ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံတွေက ထုတ်လွှတ်တဲ့ အမှုန်တွေနဲ့ ဓာတ်ငွေ့တွေက သင့်ရဲ့ ကျန်းမာရေးကို ဘယ်လို အဆိပ်သင့်စေနိုင်တယ် ဆိုတာ တင်ပြပါမယ့်။ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကနေ လေထုထဲကို လွင့်ပျံနိုင်တဲ့ ဖုန်မှုန် ကျောက်မှုန် မီးသွေးမှုန်တွေ အပါအဝင် ဆာလ်ဖာဒိုင် အောက်ဆိုဒ်၊ နိုက်ထရိုဂျင် အောက်ဆိုဒ်နဲ့ တခြား ညစ်ညမ်း ဓာတ်ငွေ့တွေထုတ်လွှတ်ပါတယ်။
အဲဒီလို လွင့်ပျံနိုင်တဲ့ ဖုန်မှုန် ကျောက်မှုန် မီးသွေးမှုန်တွေကို Particle Matter တနည်းအားဖြင့် PM10 လို့ သတ်မှတ် ပါတယ်။ ဆက်စပ်နေတဲ့ PM2.5 ဖြစ်ပေါ်လာပုံက စိတ်ဝင်စားစရာ ဖြစ်သလို သင့်ရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွာရွား ထိခိုက်စေပါတယ်။ စောစောက ပြောသလို လေထုထဲမှာ လွင့်ပျံနိုင်တဲ့ PM10 အမှုန်အမွှားတွေနဲ့ ဆာလ်ဖာနဲ့ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ် အပါအဝင် ညစ်ညမ်း ဓာတ်ငွေ့တွေ ဓာတ်ပြုပြီး ပေါ်ထွက်လာတဲ့ ဓာတ်ပြု အမှုန်ကိုတော့ PM2.5 လို့ ခေါ်ပါတယ်။
PM10 ဆိုတဲ့ လေထုထဲမှာ လွင့်ပျံအမှုန်တွေကို ရှူရှိုက်မိရင် အဆုတ်နဲ့ အစာအိမ်လမ်းကြောင်း ထိခိုက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ သဘာ၀ အရ နှာချေပြီးတော့ ပြန်လည် စွန့်ထုတ်တတ်သလို ချောင်းဆိုးပြီးတော့လည်း ပြန်လည် စွန့်ထုတ် ဖယ်ရှားပါတယ်။ သို့ပေမယ့် PM2.5 ကို ရှူရှိုက်မိရင်တော့ ပြန်လည် စွန့်ထုတ်လို့ မရဘဲ အဆုတ်တွင်း၊ သွေးလမ်းကြောင်းထဲ ဝင်ရောက်ကာ သေစေနိုင်တဲ့ အထိ အလွန်ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
ဖြစ်စေနိုင်တဲ့ ရောဂါတွေက အဆုတ် ကင်ဆာ၊ ပန်းနာရင်ကျပ်၊ ပိုးဝင်ပြီး ချောင်းဆိုးခြင်း၊ အဆုတ်လုပ်ငန်းဆောင်တာ ယိုယွင်းခြင်း၊ ကလေးတွေမှာ ငယ်ရွယ်စဉ် အဆုတ် ရောဂါ ရစေနိုင်ခြင်းများ ဖြစ်စေနိုင်ပါတယ်။
ပြီးတော့ အဆုတ်က သင့်ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုကို သန့်စင်ပေးတာကြောင့် အဆုတ် မသန့်ရှင်းရင် သွေးလည်း မသန့်ရှင်း ဖြစ်ပြီး၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ရောင်ရမ်းခြင်း၊ သွေးခဲမှု မြင့်တက်ခြင်း၊ သွေးတိုးခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
ပြီးတော့ မသန့်ရှင်းတဲ့ အဆုတ်က သွေးကြောမျှင်တွေထဲက အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးတာမျိုး မလုပ်နိုင်ဘဲ သွေးကြောပိတ်ဆို့စေတာတွေ ဖြစ်စေပြီး လေဖြတ်ခြင်း၊ ဦးနှောက်ဖြတ်ထိုးမှတ်ဉာဏ်ကျခြင်း၊ ပင်မ ဦးနှောက်အာရုံကြော ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
တဖန် အညစ်အကြေးတွေနဲ့ မသန့်ရှင်းတဲ့ သွေးတွေက သင့်နှလုံးထဲ ရောက်သွားပြီ ဆိုရင်တော့ ရုတ်တရက် နှလုံးအမောဖောက်ခြင်း၊ နှလုံးခုန်နှုန်း ပြောင်းလဲခြင်း၊ နှလုံးနှင့် ပတ်သက်သောရောဂါတွေ ဖြစ်ပွားစေပါတယ်။
အဆုတ်နဲ့ နှလုံးတို့နဲ့ ဆက်စပ်နေတဲ့ အစာအိမ်၊ အသည်း၊ ကျောက်ကပ်၊ ပန်ကရိယအပါအဝင် ကိုယ်တွင်း အင်္ဂါတွေ အတွက်လည်း ဆက်စပ်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်သည် အမျိုးသမီးများမှာတော့ သန္ဓေသားကြီးထွားမှု ပုံမမှန်ဖြစ်ခြင်း၊ ပေါင်မပြည့်တဲ့ ကလေး မွေးခြင်း၊ လမစေ့ဘဲ မွေးခြင်း၊ ကလေးရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ ကြီးထွားရင့်သန်မှု ပုံမှန် မဖြစ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
အမျိုးသားများ အတွက်လည်း သုတ်ပိုးအရည်အသွေး ကျဆင်းခြင်း၊ အားအင်ကုန်ခန်း နွမ်းနယ်ခြင်း အပါအဝင် အခြားရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
ကျောက်မီးသွေးရဲ့ ကျန်းမာရေး ဆိုးကျိုးနဲ့ သဘာ၀၀န်းကျင်ကို ထိခိုက်စေတာကြောင့် ယနေ့ခေတ် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတွေကို အသုံးမပြုတော့တဲ့ အပြင် ကျောက်မီးသွေးကို အခြား စက်ရုံအမျိုးမျိုးတွေမှာလည်း သုံးစွဲခွင့် မပြုတော့ပါ။ ။
Ref: Ambient Air Pollution Database, WHO, May 2016