လတ်တလော ရန်ကုန်မြို့နဲ့ မန္တလေးမြို့များမှာ ခေတ်စားနေတဲ့ တရုတ်အစားအစာ “မာလာရှမ်းကော” (Mala Xiang Guo) က မိုးရာသီနဲ့ လိုက်ဖက်တဲ့ အစားအစာတမျိုးလို့ ဆိုရပါမယ်။ တရုတ်ပြည်နဲ့ စင်ကာပူနိုင်ငံများမှာ လူကြိုက်များပြီး ယခု မြန်မာနိုင်ငံမှာပါ အစားများလာတဲ့ “မာလာရှမ်းကော” အရသာက ထုံ၊ စပ်၊ မွှေးပြီး စားသုံးသူတွေကြားမှာ ရေပန်းစားနေတာပါ။
“မာလာရှမ်းကော” ဟင်းလျာက ပင်လယ်စာ၊ အသား၊ ငါး၊ အသီးအရွက်တွေကို လတ်လတ်ဆတ်ဆတ် ရွေးချယ်ပြီး မာလာဟင်းလျာမှာပါတဲ့ ကြာစွယ်၊ မှို၊ မာလာခေါက်ဆွဲ စတာတွေကို ရောပေါင်းကာ ဆီအနည်းငယ်နဲ့ ထုံထုံစပ်စပ် ကြော်ထားတဲ့ မာလာထုံစပ်မွှေးအိုးပါ။ အရည်နဲ့ စားချင်တဲ့သူတွေအတွက် အရည်စပ်စပ်မှာစားလို့ ရပါတယ်။
“မာလာရှမ်းကော” ကို ဈေးသက်သက်သာသာနဲ့ ပင်လယ်စာ၊ အသား၊ ငါး အသီးအရွက် လတ်လတ်ဆတ်ဆတ် အရသာရှိရှိ စားချင်သူတွေအတွက် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်နယ်၊ စမ်းချောင်းလမ်းမှာ အသစ်ဖွင့်ထားတဲ့ “Organic Spicy” Mala Xiang Guo စားသောက်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဆိုင်မှာက “မာလာရှမ်းကော” အရသာကို တရုတ်ပြည် ချုံချင်မြို့ကအရသာနဲ့ ရန်ကုန်မြို့အကြိုက် အရသာပုံစံ ပေါင်းစပ် ပြင်ဆင်ပေးထားပြီး ဆိုင်မှာ အစပ် အရသာ ၃ မျိုးရနိုင်တယ်လို့ သိရပါတယ်။
အစပ်ပမာဏကို ကိုယ်ကြိုက်သလို ကိုယ်စားနိုင်တဲ့ အစပ်ပမာဏပေါ် မူတည်ပြီး ပုံမှန်အစပ်၊ အစပ် အနည်း၊ အများ စသဖြင့် ရွေးချယ်မှာယူနိုင်သလို အစပ်မစားနိုင်သူတွေအတွက်လည်း အချိုအရသာနဲ့ မှာစားလို့ရပါတယ်။
“ကျမတို့ Organic Spicy ဆိုင်က မောင်နှမတွေ ပေါင်းဖွင့်ထားတာပါ။ ဆိုင်မှာ သုံးတဲ့ Ingredient ပါဝင်ပစ္စည်းတွေက အကုန်လုံး ခေါက်ဆွဲပိုင်းက အစ ကျမတို့ တရုတ်ပြည်၊ ချုံချင်မြို့ဘက်ကနေ ဝယ်တယ်။ မာလာရှမ်းကောအတွက် ဟင်းအနှစ်ကတော့ ကျမတို့ မောင်နှမတွေ အကုန်လုံး ဝိုင်းပြီး အတူတူ ချက်ကြတယ်။ ဟင်းရွက်တွေကတော့ ဈေးထဲကနေ ဝယ်ပြီး ဆားနဲ့ သေချာဆေးပြီး လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပေးတယ်” လို့ ဆိုင်ပိုင်ရှင် မထားထားက ဧရာဝတီကို ပြောပါတယ်။
“Organic Spicy” ဆိုင်မှာ မာလာရှမ်းကောကို ပင်လယ်စာ (ပုစွန်၊ ဂဏန်း၊ ပြည်ကြီးငါး)၊ ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ ငါး၊ အသီးအရွက်များ၊ အသားလုံးများ၊ မှိုများ (အပ်မှို၊ ကြွက်နားရွက်မှို) စသဖြင့် မိမိစိတ်ကြိုက် ရွေးချယ်နိုင်ပြီး အမျိုး အစားပေါင်း ၅၀ ကျော်ထားရှိတာ တွေ့ရပါတယ်။
မိမိစိတ်ကြိုက် ပင်လယ်စာ၊ အသား၊ ငါး၊ အသီးအရွက်များကို ရွေးချယ်ပြီးရင်တော့ မိမိရွေးချယ်ထားတဲ့ အစားအစာ အမျိုးအစားတွေရဲ့ အလေးချိန်ကို Kilogram နဲ့ ချိန်ပြီး မိမိကြိုက်တဲ့ အစပ်အရသာ၊ အကြော်နဲ့ အရည် (Dry & Soup) ပုံစံထဲမှ ကြိုက် နှစ်သက်ရာ ပုံစံကို ရွေးချယ်ပြီး မှာယူရမှာ ဖြစ်ပါတယ်။
စာရေးသူကတော့ ဂဏန်း၊ ပုစွန်၊ ပင်လယ်စာ အသီးအရွက်စုံနဲ့ ဝက်သားပြား အနည်းငယ်ထည့်ပြီး အသားလုံး၊ မှိုတို့နဲ့အတူ နှစ်ယောက်စာ “မာလာရှမ်းကော” Dry တပွဲ မှာယူခဲ့ပါတယ်။ ဆိုင်က စားသုံးသူ လူအနည်းငယ် များနေတာကြောင့် စောင့်ဆိုင်းမှာယူရတာ အချိန်အနည်းငယ်ကြာ စောင့်ရပါတယ်။
အရသာကတော့ စာရေးသူအနေနဲ့ အစပ် သိပ်မစားတာကြောင့် ပုံမှန်အစပ်ပဲ မှာလိုက်ပြီး လျှာပေါ်မှာ ထုံနေတဲ့ အထုံအရသာကို သိပ်မကြိုက်တာကြောင့် အထုံအရသာ မထည့်ဘဲ မှာစားခဲ့ပါတယ်။ မှာယူပြီး အချိန်အနည်းငယ် ကြာတဲ့အခါ မှာယူထားတဲ့ မာလာရှမ်းကောက အနံ့မွှေးမွှေးနဲ့ စားပွဲဝိုင်းကို ရောက်ရှိလာပါတယ်။
မာလာရှမ်းကောကို လျှာပေါ်မှာ တခုချင်း အရသာခံကြည့်တော့ ပူပူစပ်စပ် မွှေးမွှေးနဲ့ အရသာ အတော်ရှိပါတယ်။ စစစားချင်းမှာတော့ အစပ်အရသာက အရမ်းမစပ်သေးဘဲ တဖြည်းဖြည်း စားရင်း စားရင်း စပ်လာတာမျိုးပါ။ မာလာရှမ်းကော အရသာစပ်စပ်ကို ထမင်းဖြူနဲ့ တွဲစားပြီး စပ်လာရင် သောက်ဖို့ သဘာဝသစ်သီးဖျော်ရည်တွေလည်း မှာယူနိုင်ပါတယ်။
သစ်သီးဖျော်ရည်တွေမှာ သကြားအချိုနဲ့ ရေခဲ လုံးဝမသုံးတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်ပြီး သဘာဝအတိုင်း လတ်လတ်ဆတ်ဆတ် သောက်သုံးနိုင်တယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေက အသီးအရွက် ၁၀၀ ဂရမ်ကို ၆၀၀ ကျပ်၊ ပင်လယ်စာ၊ အသားငါး ၁၀၀ ဂရမ်ကို ၁၈၀၀ ကျပ် ကျသင့်ပြီး မာလာဟင်းဆီ အနှစ်တန်ဖိုးတော့ ထည့်တွက် မယူဘူးလို့ သိရပါတယ်။
ဆိုင်အသစ်ဖွင့်ထားတာ ရက်ပိုင်းပဲရှိသေးပြီး ဆိုင်ဖွင့်ပွဲ အထူးအစီအစဉ်အနေနဲ့ သြဂုတ်လ ၂၆ ရက် နေ့ကနေ စက်တင်ဘာလ ၂ ရက်နေ့အတွင်း လာစားသူများကို ၃၀ ရာခိုင်နှုန်း Discount ပေးထားတာ တွေ့ရပါတယ်။ ဆိုင်ဖွင့်ချိန် မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်တယ်လို့ သိရပါတယ်။
ဆိုင်လိပ်စာ – “Organic Spicy” Mala Xiang Guo စားသောက်ဆိုင်
ဆိုင်အမှတ် ( စ – ၁၄)၊ စမ်းချောင်းလမ်းမကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊ ရန်ကုန်မြို့။