Apple ချစ်သူတွေ အတွက်ကတော့ မူလက ကုမ္ပဏီထုတ် ရှေးဟောင်း ပစ္စည်းတွေကို စုဆောင်းချင်သူတွေ အတွက် ရှားပါး Apple I ကွန်ပျူတာ တလုံးကို လာမယ့် စက်တင်ဘာလအတွင်း လေလံတင် ရောင်းချမယ်လို့ သိရပါတယ်။
အခုရောင်းချမယ့် Apple I မော်ဒယ်ကို Virginia Tech က ပါမောက္ခ David Larsonက Adam Schoolsky ဆီကနေ ၁၉၉၄ ခုနှစ် အတွင်းက ဒေါ်လာ ၃၅၀၀ နဲ့ ဝယ်ယူထားတာလည်း ဖြစ်ပါတယ်။ Schoolsky ကတော့ Apple ကို ပူးပေါင်း တည်ထောင်သူ Steve Jobs နဲ့ရော Steve Wozniak နဲ့ပါ သူငယ်ချင်း ဖြစ်တယ် လို့ သိရပြီး Jobs တို့က Shcoolsky ကို လက်ဆောင်အဖြစ် ပေးထားတာ ဖြစ်ပါတယ်။
အဆိုပါ Apple I မော်ဒယ်ကို ၁၉၇၆ ခုနှစ်က Steve Zozniak က ဖန်တီးခဲ့တာ ဖြစ်ပြီး ဒီမော်ဒယ်ကို Online လေလံ ကုမ္ပဏီ Chairtybuzz ကနေ စက်တင်ဘာလ ၁၂ ရက်နေ့မှာ လေလံတင် ရောင်းချမှာလည်း ဖြစ်ပါတယ်။ အဆိုပါ လေလံတင် ရောင်းချလို့ ရရှိလာတဲ့ ရောင်းရငွေ အားလုံးကို FAIRS သ့ို လှူဒါန်းမှာ ဖြစ်ပြီး ဒီအဖွဲ့က အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယား အခြေစိုက် အကျိုးအမြတ်မယူဘဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အရေးပေါ် ရေဒီယိုစနစ်နဲ့ ပတ်သတ်ပြီး အကူအညီ ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
Apple I ဝယ်ယူသူ အနေနဲ့ မော်ဒယ်ကို ပိုင်ဆိုင်ခွင့်ရမယ့် အပြင် ၁၉၉၄ ခုနှစ် အတွင်းက Schoolsky ကနေ Larson ဆီကို ပေးအပ်တဲ့ မူလ လက်ရေးပါ စာကိုလည်း ပူးတွဲရရှိမှာ ဖြစ်တယ် လို့ သိရပါတယ်။ ဒါအပြင် Apple I နဲ့ Apple II တွေရဲ့ ဘောက်ချာစာရွက်တွေ၊ PC ကွန်ပျူတာတွေနဲ့ ပတ်သတ်ပြီး ပထမဆုံး ရိုက်နှိပ်ထုတ်ဝေတဲ့ ၁၉၇၇ ခုနှစ်ထုတ် Silicon Gulch Gazette စာစောင်ပါ ပိုင်ဆိုင်ခွင့် ရမှာပါ။
လေလံပစ္စည်း စာရင်းမှာ Apple ရဲ့ တတိယမြောက် ပူးပေါင်း တည်ထောင်သူ အဖြစ် ရှိပေမယ့် လူသိနည်းတဲ့ Ron Wayne ရဲ့ လက်ဆွဲ Logo အကြမ်းပုံတွေလည်း ပါရှိဦးမယ် လို့ သိရပါတယ်။ Ron ဟာ Apple ရဲ့ Logo ကို ရေးဆွဲခဲ့သူ ဖြစ်ပြီး Apple I မော်ဒယ် အတွက် အဆိုပါ အမှတ်တံဆိပ်ကို လက်နဲ့ ရေးဆွဲခဲ့တယ် လို့ သိရပါတယ်။ သူဟာ Apple I ရဲ့ တပ်ဆင် ဖန်တီးမှု ပုံကြမ်းကိုလည်း ရေးဆွဲသူလို့ သိရပါတယ်။
နောက်ပြီး အခုခေတ် CD ခွေတွေ Hard Disk တွေနဲ့ အချက်အလက်တွေကို သိမ်းဆည်းကြပေမယ့် အဆိုပါ အချိန်က အချက်အလက် တွေကို ကတ်ဆက်တိပ်ခွေတွေနဲ့ သိမ်းဆည်းတာ ဖြစ်ပြီး မူလ Apple I နဲ့ တွဲဖက် သုံးနိုင်မယ့် ကက်ဆက် တိပ်ခွေလည်း ပူးတွဲပါရှိလာမှာ ဖြစ်ပါတယ်။ ဈေးကွက် အတွင်း Apple I အရေ အတွက် အနည်းငယ်ပဲ ရောင်းချထားသလို အဆိုပါ Apple I ကို ဝယ်ယူခဲ့သူ အများစုက အခုလို ကက်ဆက်တိပ်ခွေတွေပါ ပစ္စည်း စုံအောင် ဝယ်မသုံးခဲ့ကြလို့ အခု လေလံတင်မယ့် Apple I နဲ့ အတူ ကတ်ဆတ်ခွေတွေ၊ Recorder တွေပါ ပါရှိလာတာကိုက ရှေးဟောင်း ပစ္စည်းစုံကို တခါတည်း ဝယ်ယူ စုဆောင်းနိုင်ဖို့ အခွင့်အလမ်း ရလာမှာလည်း ဖြစ်ပါတယ်။
နောက်ဆုံး လေလံတင် Apple I မှာ ပါရှိဦးမယ့် နောက်ထပ် ပစ္စည်းတခုကတော့ Zaltair လက်ကမ်းကြော်ငြာ အဖြစ် လူသိများတဲ့ မူရင်း ကြော်ငြာ စာရွက်ပါ။ ၁၉၇၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ West Coast Computer Faire မှာ ကမ်းမယ့် ကြော်ငြာ စာရွက်ကို Schoolsky က အရွယ်ပေါင်း ထောင်ပေါင်းများစွာ ရိုက်နှိပ် ကမ်းဝေခဲ့တာ ဖြစ်ပြီး အဆိုပါ လက်ကမ်း ကြော်ငြာစာရွက်တွေကတော့ ဒီနေ့ထိအောင် သိမ်းဆည်းထားသေးသူ အများအပြား ရှိနေသေးပေမယ့် အခု Apple I နဲ့ အတူ တရွက်ပါရှိ ရောင်းချမှာလည်း ဖြစ်ပါတယ်။
စာရင်းတွေ အရတော့ Apple အနေနဲ့ အခု Apple I မော်ဒယ် အလုံးရေ ၁၇၅ လုံး ထုတ်လုပ်ခဲ့တာ တွေ့ရပြီး ၁၉၇၇ ခုနှစ် မှာ Apple I ထုတ်လုပ်မှု ရပ်နားလိုက်တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Apple II ကို အစားထိုး ထုတ်လုပ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ တဒါဇင်လောက်သော Apple I တွေကပဲ မူရင်း အတိုင်း ကောင်းမွန်ပြည့်စုံတဲ့ အနေအထားမှာ ရှိတော့တယ် လို့ သိရပါတယ်။
အခု Apple I မော်ဒယ်ကိုတော့ ဈေးနှုန်း ဘယ်လောက် ဖွင့်မယ်၊ ဘယ်လောက် ဈေး ရနိုင်မယ် မသိရသေး ပေမယ့် မေလ အတွင်းက ဂျာမနီ လေလံပွဲ တခုမှာတော့ အခြား Apple I မော်ဒယ်ကို ဒေါ်လာ ၁ ဒသမ ၃ သိန်းနဲ့ ရောင်းချခဲ့တာ တွေ့ရပါတယ်။
Ref: www.businessinsider.com