စင်ကာပူရှိ Bata ဆိုင်များတွင် ဖိနပ်ဆိုင်ရာ ဝန်ဆောင်မှုများပေးနေ
အားလုံးသိကြတဲ့ Bata ဖိနပ်ကုမ္ပဏီဟာ ၁၈၉၄ ခုနစ် သြဂုတ်လ ၂၄ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ချက်သမ္မတနိုင်ငံမှာစတင်ခဲ့တဲ့ အဆိုပါ မိသားစုပိုင်ကုမ္ပဏီဟာ ယခုဆိုရင် ဥရောပ၊ အမေရိက၊ အာဖရိကနဲ့ အာရှတခွင်အထိ ချဲ့ထွင်ပြီး ရောင်းချနေတာပါ။
Bata ဖိနပ်ကုမ္ပဏီဟာ သြဂုတ်လ ၂၄ ရက် ကြာသပတေးနေ့မှာနှစ်ပေါင်း ၁၂၃ နှစ်ပြည့်ပြီဖြစ်တဲ့အတွက် ဈေးဝယ်သူတွေကို ဆွဲဆောင်မှုတခုပြုလုပ်ခဲ့ပါတယ်။
အဲဒါကတော့ Bata ဖိနပ်ဆိုင်ကို လာရောက်ကြသူ အားလုံးကို အခမဲ့ ဖိနပ်သန့်ရှင်းရေး ဝန်ဆောင်မှုများ ပေးနေတာပဲ ဖြစ်ပါတယ်။
ချက်သမ္မတနိုင်ငံအတွင်းမှာရှိနေတဲ့ Bata ဖိနပ်ဆိုင်ခွဲများမှာတော့ ဖိနပ်များကို ပြန်လည်ပြုပြင်ပေးခြင်း၊ သန့်ရှင်းပေးခြင်း၊ အရောင်တင်ပေးခြင်းနဲ့ ဖိနပ်ဆေးပေးခြင်းစတဲ့ ဝန်ဆောင်မှုတွေကိုပါ အခမဲ့ ဆောင်ရွက်ပေးနေတယ်လို့ သတင်းက ဆိုပါတယ်။
အဆိုပါ ဝန်ဆောင်မှုများကို Bata ဖိနပ်အား ဝယ်ယူခြင်းမပြုဘဲနဲ့လည်း ရယူနိုင်သလို၊ မည်သည့်ဖိနပ် တံဆိပ်အမျိုးအစားကိုမဆို အခမဲ့ ဆောင်ရွက်မှုပေးနေတာလည်းဖြစ်ပါတယ်။
Bata ကုမ္ပဏီဟာ စင်ကာပူနိုင်ငံမှာတော့ ဆိုင်ခွဲပေါင်း ၄၁ ဆိုင် ဖွင့်လှစ်ရောင်းချနေတာပါ။
သို့သော်လည်း အထက်မှာဖော်ပြခဲ့တဲ့ ဝန်ဆောင်မှုများကိုတော့ စင်ကာပူနိုင်ငံရဲ့ အကြီးဆုံးရှော့ပင်းစင်တာဖြစ်တဲ့ Vivo City နဲ့ ပန်နီစူလာပလာဇာတွေမှာဖွင့်လှစ်ထားတဲ့ Bata ဖိနပ်အရောင်းဆိုင်တွေမှာ ယခုအချိန်မှစလို့ ၂၀၁၇ နှစ်ကုန်ပိုင်းအထိ အခမဲ့ ဝန်ဆောင်မှုပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Bata ရဲ့စင်ကာပူဆိုင်ခွဲ မန်နေဂျာဖြစ်တဲ့ Emmanuel Goh က “ယခုလို အခမဲ့ ဝန်ဆောင်မူပေးရင်းနဲ့ ဖိနပ် သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းတွေကိုပါ မိတ်ဆက်တဲ့သဘောပါ။ ယခုလို ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး လာရောက်ကြသူများအတွက် အမျိုးမျိုးသော ဖိနပ်တွေကို တပါတည်းမြင်သွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ” လို့ ပြောကြားခဲ့တာပါ။
ဆက်လက်ပြီး “အခုချိန်မှာ ဖိနပ်သန့်ရှင်းမှုအတွက် ဝန်ဆောင်မူပေးတဲ့လုပ်ငန်းဟာလည်း တဖြည်းဖြည်းနဲ့ ရှားပါးလာပါပြီ’’ လို့ သူက ဆိုပါတယ်။
သြဂုတ်လ ၂၄ ရက်နေ့ကစတင်ပြီး ပန်နီစူလာပလာဇာမှာရှိတဲ့ Bata ဆိုင်ခွဲမှာတော့ “Complimentary Shoe Shining Service” ဆိုပြီးချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ကို တွေ့မြင်ရမှာဖြစ်ကြောင်း သတင်းကဖော်ပြထားပါတယ်။
ယခုလို အခမဲ့ဝန်ဆောင်များကို လက်မလွတ်သင့်ကြောင်း စင်ကာပူနိုင်ငံရောက် ရွှေမြန်မာများအတွက် ရေးသား ဖော်ပြပေးလိုက်ပါတယ်။
www.straitstimes.com တွင်ဖော်ပြထားတဲ့ Bata is offering to polish your shoes for free at VivoCity & Peninsula Plaza outlets ဆိုတဲ့သတင်းကို ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။