Lifestyle

ကျေးလက်သဘာ၀ ဒရာမာ၊ အက်ရှင်ကား “ပွဲခံမယ်”

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရဲ့ ကျေးလက်သဘာ၀ ရှုခင်းတွေနဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝတွေကြားက ၁၅၀၀၊ ၅၂၈ မေတ္တာဖွဲ့ အကြောင်းကို သဘာဝကျကျ ဒရာမာ၊ အက်ရှင်ပုံစံ ရိုက်ကူးထားတဲ့ “ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ ၁၈ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံးမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

“ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကားကို “R Square” ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က ပုံဖော် ရိုက်ကူးထားပါတယ်။ ဇာတ်ကားမှာ သရုပ်ဆောင်များအဖြစ် အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ ခန့်စည်သူ၊ နေမျိုးအောင်၊ ထူးခြား၊ အိချောပို၊ မိုးပြည့်ပြည့်မောင်၊ ဂွမ်းပုံကြီးနဲ့ အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားပါတယ်။

“ကိုယ့်ပြုတဲ့ ကံ ကိုယ်ပြန်ခံရမယ်” ဆိုတဲ့ လောကသဘာ၀ နိယာမကို မီးမောင်းထိုးထားတဲ့ “ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကားမှာ မကောင်းတာလုပ်ရင် မကောင်းတာ ခံရမယ်၊ ကိုယ်ပြုတဲ့အတိုင်း ကိုယ်ပြန်ခံရမယ် ဆိုတာကို ပညာပေးရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ငယ်ငယ်လေးကတည်းက မိဘတွေ မရှိတော့လို့ အဖွားဖြစ်သူရဲ့အုပ်ထိန်းမှုအောက်မှာ ဦးလေးနဲ့အတူ ကြီးပြင်းလာရပြီး အမြဲတမ်း အရက်သောက်၊ ဖဲရိုက်၊ ကြက်တိုက်၊ ရန်ဖြစ် အပေအတေ အဆိုးအမိုက်လို့ နာမည်ကြီးတဲ့ ရွာလူမိုက် “ရာကျော်” အဖြစ် အကယ်ဒမီ ထွန်းထွန်း၊ တူကို မဆုံးမဘဲ တူနဲ့အတူ လိုက်ပြိုင်ဆိုးမိုက်နေတဲ့ ကြီးမိုက် ဦးလေး လူပျိုကြီးအဖြစ် အကယ်ဒမီ ခန့်စည်သူက သရုပ်ဆောင်ထားပါတယ်။

ငယ်ငယ်က မိဘတွေရဲ့ ပြဿနာကြောင့် မတည့်ခဲ့တဲ့ “ဖွေးစိန်” (အိချောပို) နဲ့ “ရာကျော်” (ထွန်းထွန်း) တို့ဟာ တနေ့မှာတော့ အသက်အန္တရာယ်နဲ့ ကြုံတွေ့လာတဲ့ ဖွေးစိန် အသက်ကို ရာကျော်က ကယ်ပေးခဲ့ရာကနေ သူငယ်ချင်းဖြစ်ပြီး သံယောဇဉ်တွယ်သွားတဲ့ ဖွေးစိန်နဲ့ ရာကျော်က အရွယ်ရောက်လာတဲ့အခါ ချစ်သူတွေ ဖြစ်သွားကြပါတယ်။

ချစ်သူတွေ ဖြစ်သွားပေမယ့်လည်း အကျင့်စရိုက် မပြောင်းလဲဘဲ ဆိုးဆဲဆိုးမြဲ ပေတေဆဲ ရာကျော်ရဲ့ အကျင့်စရိုက်တွေကို ဖွေးစိန်က ပြုပြင်ပြောင်းလဲပေးဖို့ ကြိုးစားပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ ငယ်ငယ်က အသက်ကို ကယ်ခဲ့လို့ သူ့ရဲ့ အသက်နဲ့ ခန္ဓာကိုယ်ကို ရာကျော်ကို အပိုင်ပေးအပ်ထားတယ်ဆိုတဲ့ သံယောဇဉ်နဲ့ အချစ်ကြီးတဲ့ ကျေးလက်ရွာသူလေး “ဖွေးစိန်” အဖြစ် အိချောပိုက ဒီဇာတ်ကားမှာ ပီပီပြင်ပြင် သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

မိဘချင်းငယ်ငယ်က ဖြစ်ခဲ့တဲ့ ပြဿနာနဲ့ အချိုးမပြေလှတဲ့ ရာကျော်နဲ့ သူ့ဦးလေးရဲ့ဆိုးသွမ်းတဲ့ အကျင့်စရိုက်တွေကြောင့် ဖွေးစိန်အဖေက ဖွေးစိန်နဲ့ ရာကျော်ကို လုံး၀ သဘောမတူခဲ့ပါဘူး။ ဖခင် သဘောမတူတဲ့ ရာကျော်ကို ဖွေးစိန်က နှစ်နှစ်ကာကာ ချစ်နေတာကြောင့် ဖခင်ပြောစကားတွေကို နားမထောင်ဘဲ ရာကျော် တယောက်ကိုသာ ပြတ်ပြတ် သားသား ချစ်နေခဲ့ပါတယ်။

ဖွေးစိန်ဘက်က ရာကျော့်ကို ပြတ်ပြတ်သားသားနဲ့ နှစ်နှစ်ကာကာ ချစ်ပေမယ့်လည်း ရာကျော်ကတော့ သူ့ရဲ့ဆိုးသွမ်းတဲ့ အကျင့်စရိုက်တွေ ပြောင်းလဲမသွားပါဘူး။ ရွာမှာ ကြက်တိုက်ရင်း ရန်ဖြစ်ရာကနေ ဓါးထိုးမှုနဲ့ ထောင်ထဲရောက်သွားတဲ့ ရာကျော်တို့ တူအရီး နှစ်ယောက် ထောင်က ထွက်လာတဲ့အခါမှာလည်း အရင်လို ဆိုးဆဲဆိုးမြဲ ပေတေဆဲနဲ့ ဘဝကို ဖြတ်သန်းပါတယ်။

အရက်သောက်၊ ဖဲရိုက်၊ ကြက်တိုက်၊ မိန်းမတွေနဲ့ ပျော်ပါး၊ အချစ်ကို တန်ဖိုးမထားတဲ့ ရာကျော် တယောက်၊ နောက်ဆုံးမှာ သူပြုခဲ့တဲ့ အကုသိုလ်ကံတွေကို သူဘယ်လို ပြန်ခံရမယ်ဆိုတာ ပိတ်ကားထက်မှာ စောင့်ကြည့်ရမှာပါ။

သာမန် အချစ်၊ ဟာသ ဇာတ်လမ်းတွေထဲက ကွဲထွက်နေတဲ့ “ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကားက ကျေးလက် ဒေသ၊ သဘာဝတွေနဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝတွေကြားက မေတ္တာဇာတ်လမ်းကို ဒရာမာ၊ အက်ရှင် သဘာဝကျကျ ရိုက်ကူးထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ကျေးလက်သဘာ၀ ရှုခင်းတွေကို လှလှပပနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားမှာ Director of Photography ကို အိန္ဒိယနိုင်ငံမှ Mano V.Narayanan က ရိုက်ကူးပေးထားပြီး အသံပိုင်းစနစ်ကိုလည်း အိန္ဒိယနိုင်ငံမှာ သွားရောက် ပြုလုပ်ထားတယ်လို့ သိရပါတယ်။

“ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၁၈ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့သမ္မတရုပ်ရှင်ရုံ၊ ရှေ့ဆောင် ၊မင်္ဂလာရုပ်ရှင်ရုံများ၊ JCGV ရုပ်ရှင်ရုံများနဲ့ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပြင်ဦးလွင်၊ လားရှိုး၊ ဘားအံ၊ မော်လမြိုင်၊ ပုသိမ်၊ ဖျာပုံ၊ မြဝတီ၊ မြိတ် စတဲ့မြို့များမှာ တနိုင်ငံလုံး ရုံတင်ပြသလျက်ရှိတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading