အသက် ၁၇ နှစ် အရွယ် အလှမယ် အေးသဒ္ဒါလင်းဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပခဲ့တဲ့ ၁၇ ကြိမ်မြောက် Prince & Princess International 2017 တွင် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Miss Teen Supermodel International 2017 Winner ဆုနဲ့ The Best National Costume ဆုတို့ကို ရရှိခဲ့တယ်လို့ သိရပါတယ်။
ဆုရရှိခဲ့တာနဲ့ ပတ်သက်ပြီးတော့ အေးသဒ္ဒါလင်းက “အတွေ့အကြုံတွေကတော့ အများကြီးပါပဲ။ ဒီမှာ ပြိုင်ရတာနဲ့ မတူဘူး။ ဒီမှာတုန်းကကျတော့ မိတ်ကပ်ကို ကိုယ့်ဘာသာပြင်ရမယ်ဆိုတော့ မိတ်ကပ်ဆရာ မခေါ်သွားဘူး။ ဟိုရောက်တဲ့အခါမှာ သူများတွေက မိတ်ကပ်ဆရာတွေပါလာကြတယ်။ ကိုယ့်ဘာသာ ပြင်ဆင်ခဲ့ရတဲ့ အပိုင်းတွေ နောက်ပြီးတော့ ညီမရဲ့ National Costume က ဝတ်ရတာ ခက်တာရယ် စကားပြောရတာရယ်က အခက်အခဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါပြိုင်ပွဲကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှစတင်ကာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကာ Little Miss၊ Mini Miss၊ Miss Teen စသဖြင့် အမျိုးမျိုးသတ်မှတ်ထားပြီး မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ဖိလစ်ပိုင်၊ နီပေါ အစရှိတဲ့နိုင်ငံအသီးသီးမှ နိုင်ငံကိုယ်စားပြု Mister များ၊ Miss များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြုများအဖြစ် အောင်ဇေယျာဖြိုး၊ ထူးထူးအောင်လင်း၊ ဒီပိုင်နဲ့ အေးသဒ္ဒါလင်းတို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Prince & Princess International 2017 တွင် Talent ပြိုင်ပွဲ၊ ရေကူးဝတ်စုံပြိုင်ပွဲ၊ အမျိုးသားဝတ်စုံပြိုင်ပွဲ၊ အားကစား၊ အထွေထွေဗဟုသုတ၊ အမေးအဖြေကဏ္ဍ၊ အနောက်တိုင်းဝတ်စုံပြိုင်ပွဲ အစရှိတဲ့ ပြိုင်ပွဲအဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ရပြီး ပြိုင်ပွဲကာလ ၁ ပတ်ခန့် ကြာမြင့်ကာ Grand final ပြိုင်ပွဲကို ဇူလိုင်လ ၃၀ ရက်နေ့ညက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါပွဲကို မြန်မာနိုင်ငံအနေနဲ့ တတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
Title ဆု ၂ ခု ရရှိခဲ့တဲ့ အေးသဒ္ဒါလင်းက “ဒီဆုရပြီးတော့ ဘာမှတော့မလုပ်ဖြစ်သေးပါဘူး။ ကြော်ငြာရိုက်ဖို့တော့ ရှိပါတယ်။ အသက်ကတော့ ၁၇ နှစ်ပါ။ ကျောင်းကတော့ ၁၀တန်း တက်နေပါတယ်။ ညီမကို မသိသေးတဲ့ လူတွေကိုရော သိပြီးသားလူတွေအတွက်လည်း ကြိုးစားသွားမှာပါ။ မိဘတွေကလည်း ပံ့ပိုးပေးပါတယ်။ ခွင့်ပြုပေးထားပါတယ်။ ယုံကြည်မှုရှိရင် လုပ်ပါလို့ ပြောထားပါတယ်” လို့ ဆိုပါတယ်။