ကလေးတွေရဲ့ လွတ်လပ်ပျော်ရွှင်မှုပုံရိပ်တွေ၊ ရန်ကုန်မြို့ပြရဲ့လှုပ်ရှားမှုတွေ၊ မြိတ်ကျွန်းစုတွေရဲ့ တည်ငြိမ်တဲ့ အလှအပ တွေနဲ့ လောကရဲ့ သဘာဝတွေကို ရည်ညွန်းရေးဆွဲထားတဲ့ ပန်းချီကားတွေကိုကြည့်ရှုခံစားနိုင်မယ့် ပန်းချီပြပွဲ ကတော့ The First Artist In Residence Exhibition of The Art Garden ပန်းချီပြပွဲပဲ ဖြစ်ပါတယ်။
ဒီပန်းချီပြပွဲကို ဗိုလ်အောင်ကျော်လမ်း အမှတ် ၂၈၇/၂၈၉၊ ပထမထပ်ရှိ Bo Aung Kyaw St Art Gallery မှာ စက်တင်ဘာလ ၁ ကနေ ၇ ရက်နေ့ အထိ ပြသသွားမှာ ဖြစ်ပါတယ်။ ပါဝင်ပြသသွားမယ့် ပန်းချီဆရာတွေကတော့ ညီအောင်မော်၊ စောစတေးဖ၊ မင်းဇော်အောင်နဲ့ ဇော်ဇော်ကို တို့ပဲ ဖြစ်ပါတယ်။
ပန်းချီပွဲ စီစဉ်သူလည်းဖြစ်၊ The Art Garden/Bamboo School ကိုတည်ထောင်သူလည်းဖြစ် တဲ့ ပန်းချီ ခင်ဇော်လတ်က “အရင်ကတော့ ကိုယ့်ပန်းချီပြပွဲကို သူများတွေက စီစဉ်ပေးတာပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကိုယ်က ပန်းချီ ဆရာတွေ နေဖို့ ထိုင်ဖို့က အစ ပြပွဲဖြစ်မြောက်ဖို့ အထိ လုပ်ခဲ့ရတာပေါ့။ Artist Residency နဲ့ ပန်းချီပြပွဲလုပ်ချင်ခဲ့တဲ့ ဆန္ဒ အခုဖြစ်မြောက်သွားတော့ ပီတိဖြစ်တာပေါ့။ နောက်အစီအစဉ်တွေ အတွက်တော့ ဒီပွဲ၍ result ပေါ်မှာလည်း မူတည်တာ ပေါ့ နော်။ ကိုယ်ကတော့ အားစိုက်ပြီးလုပ်ထားပါတယ်” လို့ ပြောပြတယ်။
ပန်းချီမင်းဇော်အောင်က ဒီပန်းချီပြပွဲမှာ ပညတ်ချက်တွေ၊ မတည်မြဲမှုတွေ၊ ဒွိဟအတွေးတွေ၊ မေတ္တာတရား စတာတွေကို ဖော်ကျူးထားတဲ့ Surrealism ဆန်ဆန်ပန်းချီကား ၈ ကားကို ပြသသွားမှာ ဖြစ်ပါတယ်။ ဒီပန်းချီကားတွေထဲမှာ အနီရောင် ဝတ်ရုံကိုခြုံထားတဲ့ လူနှစ်ဦးရဲ့ပုံ၊ ဆန့်ကျင်ဘက် နိမိတ်ပုံတွေနဲ့ ဘိုးတော်၊ မေတ္တာတရား စတဲ့ အကြောင်းအရာ တွေ ပါဝင်ပါတယ်။ သူဖန်တီးထားတဲ့ ပန်းချီကားတွေနဲ့ပတ်သက်ပြီး ပန်းချီမင်းဇော်အောင်က “ကျနော့် ပန်းချီကားတွေကို ဖန်တီးရုံသက်သက်နဲ့ မပြီးချင်ဘူး။ ကြည့်ရှုသူတွေ ကိုယ်တိုင်လည်း ပါဝင်ပတ်သက် တွေးတောနေတာ ကို ပိုသဘောကျ တယ်” လို့ ပြောပါတယ်။
ရုပ်ပြကာတွန်းကို နှစ်ပေါင်းများစွာ ရေးဆွဲခဲ့တဲ့ ပန်းချီညီအောင်မော်ကတော့ ကျွဲကျောင်းရင်း ပျော်ပျော်ရွှင်ရွှင် ရေကူးနေတဲ့ ကလေးတွေ၊ ရွှံ့ထဲမှာ လူးပြီး ပျော်နေကြတဲ့ ကလေးတွေ၊ အပူအပင်ကင်းကင်းနဲ့ ဘောလုံးကန်တဲ့ ကိုရင်လေးတွေရဲ့ သဘာဝကို သရုပ်ဖော်ရေး ဆွဲထားပါတယ်။
ရန်ကုန်မြို့ပြရဲ့ လှုပ်ရှားသွားလာမှု ပုံရိပ်တွေကို ရေးဆွဲထားတဲ့ ပန်းချီဇော်ကိုကို ကတော့ “ရန်ကုန်မြို့မှာ သွားနေတဲ့ လူတွေကို စိတ်ဝင်စားတာရယ်၊ ပန်းချီ ရေးချက်လေးတွေ လေ့လာချင်တဲ့ သဘောနဲ့ ရေးလိုက်တာပါ” လို့ ဆိုပါတယ်။
ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းဆင်း ပန်းချီ စောစတေးဖ ရဲ့ မြိတ်ကျွန်းစု ရှုခင်းပန်းချီကားတွေကတော့ တခြား ပန်းချီဆရာတွေနဲ့ မတူတဲ့ အရသာကို ပေးစွမ်းပါတယ်။ ဒီပန်းချီကားတွေ ရေးဆွဲနိုင်ဖို့ မြိတ်ကျွန်းစုတွေရဲ့ လူသူ အရောက်အပေါက် နည်းတဲ့ နေရာတွေအထိ မှတ်တမ်းတင် ဓာတ်ပုံတွေ ရိုက်ယူခဲ့ရတယ် လို့ သိရပါတယ်။
ပန်းချီစောစတေးဖရဲ့ မြိတ်ကျွန်းစု ရှုခင်းပန်းချီကားတွေထဲမှာ အင်းလေးဒေသက အိမ်ပုံစံတွေနဲ့ ဆင်တူတဲ့ မြိတ်ဒေသခံ တွေရဲ့ နေအိမ်ပုံစံတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီပန်းချီဆရာ ၄ ယောက်ဟာ မတူညီတဲ့ ပန်းချီလက်ရာ အသီးသီးကို ဖန်တီး ခဲ့ကြပေမယ့် ဒီပန်းချီ လက်ရာတွေကို ဖန်တီးဖို့အတွက် ကျောက်တန်းမြို့နယ်က ပန်းချီ ခင်ဇော်လတ်ရဲ့ The Art Garden/Bamboo School ခြံကျယ်ကြီးထဲမှာ ၃ လကြာ နေထိုင်ပြီး ဒီပန်းချီကားတွေ ဖန်တီးခဲ့တာလို့လည်း သိရပါတယ်။
The First Artist In Residence Exhibition of The Art Garden ပန်းချီပြပွဲမှာ အခရိုင်းလစ်ပန်းချီကား ၄၀ ပြသသွားမှာ ဖြစ်ပြီး ပန်းချီကား ဈေးနှုန်းတွေကတော့ ဒေါ်လာ ၂၅၀ ကနေ ဒေါ်လာ ၇၀၀ အထိ သတ်မှတ်ထားပါတယ်။