင်းဦးလှိုင်နဲ့ Semi Final မှာ “နှုတ်ဆက်ထွက်ခွာခြင်း”ကို သီဆိုခွင့်ပေးခဲ့တဲ့ ဆရာ စောခူဆဲ၊ စိတ်ခွန်အားပေးယှဉ်ပြိုင်ဖို့အားပေးခဲ့တဲ့ ဆရာရွှေ .. music producer ဆရာ ဓိရာမိုလ်နဲ့ ကိုမျိုးဇော်ထက်…သူငယ်ချင်းအတွက် အားပါးတရကူပေးတဲ့ ကိုအောင်ထက်.. Dress မပုံ့၊ LED အတွက်ပြင်ဆင်ပေးသူများအားလုံး၊ အဖက်ဖက်မှ ကူညီပေးသူများအားလုံး… မြန်မာပြည်မှ အားပေးနေတဲ့ ပရိသတ်များအားလုံးကို အထူးကျေးဇူးတင်ပါတယ်.. အကောင်းဆုံး ကြိုးစားမှုကို ကျေနပ်လိမ့်မယ် ထင်ပါတယ်ရှင်” လို့ နီနီခင်ဇော်က သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားတာ တွေ့ရပါတယ်။
အဆိုပါပြိုင်ပွဲကို Voice of Vietnam (VOV) က ကျင်းပပြီး အာဆီယံ နိုင်ငံ ၁၁ နိုင်ငံအပြင် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အဆိုတော် ၂၄ ဦး ပါဝင်ယှဉ်ပြိုင်ကာ ဖိလစ်ပိုင်နိုင်ငံမှ အဆိုတော် Darlin Joy Baje က ပထမဆုရရှိခဲ့ပြီး ဒုတိယဆုကို နီနီခင်ဇော်နဲ့ ဗီယက်နမ်အဆိုတော် Phan Thu Lan တို့က ပူးတွဲရရှိခဲ့ပါတယ်။
အာဆီယံ နှစ် ၅၀ ပြည့် အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တေးသံရှင် နီနီခင်ဇော်နဲ့ အောင်ထက်တို့က သွားရောက်ယှဉ်ပြိုင်ခဲ့ရာ နီနီခင်ဇော်က Semi Final ပွဲစဉ်မှာ “နှုတ်ဆက်ထွက်ခွာခြင်း” တေးသီချင်းဖြင့်လည်းကောင်း၊ Final ပွဲစဉ်တွင် “မျှော်လင့်ချက်တစုံတရာ” တေးသီချင်းဖြင့်လည်းကောင်း သီဆိုခဲ့ကာ ဒုတိယဆုရရှိခဲ့တာဖြစ်ပါတယ်။
တေးသံရှင် အောင်ထက်ကတော့ ဆန်ခါတင် ၁၀ ယောက်အတွင်း မပါဝင်ခဲ့ပေမယ့် “အချစ်ဘယ်ကစ” ဆိုတဲ့ တေးသီချင်းနဲ့ Award of the audience ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
တေးသံရှင် နီနီခင်ဇော်က “မျှော်လင့်ချက်တစုံတရာ” တေးသီချင်းဖြင့် သူမရဲ့သီဆိုယှဉ်ပြိုင်ရာတွင် နောက်ခံ ပရိုဂျက်တာပေါ်၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံများဖြင့် သရုပ်ဖော်သီဆိုခဲ့ပြီး တေးသံရှင် အောင်ထက်ကလည်း ဗုံတူရိယာကို ကူညီတီးခတ်ပေးခဲ့ပါတယ်။
ယခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်များကို အသုံးပြုကာ သီဆိုယှဉ်ပြိုင်သွားခဲ့တဲ့အပေါ် လူမှုကွန်ရက်ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ပြောဆိုဝေဖန်မှုများလည်း ရှိခဲ့ပါတယ်။
အဆိုပါပြိုင်ပွဲကို သြဂုတ် ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲကိုတော့ သြဂုတ်လ ၂၀ ရက် နေ့ညတွင် ပြုလုပ်ခဲ့ပါတယ်။
ဆုရရှိခဲ့တဲ့ တေးသံရှင်နီနီခင်ဇော်က “ညနေ ၆ နာရီ ၁၅ မိနစ် အရောက် Vietnam airline နှှင့် အတူတူဆုကို မြန်မာ ပြည်ပြန် သယ်လာခဲ့ပါ့မယ်” လို့ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဝမ်းသာ ပီတီစကား ရေးသားထားတာတွေ့ရပါတယ်။
https://www.facebook.com/ParagoniaPink/videos/740502599489459/
တေးသံရှင် နီနီခင်ဇော်ရဲ့ မျှော်လင့်ချက်တစုံတရာ တေးသီချင်းဖြင့် ယှဉ်ပြိုင်ခဲ့တဲ့ ဗီဒီယိုကို ကြည့်ရှုနိုင်ရန် ဖော်ပြလိုက်ပါတယ်။