နိုင်ငံတကာမှာ “အမျိုးသားမှ အမျိုးသမီးဘဝ”၊ “အမျိုးသမီးမှ အမျိုးသားဘဝ” စတဲ့ မိမိ လိင်စိတ်တိမ်းညွှတ်မှု၊ ခံယူချက်အပေါ် မူတည်ပြီး မိမိဖြစ်ချင်တဲ့ ဘဝရောက်အောင် လိင်ပြောင်းလဲခွဲစိတ်မှု ပြုလုပ်လေ့ရှိကြပါတယ်။
မြန်မာနိုင်ငံမှာတော့ လိင်ပြောင်းလဲခွဲစိတ်မှု ပြုလုပ်သူဦးရေ လက်ချိုးရေလို့ရပါတယ်။ LGBT လို့ ခေါ်တဲ့ (Lesbian, Gay, Bisexual, Transgender) စတဲ့ လိင်တူချစ်သူတွေက သူတို့မွေးဖွားလာတဲ့ ဘဝကနေ သူတို့ဖြစ်ချင်တဲ့ဘဝကို ကိုယ်တိုင်ဖန်တီးပြီး ကြိုးစားနေကြပါတယ်။
အသက် ၂၃ နှစ်အရွယ်၊ Miss International Queen Myanmar 2015 ဂေးအလှမယ် မျိုးကိုကိုစန်းက လက်ရှိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Kamol Cosmetic & Plastic Surgery ဆေးရုံမှာ အမျိုးသားဘဝမှ အမျိုးသမီး တဦးအဖြစ် လိင်ပြောင်းလဲခွဲစိတ်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်။
အလှမယ် မျိုးကိုကိုစန်းကို လိင်ပြောင်းလဲခွဲစိတ်မှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ လက်ရှိကျန်းမာရေး အခြေအနေနဲ့ လိင်ပြောင်းလဲခွဲစိတ်ဖြစ်ခဲ့ပုံကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် သီဟတိုးက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ပထမဆုံးအနေနဲ့ အခုလိုမျိုး လိင်ပြောင်းလဲခွဲစိတ်ဖြစ်ပုံကို ပြောပြပေးပါ။ အရင်ကတည်းက ခွဲစိတ်ဖို့ အစီအစဉ်ရှိခဲ့တာလား၊ ဘယ်လို ခွဲစိတ်ဖြစ်ခဲ့တာလဲ။
ဖြေ ။ ။ အားလုံးလည်း သိကြမှာပါ။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်ကတည်းက ညီမအနေနဲ့ လိင်ပြောင်းလဲဖို့ အစီအစဉ် ရှိတယ်ဆိုတာ အင်တာဗျူးတွေမှာလည်း ဖြေထားဖူးတယ်ပေါ့နော်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်က ညီမ သူငယ်ချင်းတယောက်က ပြောလာတယ်။ သူနဲ့သိတဲ့ Kamol Cosmetic & Plastic Surgery ဆေးရုံကနေ ဒီ မြန်မာနိုင်ငံမှာ ဆေးခန်းလာဖွင့်မယ်။ နောက်ပြီး ဒီနိုင်ငံက Transgender (အများအခေါ်ဆိုရင်တော့ Lady Boy) တွေကို အင်တာဗျူးမယ်ပေါ့နော်။ အဆင်ပြေတဲ့ တယောက်ကို ဆေးရုံရဲ့ ပင်တိုင် Model ခန့်မယ်။ Sex Reassignment Surgery (လိင်ပြောင်းလဲခွဲစိတ်မှု) ကုန်ကျစရိတ်ကို Free လုပ်ပေးမယ်ပေါ့။ “နင်စိတ်ဝင်စားလား၊ စိတ်ဝင်စားရင် အင်တာဗျူး သွားဖြေပါလား” ရန်ကုန်မှာပေါ့။ ညီမလည်း အရင်ကတည်းက လုပ်ဖို့ဆန္ဒရှိတယ်။ ဒါပေမယ့် ပိုက်ဆံအခြေအနေအရ မတတ်နိုင်ဘူးပေါ့နော်။ ဒီ အခွင့်အရေး ပေါ်လာတော့ ညီမရသည်ဖြစ်စေ၊ မရသည်ဖြစ်စေဆိုပြီး ညီမ အင်တာဗျူး သွားဖြေတယ်။ ညီမ ကံကောင်းထောက်မစွာပဲ ဒီအခွင့်အရေးကို ရခဲ့တယ်။ ဒါပေမဲ့ ဆေးရုံက ဆုံးဖြတ်နေတဲ့ ကာလအတွင်းမှာ အားလုံးသိကြတဲ့အတိုင်းပဲ။ ညီမမှာ အရှုပ်အထွေးလေးတွေ ဒီကြားထဲမှာ ဖြစ်သွားခဲ့တော့ အခုမှပဲ ဆေးရုံနဲ့ ပြန်ဆက်သွယ်ဖြစ်ပြီး ဒီ Operation လုပ်ဖြစ်တာပါရှင့်။
မေး ။ ။ မျိုးကိုကိုစန်းရဲ့ အခုလက်ရှိ ကျန်းမာရေး အခြေအနေကကော ဘယ်လိုရှိလဲ။ ခွဲစိတ်ဖို့ စမ်းသပ်တဲ့အခါ ရလဒ်က ဘယ်လိုထွက်လာလဲ။
ဖြေ ။ ။ ပထမဆုံး ဆေးရုံကို ရောက်တဲ့နေ့မှာ သူတို့က ပင်တိုင် Model အနေနဲ့ ခန့်ထားတာဖြစ်တဲ့အတွက် Website တွေ၊ Youtube မှာ တင်ဖို့ ညီမဒီခွဲစိတ်တဲ့ ကာလအတောအတွင်း ဆေးရုံ စရောက်တဲ့နေ့ကစပြီး ဆေးရုံဆင်းတဲ့ အချိန်အထိ အတွေ့အကြုံတွေ မှတ်တမ်းတင်ထားတာမို့ ဆေးစစ်တာ ဆရာဝန်နဲ့တွေ့တာ၊ Register လုပ်တာတွေ ရိုက်ပေးရတယ်။ ဆေးစစ်ချက် ရလဒ်တွေအရလည်း အရမ်းအဆင်ပြေတယ်။ နောက်ပြီး ညီမတင် မဟုတ်ဘူးပေါ့နော်။ ဒီ ကမ္ဘာအရပ်ရပ်က Transgender Miss တွေကိုလည်း ဒီ Kamol Hospital ကနေပြီး ညီမလိုပဲ ခွဲစိတ်ပေးထားတယ်။ Video File တွေ တင်ထားပေးတာတွေလည်း တွေ့ရတော့ ဆေးရုံရဲ့အပေါ်မှာ ယုံကြည်စိတ်အပြည့်အဝဖြစ်မိလို့ ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်တာလည်း ပါပါတယ်။
မေး ။ ။ ညီမရဲ့အခု လက်ရှိစိတ်ခံစားချက်လည်း ပြောပြပေးပါဦး။ ဆေးရုံတက်တော့ ဘယ်သူတွေပါလဲ။ ဆေးရုံမှာ ဘယ်လောက် ကြာမလဲ သိချင်ပါတယ်။
ဖြေ ။ ။ အခု လက်ရှိ ခံစားချက်ဆိုရင်တော့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဒါက ညီမဖြစ်ချင်တဲ့ လိုချင်တဲ့ ပန်းတိုင်တခုအတွက် လှေကားထစ်တခု ဖြစ်လာမှာပေါ့။ အဲဒီအတွက် အရမ်း ရင်ခုန်စိတ်လှုပ်ရှားနေရပါတယ်။ ညီမ အခု ဒီကို ဆေးရုံလာတက်တော့ အမေနဲ့ ညီမ ဝမ်းကွဲတယောက် ပါပါတယ်။ ဒီမှာ အချိန် တလလောက် ကြာဖြစ်မှာပါရှင့်။
မေး ။ ။ ခွဲစိတ်ပြီးသွားရင်ရော ဆေးရုံမှာ ဘယ်လောက်ကြာကြာ နားရမလဲ။ ဆေးရုံတက်ပြီးရင် ဘာတွေ ရှောင်ပြီး ဘယ်လို ဆင်ခြင်နေရမလဲ။
ဖြေ ။ ။ ခွဲစိတ်ပြီးသွားရင်တော့ ဆေးရုံမှာ ၇ ရက် တက်ရမယ်။ အဲဒီ ၇ ရက် ပြီးသွားရင်တော့ ဒီ Kamol Hospital က ပေးတဲ့ Apartment မှာ ရက် ၂၀ ကျော် နေရမယ်။
စုစုပေါင်း ဆေးရုံတက်တဲ့ ရက်နဲ့ဆိုရင်တော့ တလနီးပါးပေါ့။ ၃ လလောက် နေရင်တော့ ဆေးရုံမှာ Medical Check-up လာလုပ်ရမယ်။ နားတာကတော့ ဆေးရုံမှာ နားပြီးသွားရင်တော့ လုံလောက်ပြီလို့ ပြောပါတယ်။ ဒါပေမယ့် ခုနက ပြောထားတဲ့အတိုင်း ၃ လ နေရင်တော့ Follow up ထပ်လာလုပ်ရမယ်။ ခွဲစိတ်ထားတဲ့ အနာအကုန်ကျက်ပြီး အဆင်ပြေသွားရင်တော့ အထွေအထူး ရှောင်စရာ မရှိပါဘူး။ သာမန် မိန်းကလေးတယောက်လိုပဲ နေထိုင်လှုပ်ရှားသွားလာလို့ ရတယ်ပေါ့နော်။ မိန်းမစစ်စစ်တော့ ဖြစ်မလာပေမယ့် မိန်းမတယောက်နဲ့တော့ အနီးစပ်ဆုံးပေါ့။
မေး ။ ။ ညီမ ဘဝတလျှောက်လုံးကိုရော အမျိုးသမီးတယောက်လိုနေဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ျပြီးပြီလား။
ဖြေ ။ ။ ညီမအနေနဲ့ကတော့ လူမှန်း သိတတ်စကတည်းက အိမ်ကလည်း ပြောတယ်။ ငယ်ငယ်ကတည်းက စောင်ကို ထမီလို ပတ်ပြီး မင်းသမီးလို ကလာတာပေါ့။ ညီမကိုယ်တိုင်ကလည်း ဒီ ဘဝမှာ မိန်းမတယောက် အနေနဲ့ မွေးဖွားလာခြင်း မခံရပေမယ့် ကိုယ်လူမှန်းသိတတ်စကတည်းက မိန်းကလေးစိတ်ပေါ့။ မိန်းကလေး အသုံးအဆောင်ပစ္စည်းတွေဆို သဘောကျတယ်။ နှုတ်ခမ်းနီ၊ ကလစ်၊ လက်သည်းနီတို့ပေါ့။ အဲဒီလိုဆိုတော့ ကိုယ်က အိမ်က လက်မခံတဲ့ ကာလတခု ရှိနေခဲ့လို့သာ ယောကျာ်းလေးတယောက်အနေနဲ့ နေခဲ့ရတဲ့သူမို့ တဘဝလုံး အခုလို မိန်းမတယောက်လို နေမလားဆိုရင်တော့ မနေနိုင်စရာ အကြောင်းတော့ မရှိပါဘူး။
မေး ။ ။ မိသားစုကရော အခုလို လိင်ပြောင်းလဲ ခွဲစိတ်တဲ့အပေါ် ဘာပြောလဲ။ သူတို့ရဲ့ သဘောထား သိချင်ပါတယ်။
ဖြေ ။ ။ အိမ်က လက်ခံလားဆိုတော့ စစချင်းတုန်းကတော့ လက်မခံဘူးပေါ့နော်။ ညီမတို့ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေမှာက ဒါက ယဉ်ကျေးမှုအရ မသင့်တော်ဘူး။ ဘာသာရေးအရ မသင့်တော်ဘူးဆိုတဲ့ အမြင်တွေ ရှိနေတော့ သူတို့အနေနဲ့ သားယောကျာ်းလေး တယောက်က ဒီလိုဖြစ်နေတော့ ပထမတော့ ရှက်တာပေါ့။ ဒါပေမဲ့ ညီမဘက်ကနေ အနေအထိုင်၊ အပြောအဆိုကအစ ပြုပြင်နေထိုင်ပြလိုက်တော့ မိန်းမဖြစ်တာ အခြောက်ဖြစ်တာ အဓိက မဟုတ်ဘူးပေါ့နော်။ လူဖြစ်လာတဲ့ ကာလတလျှောက်မှာ ကောင်းတဲ့ အရာတွေလုပ်ဖို့၊ အဓိက ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုဖို့၊ မိဘဆွေမျိုးအပေါ် သိတတ်ဖို့၊ လူပီသဖို့က ပိုအရေးကြီးတယ်ဆိုတာ သူတို့သိလာတယ်။ နောက်ပြီး ဒီအချိန်မှာ ကိုယ့်အဖေ၊ ကိုယ့်အမေ ဆိုတာထက် ညီမကို အားပေးနေကြတဲ့ ပရိသတ်တွေက လေးလေးစားစား နှုတ်ဆက်ကြတာတွေရှိတော့ သူတို့အနေနဲ့လည်း မျက်နှာပျက်စရာ မရှိတော့ သဘောတူကြပါတယ်။ အမေကတော့ လုပ်မယ့်လုပ်တော့ အဆုံးထိလုပ်၊ တဝက်တပျက် ဟိုမရောက် ဒီမရောက် လုပ်မနေနဲ့ဆိုပြီး အားပေးလို့ လုပ်ဖြစ်သွားတာလည်း ပါပါတယ်။ ဒါကလည်း အခုထိ ဒီအင်တာဗျူး ဖတ်နေတဲ့ ပရိသတ်တွေ ချစ်လို့ဖြစ်စေ၊ မုန်းလို့ဖြစ်စေ အားပေးတဲ့သူ ပရိသတ်တွေကြောင့် ဒီနေရာထိ ဖြစ်လာတာမို့လည်း ဒီနေရာလေးကနေ ကြုံတုန်း ကျေးဇူးတင်ပါရစေ။
မေး ။ ။ အခုလိုမျိုး ဆေးရုံမှာ လိင်ပြောင်းလဲခွဲစိတ်မယ်ဆိုရင် ကုန်ကျစရိတ် ခန့်မှန်းခြေ ဘယ်လောက်ရှိလဲ။
ဖြေ ။ ။ ညီမကတော့ သူတို့ဆေးရုံကနေ ပင်တိုင် Model အနေနဲ့ ခန့်ပြီး Operation ကုန်ကျစရိတ်က Free အနေနဲ့ ပေးတာဆိုတော့ မကုန်ဘူးပေါ့နော်။ ဒါပေမယ့် ခွဲစိတ်ခတင်ပဲ ဘတ် ၃ သိန်းကျော် ကုန်ကျတယ်။ ဒီဟာက ဆေးစစ်တာတွေ၊ ဆရာဝန်ဆီကနေ စိတ်ပိုင်းဆိုင်ရာ ထောက်ခံချက်လို့ ခေါ်တဲ့ Psychiatrist Letter ဖိုးတွေ မပါဘူး။ အဲဒီ ဘတ် ၃ သိန်းကျော်ထဲမှာ ဒါတွေက သပ်သပ်ထပ်ပေးရပါတယ်တဲ့။ စုစုပေါင်းဆိုရင်တော့ ခန့်မှန်းခြေ မြန်မာငွေ သိန်း ၁၀၀ ကျော်လောက် ကျပါတယ်တဲ့။
မေး ။ ။ ညီမအနေနဲ့ ဒီခွဲစိတ်မှုပြီးသွားရင် နောက်ထပ် ခွဲစိတ်ဖို့ရှိသေးလား။ ဥပမာ- အသံပြောင်းလဲတာမျိုးပေါ့။
ဖြေ ။ ။ ညီမ ဒီ Operation တခုပဲ လုပ်ဖြစ်ဖို့များပါတယ်။ ထပ်မလုပ်ချင်တာရော ငွေကြေးအရမို့ရောပါ။ အသံကတော့ အတတ်နိုင်ဆုံးတော့လေ့ကျင့်ယူရမှာပေါ့။ နောက်ပိုင်း ကျားဟော်မုန်း မရှိဘဲ မ,ဟော်မုန်းဆေး သောက်တာကြာရင် အသံလည်း နူးညံံသွားတယ်လို့ ပြောပါတယ်။
မေး ။ ။ လိင်ပြောင်းလဲပြီးသွားရင် အိမ်ထောင်ပြုဖို့ အစီအစဉ် ရှိမရှိ သိချင်ပါတယ်။
ဖြေ ။ ။ အိမ်ထောင်ပြုဖို့လား။ ညီမ အသက်က အခု ၉ လပိုင်း ၁ ရက်နေ့မှ ၂၃ နှစ်ပြည့်မှာဆိုတော့ အဲဒီကိစ္စတွေ ဝေးပါသေးတယ်။ ကိုယ့်အနေနဲ့ ဒီအနုပညာအလုပ်မှာ နေရာတခုမပြောနဲ့၊ နေရာအစကလေး တခုရအောင် မနည်း ကြိုးစားနေရတဲ့ အခြေအနေဆိုတော့ အိမ်ထောင်ပြုဖို့က မစဉ်းစားချင်သေးပါဘူး။ အသက် ၃၀ လောက်မှ ဒီကိစ္စတွေ စစဉ်းစားဖြစ်မယ် ထင်ပါတယ်။ အိမ်ထောင်ပြုဖြစ်ခဲ့ရင်တောင် ၃၄ နှစ် လောက်မှ ပြုဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ အနာဂတ်ဆိုတာ ပြောလို့မှ မရတာ။ ကိုယ်အိမ်ထောင်ပြုချင် ပြုဖြစ်မယ်။ တယောက်တည်း နေဖြစ်ရင်လည်း နေဖြစ်မယ်။ လတ်တလော အချစ်ရေးအနေနဲ့က အေးအေးဆေးဆေးပဲ ရှိပါသေးတယ်။ ။
ဆက်စပ်ဖတ်ရှုရန်- “ဂေးအလှမယ် မျိုးကိုကိုစန်းရဲ့ ငယ်ဘဝ”