Lifestyle

ပင်ပန်းပေမယ့် မိခင်ဘဝကိုပျော်တယ်ဆိုတဲ့ ချစ်သုဝေ

အမြွှာသမီးလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ သရုပ်ဆောင်ချစ်သုဝေက သမီးလေးတွေ မွေးဖွားပြီးတဲ့နောက် အနုပညာအလုပ်များနဲ့ သမီးလေးတွေအတွက် အချိန်ပေးရတာ ပင်ပန်းပေမယ့် မိခင်ဘဝကို ပျော်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“သစ်ရော ခေတ်ရောက အစ်မကို အရမ်းကပ်တော့ အိမ်မှာ ဆရာမတွေရှိနေပေမယ့် အစ်မလုပ်မှရတော့ အစ်မက အနုပညာအလုပ်ရော အိပ်ချိန်စားချိန် ကိုယ့်အတ္တ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ အရာတိုင်းကို ဘေးကိုဖယ်ပြီးတော့ သူတို့လေးတွေအတွက် ဦးစားပေးပြီး အချိန်ပေးပြီးလုပ်ရတာပေါ့။ အစ်မကို ကလေးမွေးထားပြီး ပိန်တယ်ဆိုတာက အရမ်းကိုပင်ပန်းတာကိုး၊ သူတို့နှစ်ယောက်ကိုလည်း ထိန်းရတယ်။ အနုပညာအလုပ်လေးလည်း လုပ်သေးဆိုတော့ တခါတလေကျရင် အိပ်ချိန်စားချိန်တွေ မမှန်တော့ဘူး။ဒါပေမယ့် ဒီအမေဘဝကိုပျော်ပါတယ်” လို့ ဆိုပါတယ်။

သမီးလေးနှစ်ယောက် ကျန်းကျန်းမာမာကြီးပြင်းရန်နဲ့ သူမရဲ့ ပရိသတ်တွေအတွက် တတ်နိုင်သလောက် အလုပ်လုပ်ပေးရန်အတွက် အပင်ပန်းခံနိုင်ရမယ်လို့ ခံယူထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တဖက်တွင် သမီးနှစ်ယောက်အတွက် ဂရုစိုက်သလို တဖက်တွင်လည်း ပရိသတ်များနဲ့ အဆက်မပြတ်ရန်အတွက် ရုပ်ရှင်ကားရိုက်များကို တနှစ်နားထားသော်လည်း သီချင်းသီဆိုမှုများ၊ ကြေငြာများကို ရိုက်ကူးလျက်ရှိတယ်လို့ သိရပါတယ်။

သရုပ်ဆောင် အဆိုတော် ချစ်သုဝေက သူ့ရဲ့ ဒုတိယမြောက်တကိုယ်တော်အခွေ ထွက်ရှိဖို့ရန် စီစဉ်နေတယ်လို့သိရပြီး အဲဒါနဲ့ပတ်သက်လို့ “တကိုယ်တော်အခွေလေးက အောက်တိုဘာ၊ နိုဝင်ဘာထဲမှာ ထွက်ဖို့ရှိပါတယ်။ သီချင်းလေးတွေက ပထမအခွေထဲက အတိုင်းလေးတွေလိုပဲ ဖြစ်မှာပါ။ တေးရေးတွေက ကိုလင်း၊ကိုဇဝါ၊ ကိုဝေလ၊ကိုစံပီး၊ တေးရေးအသစ် ကိုနေဝါပါမယ်။ သီချင်းလေးတွေကတော့ ၁၁ ပုဒ်ဖြစ်ရင်ဖြစ်မယ်၊ ၁၂ပုဒ်ဖြစ်ရင်ဖြစ်မယ်။ အခွေကလည်းမထွက်တာ “တိမ်တွေနေတဲ့အရပ်” ပြီးတော့ ၇ နှစ်လောက်ရှိပြီ။ စောင့်ရ ကျိုးနပ်အောင်ကြိုးစားပါ့မယ်လို့ လိုအပ်တဲ့အပိုင်းတွေ ရှိရင်လည်း နားလည်ပေးပါလို့ပြောချင်ပါတယ်” လို့ ချစ်သုဝေက ပြောပါတယ်။

အဆိုတော် ချစ်သုဝေဟာ ၂၀၁၀ ခုနှစ်တွင် “တိမ်တွေနေတဲ့အရပ်” ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော်တေးစီးရီး ထွက်ရှိခဲ့တာဖြစ်ပြီး အောက်တိုဘာလတွင် ဒုတိယမြောက်အခွေ ထွက်မှာဖြစ်တယ်လို့ သိရပါတယ်။

Loading