အနုပညာလောကမှာ အချိန်တို အတွင်း လူသိများ ထင်ရှားအောင်မြင်လာတဲ့ ပန်းချီဆရာကို သူ့ရှေ့က ပန်းချီဆရာတွေက မုဒိတာစိတ် ထားနိုင်ကြတာ နည်းပါးသလို မနေ့တနေ့ကမှ ဒီလောကထဲ ဝင်လာတာ ဆိုပြီး အထင်သေးတတ်ကြတာတွေ များစွာ တွေ့ဖူးပါတယ်။ နောက်ပြီး ပန်းချီကားနဲ့ အနုပညာလက်ရာ ဘယ်လိုကွာခြားတယ် ဆိုတာ သိမြင်တဲ့သူလည်း နည်းပါးတဲ့ အပြင် ကိုယ့်ကိုယ်ကို Artist (အနုပညာရှင်) လို့ ခံယူထားတဲ့ သူတွေတောင် သေချာမသိသူတွေ တွေ့ဖူး ပါတယ်။
အဲဒီ အကြောင်းတွေနဲ့ ဆက်စပ်ပြီး ကိုယ်တိုင်က ပန်းချီကား စုဆောင်းသူ (Collector) တဦး၊ တက်တူးပညာရှင် တဦး၊ ပြခန်းပိုင်ရှင်တဦး ဖြစ်ပြီး ပန်းချီကားတွေလည်း ရေးဆွဲလာသူ ကိုစစ်နဲ့ မေးမြန်းဆွေးနွေးထားပါတယ်။ ၁၉၈၃ ခုနှစ်ဖွား၊ မော်လမြိုင်ဇာတိသား ကိုစစ်ဟာ ပန်းချီရေးဆွဲမှု Self Study လုပ်ခဲ့ရသူပါ။ သူဟာ ၂၀၁၁ ခုကနေ ၂၀၁၇ အထိ ပြည်တွင်း အုပ်စုပြပွဲပေါင်း ၁၅ ပွဲ၊ နိုင်ငံတကာ အုပ်စုပြပွဲ ၄ ပွဲမှာ ပါဝင် ပြသနိုင်ခဲ့တာကြောင့် သူဟာ အချိန်တိုအတွင်း တိုးဝင်လာတဲ့ အနုပညာရှင်လို့ ဆိုရမှာပါ။
လတ်တလော ကာလအတွင်း သူရေးဆွဲဖြစ်ခဲ့တဲ့ Abstract Expression ပန်းချီကားတွေကို စုစည်းပြီး Beyond the Subconscious အမည်နဲ့ သူ့ရဲ့ ပထမဆုံး တကိုယ်တော် အနုပညာ ပြပွဲကို ရန်ကုန်မြို့ အောင်ဆန်း အားကစား ပြိုင်ဝင်း မြောက်ဘက်တန်းရှိ OK Gallry မှာ စက်တင်ဘာ ၂ ရက်နေ့ကနေ ၄ ရက်နေ့ အထိ ပြသ သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ကိုစစ်ရဲ့ ပထမဆုံး ပြုလုပ်တဲ့ တကိုယ်တော် အနုပညာ ပြပွဲ ဖြစ်ပေါ်လာတဲ့ အကြောင်းက စပြီး ကျနော်တို့ စကားဝိုင်းကို စလိုက်ကြရအောင်ပါ။ ခင်ဗျားရဲ့ Beyond the Subconscious ပြပွဲပေါ့။
ဖြေ။ ။ ကျနော် ၂၀၁၁ လောက်ကတည်းက ပန်းချီကားလေးတွေ ဆွဲဖြစ်တယ်၊ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် အားမရခဲ့ ဘူး။ စိတ်ပျက်ရင် မဆွဲဘဲနေလိုက်၊ စိတ်ပါရင် ပြန်ဆွဲလိုက်နဲ့ပေါ့။ ဒီလိုနဲ့ နှစ်တွေ အများကြီးပဲ။ ပျက်သွားတဲ့ ပန်းချီကားတွေ လည်း အများကြီးပဲ။ အဲဒီနှစ်ပိုင်းမှာတော့ မိတ်ဆွေတချို့နဲ့ ပြပွဲတွေတော့ ပုံမှန် ဝင်ပြဖြစ်ခဲ့တယ်။ နောက်ကိုယ်တိုင်လည်း ပန်းချီကားတွေ စုဖြစ်တော့ ပန်းချီဆရာတွေရဲ့ လက်ရာအစုံကို နေ့စဉ် လိုလို ထိတွေ့ခွင့် ရခဲ့တယ်။ အဲဒီမှာမှ ဆရာ ဦးခင်မောင်ရင် ပန်းချီကားတွေ အများဆုံး စုဖြစ်တယ်။ ဆရာ့ဆီကိုလည်း အများဆုံးရောက်ဖြစ်ခဲ့တယ်။ ကိုယ်ကိုယ်တိုင် ရေးဖြစ်တော့လည်း ဆရာ့ရဲ့ လွတ်လပ်တဲ့ ရေးဟန်ကို အားကျပြီး ဖန်တီးဖို့ ကြိုးစားခဲ့တယ်။
ပြီးခဲ့တဲ့ လက ရက်တရက်ပေါ့…၊ အဲဒီမှာ ကျနော် ပန်းချီရေးချင်စိတ် အရမ်းဖြစ်နေတာ။ ခက်တာက အဲဒီနေ့မှာ ရေးဖို့ ကင်းဗတ်က မရှိ၊ ထွက်ဝယ်ဖို့ကျတော့လည်း ကိုယ်နေတာက ထောက်ကြန့် ဆိုတော့… ဆိုင်တွေနဲ့က ဝေးလွန်းတယ်၊ ရှာကြံမရတဲ့ အဆုံး ရေဆေးစက်ကူ အနောက်ဖုံးလေးတွေပေါ်မှာ စိတ်ရှိတဲ့ အတိုင်းချရေးတော့တာပဲ။ ထွက်လာတဲ့ အဖြေက ကျနော့် အတွင်းစိတ် အတိုင်း ဖြစ်လာတယ်။ အဲဒီနောက် ကတ်ထူစက္ကူတွေမှာပြီး ဆက်တိုက်ရေးတော့တာပါပဲ။
ဆွဲပြီးတဲ့ ပုံတချို့ကို ဖေ့စ်ဘုတ်မှာ တင်ဖြစ်တယ်။ မိတ်ဆွေ တချို့ကလည်း အားပေးတယ်၊ ပြပွဲလေးလုပ်ဖိုပေါ့။ ကားတွေ များလာတာက တကြောင်း၊ ပန်းချီလောကထဲ ဝင်ရောက်လာတာ ၁၀ စုနှစ် တစုစာ လောက်ရှိနေပြီမို့ ပြဖို့ အားတွေ ရှိလာတာကြာင့် တကိုယ်တော်ပွဲလေး လုပ်ဖို့ စီစဉ်ဖြစ်တာပါ။
မေး။ ။ တက်တူး ထိုးသူ တဦး၊ ပြခန်းပိုင်ရှင်နဲ့ collector တဦး၊ အခု ပန်းချီ ဆရာ တဦး၊ အဲဒါတွေက ကိုစစ် ဘဝရဲ့ ဖြတ်သန်းဆဲ အစိတ်အပိုင်းတွေ..၊ ဆိုတော့ .. အဲဒီ ၄ မျိုးက ကိုစစ် အတွက် တခုနဲ့ တခု ဆက်စပ်မှု ရှိနေလား၊ ဒါမှမဟုတ် တခုက တခုကို နှေင့်ယှက်နေတာတွေ ရှိလားး… ဘယ်လို ခံစားရလဲ။
ဖြေ။ ။ အရာအားလုံးဟာ ကျနော့် အတွက် ဆက်စပ်မှုရှိနေပါတယ်။ ကိုယ် ဖြတ်သန်းခဲ့တဲ့ အစိတ်အပိုင်း အားလုံးဟာ တခုနဲ့ တခု ဆက်စပ်နေပါတယ်။ အနှောင့်အယှက် မဖြစ်ခဲ့ပါဘူး။ သဘောတရားချင်း မတူပေမယ့် အကြောင်းအရင်းခံ ကတော့ ပန်းချီ ဝါသနာ ပါတဲ့ စိတ်ပေါ့။
ကျနော် လူငယ်ဘဝမှာ တက်တူးတွေ ထိုးဖြစ်တယ်။ တက်တူးထိုးတာ ကျနော့်အတွက်တော့ အလှအပထက် အနုပညာတခု လိုခံယူပြီး ရူးရူးမိုက်မိုက်ကို ထိုးခဲ့တာ။ ကျနော့် ခန္ဓာကိုယ် တခုလုံး နေရာတော်တော် များများမှာ ထိုးဖြစ်တယ်။
ကိုယ်တိုင်လည်း tattoo art ကို လေ့လာပြီး ၂၀၁၀ လောက်မှာ tattoo studio တခု ဖွင့်ဖြစ်တယ်။ အဲဒီကာလဟာ ဘ၀ တဆင့်ပြောင်းဖို့ အကြောင်းဖန်လာတဲ့ ကာလပါ။ ဘာလို့လဲ ဆိုတော့ သူငယ်ချင်း tattoo artist တွေရဲ့ အသိ ပန်းချီဆရာတွေနဲ့ စပြီးရင်းနှီးခွင့် ရခဲ့လို့ပဲ။
အဲဒီနောက် ပန်းချီပြပွဲတွေ ရောက်ဖြစ်တယ်၊ ပန်းချီကားလေးတွေ စ,စုဖြစ်တယ်၊ တဖြည်းဖြည်းနဲ့ ပန်းချီရောဂါ ရင့်လာတော့ ၂၀၁၁ မှာ Myanmar Ink Gallery လေးကို ဖွင့်ဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင့်း ပန်းချီကားတွေ တတ်နိုင်သလောက် တောက်လျှောက် စုဖြစ်တယ်၊ ပန်းချီ Gallery ဖွင့်ထားတယ် ဆိုပေမယ့် ရောင်းဖို့ထက် စုတာကို ပိုအားသန်တယ်။ ပန်းချီကားရောင်းရရင် ပျော်တာထက် နှမြောတဲ့ စိတ်က ပိုများတယ်။ ဘာလို့လဲ ဆိုတော့ ရောင်းပြီးရင် ဒီကားမျိုး ပြန်မရနိုင်တော့ဘူး ဆိုတဲ့ အသိတွေ ရလာလို့ပဲ။
နောက်ဝယ်တဲ့ သူတွေဟာလည်း ကိုယ့်ဆီက ကားကောင်းလေးတွေမှ ရွေးဝယ်တတ်ကြတာကိုး။ ကိုယ်ကိုယ်တိုင်လည်း ပန်းချီရေးဖြစ်လာတော့ ပန်းချီကားကောင်း တကားဖြစ်ဖို့ ဆိုတာ မလွယ်ဘူး လို့လည်း သိလာတယ်လေ။ ဘယ်လောက်တော်တဲ့ ပန်းချီဆရာ ဖြစ်ဖြစ်၊ ပန်းချီကားတိုင်း ကောင်းတာမှ မဟုတ်တာ။ ခုနောက်ပိုင်း ပန်းချီဘက်ကို ပိုအလေး ပေးဖြစ်တယ်၊ ပန်းချီကားတွေ ပိုလည်း ရေးဖြစ်တယ်၊ ပိုလည်း စုဖြစ်တယ်။
မေး။ ။ ကိုစစ်ကို အခုလို ပန်းချီကားတွေ ဖန်တီးဖြစ်အောင် ဘယ်တွေက ဘယ်လို စေ့ဆော်ပေးနေသလဲ၊ ပြီးတော့ ကိုစစ်ရဲ့ သင်ဆရာ မြင်ဆရာတွေ အကြောင်းလည်း ပြေပါဦး။
ဖြေ။ ။ ပန်းချီ ကတော့ ငယ်ငယ်လေးကတည်းက ဆွဲဖြစ်တယ်၊ နယ်မှာ မွေးတာမို့ ကျောင်းပြိုင်ပွဲတွေ ဘာတွေမှာ ဝင်ပြိုင် ဝင်ရေးပေါ့။ ဆရာတွေနဲ့ သေချာ မသင်ခဲ့ရပါဘူး။ အိမ်မှာက စာအုပ်အငှားဆိုင်လေး ဖွင့်ခဲ့တော့… စာအုပ်အဖုံးက ပုံတွေ ကူးဆွဲတာပေါ။့ အထက်တန်း အောင်တော့လည်း ပန်းချီကျောင်း ရှိတာတောင် မသိခဲ့ပါဘူး နယ်မှာက ပန်းချီနဲ့ ပတ်သက် ပြီး အရာရာ အလှမ်းဝေးလွန်းပါတယ်။ ၂၀၀၀ လောက်မှာ မိသားစု လိုက်ရန်ကုန်ကို ပြောင်းလာခဲ့ကြတယ်။ ပန်းချီလောကနဲ့ နီးစပ်ဖို့ ကံပါလာတယ် ထင်ပါတယ်။
ကျနော့်မှာ သင်ဆရာရယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် ကျနော် အားရင် အသိပန်းချီဆရာတွေဆီ သွားလည်တယ်၊ သူတို့နဲ့ စကားတွေ ပြောတယ်၊ နားထောင်တယ်၊ ပြီးတော့ ပန်းချီစာအုပ်တွေ ဖတ်ဖြစ်တယ်၊ ပန်းချီဆရာတွေရဲ့ ဘဝ၊ ပန်းချီဆရာတွေရဲ့ အကြောင်းကို စိတ်ဝင်စားလို့ပါ။ သူတို့ဆီကနေ မတူညီတဲ့ ခံယူချက်တွေ၊ သင်ခန်းစာတွေ အများကြီး ရတယ်။
ပန်းချီဆရာတိုင်း အစောပိုင်းကာလ လက်ရာတွေမှာ သူတို့ နှစ်သက်စွဲလမ်းတဲ့ artist တွေရဲ့ ဟန်တွေ လွှမ်းမိုးမှုတွေ ပါနေတာ သဘာဝကျပါတယ်။ ကျနော် tattoo art တွေ ရေးခဲ့စဉ်တုန်းက realsim တွေ အရေးများခဲ့တယ်။ ဒါပေမယ့် ပန်းချီ ရေးဖြစ်တော့ abstract ရေးဟန်တွေကို ပိုနှစ်သက်မိတယ်။ အကြောင်းအရင်းက ပန်းချီကား စ,စုစဉ်ကတည်းက ဆရာ ဦးခင်မောင်ရင် အိမ် အရောက်များခဲ့တယ်၊ ဆရာရေးနေတာကိုလည်း ထိုင်ကြည့်ဖူးခဲ့တယ်။ ဆရာဟာ အနှောင်အဖွဲ့ ကင်းကင်းနဲ့ လောဘအနည်းဆုံးနဲ့ ပန်းချီရေးတယ်။ သူ့ ဘဝမှာ ပန်းချီထက် ဘာမှလည်း အရေးကြီးမယ့်ပုံ မပေါက်ဘူး။ ပန်းချီကားတွေ ရေးနေရရင်ကို စိတ်ချမ်းသာ နေတဲ့ပုံ။ ကျနော် သိပ်အားကျခဲ့ရတဲ့ ကျနော့်အပေါ် အလွှမ်းမိုးဆုံးက ဆရာ ဦးခင်မောင်ရင်ပေါ့။
ပန်းချီကား ရေးချင်လာတဲ့အခါမှာ အနားမှာ ဆေးကင်းဗတ် မပြတ်ဖို့က အဓိကပဲ။ ကျနော်ဟာ အရောင်ပြင်းပြင်း ဆေးသားထူထူ ရေးရတာ ပိုသဘောကျတယ်၊ ကျနော့် ပန်းချီဟာ ကျနော့် အတွက်တော့ မသိစိတ်နဲ့ သိစိတ်ကြားမှာ ရှိတဲ့ အလှတရားကို ကင်းဗတ်ပေါ်မှာ ရှာဖွေခြင်း အနုပညာပေါ့။ အရုပ်တွေရေးတာ မဟုတ်တဲ့ အတွက် ကျနော့်ပန်းချီမှာ ဘာပေါ့ ညာပေါ့ ဆိုပြီး ထွေထွေထူးထူး ရှင်းပြဖို့ မလို။ နားမလည်ဘူး နားလည်တာတို့ကတော့ ခံစားသူအပိုင်း။ ကိုယ်ကတော့ အရောင်တွေနဲ့ စိတ်တွေနဲ့ ဆေးခြယ်နေဦးမှာပါပဲ။ တနေ့နေ့မှာ ရင်ဘတ်ချင်းတူတဲ့သူ ကတော့ ငြိမှာပေါ့လေ။
မေး။ ။ ကျနော်တို့ ဆီမှာက ပန်းချီကားနဲ့ အနုပညာ လက်ရာ၊ တနည်းအားဖြင့် painting and artwork ကို ကွဲကွဲပြားပြား မသိကြသေးတာ တွေ့ရတယ်…၊ ပန်းချီကား စုဆောင်းသူ တဦးအနေနဲ့ ပန်းချီကားနဲ့ အနုပညာလက်ရာကြား ဘာတွေ ခြားနားတယ်လို့ ကိုစစ် ယူဆလဲ။
ဖြေ။ ။ Painting နဲ့ Artwork က ကွာတာပေါ့။ ကျနော့်ရဲ့ ပုဂ္ဂလအမြင် ကတော့ လူကြိုက်အောင်၊ ငွေရအောင် ရေးတာတွေ ကတော့ paintings တွေပေါ့။ ငွေရဖို့ မဟုတ်ဘဲ ကိုယ့်ရဲ့ ခံယူချက်တွေကို ဘာ အကြောင်းပြချက်နဲ့မှ အပျက်မခံဘဲ သေတဲ့ အထိ စွဲစွဲမြဲမြဲ အပင်ပန်း အဆင်းရဲခံပြီးလုပ်ခဲ့တဲ့ artist တွေရဲ့ လက်ရာမျိ ုးကို artworks တွေလို့ ထင်ပါတယ်။ အဲဒါကြောင့်လည်း လူတွေဟာ သူတို့ ရှိစဉ် အခါတုန်းက မေ့လျော့နေကြပြီး မရှိတော့မှ နှမြောတသ ဖြစ်ကုန်ကြတာလေ။ တကယ်artist အစစ်ဖြစ်ဖို့ကလွယ်တဲ့ အလုပ်မဟုတ်ဘူးဗျ။
မေး။ ။ မြန်မာ့ အနုပညာ ကမ္ဘာနဲ့ ချိတ်ဆက်ဖို့ ကျနော်တို့ဆီမှာ ဘာတွေကို ဘယ်လို ပြင်ဆင်သင့်သလဲ ဆိုတာလည်း နိုင်ငံတကာ အတွေ့အကြုံ ရှိသူ တဦးအနေနဲ့ ပြောပြပါဦး။
ဖြေ။ ။ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတာက ကြာခဲ့ပြီလေ၊ ဒီဘက်ခေတ်တွေကျမှ မျက်စိပွင့် နားပွင့် ဖြစ်လာတာလေ၊ ဒီကိစ္စဟာ အတင်းလုပ်ယူလို့ မရဘူးဗျ။ ကိုယ့်မှာ ရှိတာနဲ့ …ရောက်နေတဲ့ နေရာက လိုက်ရမှာ၊ မရှိတာကို ရှိသလိုမျိုး အတင်း လုပ်ယူရင် လူရယ်စရာ ဖြစ်ရုံပဲ ရှိမှာပေါ။ ဉာဏ်နဲ့ယှဉ်ပြီး သွားနေကြတဲ့ ခေတ်မှာ ကျနော်တို့တွေ ရေးတတ်နေရုံနဲ့ မရတော့ဘူး၊ စိတ်ကူးတွေ အကုန်ဖွင့်ထုတ်ပီး ရေးနိုင်မှ တော်ကာကျမှာ…။
ကျောင်းနေအရွယ် အခြေခံမှာကတည်းက ကျနော်တို့တွေ ပြတ်ကျန် နေခဲ့တာပါ။ ပန်းချီကျောင်းတွေမှာ ဆေးစုတ်က အစ ထိထိရောက်ရောက် မပံ့ပိုးနိုင်ခဲ့တာ အခုချိန်ထိပဲ။ အဝေးကြီး မကြည့်နဲ့ အိမ်နီးချင်းထိုင်းနဲ့ပဲယှဉ်ကြည့်ဦး။ အဝေးကြီး ပြတ်ကျန်နေခဲ့ပြီလေ။
တိုင်းပြည်ဆင်းရဲလို့ မပံ့ပိုးနိုင်တဲ့ ကြားက ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်လာကြ တဲ့ကျနော်တို့ မြန်မာ့ပန်းချီဆရာ တွေကိုတော့ ချီးကျူးပါတယ်ဗျာ။ ပန်းချီဈေးကွက်ကမရှိ၊ ပန်းချီကားဆိုတာ စုရကောင်းမှန်းလည်း မသိတဲ့ ဒီတိုင်းပြည်မှာ ပန်းချီဆရာဘဝကို ဖြတ်သန်းရတာ တော်တော် မလွယ်တဲ့ ကိစ္စပါ။ နောက်တခုက ကျနော်တို့ဆီမှာ ပန်းချီနဲ့ ပတ်သက်ပြီး ပြတိုက်ကောင်းကောင်း မရှိဘူး၊ အဲဒီအတွက်ကြောင့် ရှားပါးလက်ရာတွေ နိုင်ငံခြားက ပြတိုက်တွေဆီအများစုက ရောက်ကုန်ကြပြီ။ အနည်းစုပဲ ပြည်တွင်းက ပန်းချီကားစုဆောင်းတဲ့ သူတွေဆီမှာ ကျန်တော့တာပါ။
မေး။ ။ ကိုစစ် ဖြည့်စွက် ပြောလိုတာတွေလည်း ပြောပြပါဦး။
ဖြေ။ ။ အနုပညာကို ချစ်တတ်သွားရင် ငြိမ်းချမ်းတယ်၊ စိတ်ကူးဉာဏ်တွေ ကွန့်မြူးမယ်၊ ကမ္ဘာလောကရဲ့ အလှတရားတွေကို ပိုပြီး တန်ဖိုးထားတတ် လာမယ်၊ ဒါကြောင့်လည်း နိုင်ငံခြားတိုင်းပြည်တွေမှာ ပန်းချီအနုပညာကို ချစ်တတ်အောင် ထိန်းသိမ်းတတ်အောင် ကျောင်းနေအရွယ် ကလေးဘဝကတည်းက သင်ကြားရတယ်။ နိုင်ငံတနိုင်ငံကို တည်ဆောက်ရာမှာ ပန်းချီအနုပညာ တခုတည်းနဲ့ တည်ဆောက်လို့ မရနိုင်ပေမယ့် ပန်းချီ အနုပညာကို တန်ဖိုးထား ချစ်တတ်တဲ့ သူတွေ များရင်တော့ ဒီကမ္ဘာကြီးဟာ ပိုငြိမ်းချမ်းလာမှာတော့ အသေအချာပဲပေါ့ဗျာ။ ။