၁၉၅၈ ခုနှစ်ကစလို့ အနုပညာလောကထဲသို့ သရုပ်ဆောင်၊ ဖလင်တည်းဖြတ်သူ အဖြစ်နဲ့ ဝင်ရောက်လာခဲ့ပြီး အောင်မြင်သော သရုပ်ဆောင်သာမက အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ဇာတ်ကားများကိုပါ ဒါရိုက်တာအဖြစ် ဖန်တီးရိုက်ကူးခဲ့သူ သရုပ်ဆောင် အကယ်ဒမီ ဦးအောင်လွင် တဖြစ်လဲ ဒါရိုက်တာ စံရွှေမောင်ဟာ ၂၀၀၅ ခုနှစ် “မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့အပြီး ဒါရိုက်တာ ဘဝကနေ အနားယူခဲ့ပါတယ်။ အဆိုပါ ကြားကာလတွေမှာ သရုပ်ဆောင် မင်းသား မင်းသမီးများရဲ့ ဖခင်၊ အဖိုး စတဲ့ ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး ၁၂ နှစ်အကြာ ယခု ၂၀၁၇ ခုနှစ်မှာတော့ မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော် အထိမ်းအမှတ်အဖြစ်နဲ့ “သရာစောထိ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဖန်တီးရိုက်ကူးခဲ့ပါတယ်။ တိမ်လွှာမို့မို့လွင်၊ နေခြည်ဖြာမှနွေးသောကြောင့်၊ ကလောအလွန်တစ်ဘူတာ၊ မာယာထောင်ချောက် စတဲ့ နာမည်ကြီး ရုပ်ရှင် ဇာတ်ကားပေါင်း ၁၁ ကားနီးပါး ရိုက်ကူးခဲ့ပြီး ၁၉၇၄ ခုနှစ်မှာတော့ “နော်ကူးမ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြင့် ဇာတ်ပို့သရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့သဘာဝအလှအပရှုခင်းတွေ ဒေသဓလေ့တွေကိုသာ အမြဲရိုက်ကူးပုံဖော်လေ့ရှိတဲ့ ဘကြီးအောင်လို့ အများသိကြတဲ့ ဦးစံရွှေမောင် (အောင်လွင်)ဟာ အခုအခါမှာလည်း ကရင်ပြည်နယ်မြောက်ဖျားမှာရှိတဲ့ သံတောင်ကြီးဒေသ ပတ်ဝန်းကျင်ရဲ့ ဓလေ့စရိုက်တွေ ဒေသခံတွေခံစားနေရတဲ့ လက်တွေ့ဘဝအခြေအနေတွေ ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေကို လှပတဲ့ ရှုခင်းရှုကွက်တွေနဲ့ ရိုက်ကူးထားတဲ့အပေါ်နဲ့ သူ့ဘဝ သူ့အနုပညာအကြောင်းတို့ကို ဧရာဝတီသတင်းဌာနရဲ့ ကော်ပီအယ်ဒီတာ သဲသဲက စုံစမ်းမေးမြန်းထားပါတယ်။
မေး- သရာစောထိ ရုပ်ရှင်ဇာတ်ကား ရိုက်ဖြစ်ရခြင်းရဲ့ အစကိုပြောပြပေးပါ။
ဖြေ- နံပတ်တစ်ကတော့ ဦးဇာဂနာပေါ့။ သူက အကုန်လုံးကို လိုက်စည်းရုံးလှုံ့ဆော်လာတဲ့အခါကျတော့ ၂၀၁၆ နှစ်ကုန်ပိုင်းလောက်မှာ ဝန်ကြီးက ဦးဇာဂနာတို့ကို MRTV-4 က ဗိုလ်မှူးသိန်းထွန်းအောင်တို့ ရုပ်ရှင်အစည်းအရုံးတို့ အပါအဝင် စုပေါင်းပြီးတော့ ဖိုရမ်တခုလုပ်ခဲ့တယ်။ ဒီ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဖြစ်လာတဲ့ ဆရာဦးဖေမြင့်ကလည်း စာရေးဆရာတယောက်ဖြစ်တဲ့အတွက် အဘတို့နဲ့ အရင်လုပ်ငန်းလေးတွေမှာလည်း ဆုံဖူးကြတော့ အဲဒီဖိုရမ်မှာလည်း ဝန်ကြီးကလည်း တက်ပေးဖူးတယ်။ အဲဒီလိုဆိုရင် ကျနော်တို့ ဒီမိုကရေစီနဲ့ ပတ်သက်တာ ရုပ်ရှင်ကားတွေ၊အကြောင်းအရာတွေပေါ့၊ အငြိမ့်ဖြစ်ဖြစ်၊ ဇာတ်ဖြစ်ဖြစ် ပြည်သူလူထုကို သိစေချင်တဲ့ဟာပေါ့။ ဒီတော့ ဦးဇာဂနာက ဘကြီးအောင်ကိုပါခေါ်ပြီး ဆွေးနွေးတိုင်ပင်ကြတဲ့အခါ ဆရာဦးဖေမြင့်က ပြောတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဆရာရှားပါးနေတယ်ပေါ့၊ ဆရာမ များပါတယ်၊ ဆရာနဲ့ပတ်သက်ပြီး ဇာတ်လေးတခု လုပ်ကြရအောင်ဆိုပြီး ပြောတယ်၊ အဲဒီရက်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အစည်းအဝေးပြီးပြီးချင်းပဲ သံတောင်ကြီးကို သွားလည်မယ်ဆိုပြီးတော့ သွားကြတယ်၊ ဟိုမှာ ဦးညောင်ညောင် သူငယ်ချင်းတွေရှိတယ်။ ဦးမြင့်ဇော်တို့ဘာတို့၊ သူတို့ကလည်း ဧည့်သည် လာတယ်ဆိုတော့ ဟိုခေါ်ဒီခေါ် နော်ဘူဘောတောင်ပေါ်တို့၊ ရှုခင်းတွေ အရမ်းလှတော့ ဘကြီးက စိတ်ဝင်စားပြီးတော့မှ နောက် အဲဒီနေရာက ကရင်ပြည်နယ်ရဲ့ မြောက်ဖျားအစွန်ကျတယ်။ တောတောင်အရမ်းထူထပ်တယ်။ ကိုယ်ဝါသနာပါတာ အဲဒါမျိုးဆိုတော့၊ ဘာကုန်ထွက်သလဲ၊ ဘာပစ္စည်းထွက်သလဲ၊ ဘာအခက်အခဲရှိသလဲ၊ ဘယ်တုန်းက ဘာဖြစ်ဖူးသလဲ အဲဒီလိုအချက်အလက်လေးတွေ ကောက်ရင်းနဲ့ ဦးဇာဂနာကနေ မပြန်ဘူးဆိုပြီးတော့ ဝတ္ထု အရှည်တွေ ချကြတော့တာပဲ။ နောက် ဇာတ်ညွှန်းခွဲပေ့ါ။ တခြား ဘကြီးအပြင်ကို ရိုက်မယ့် ကိုဝိုင်းပါတယ်၊ ဦးမီးပွားပါတယ်၊ နောက် စာရေးဆရာဆိုရင် မစန္ဒာတို့၊ လယ်တွင်းသားစောချစ်တို့၊ သာယာဝတီ စန်းစန်းနွဲ့တို့ ပါကြတယ်၊ အဲဒီတော့ ကျနော်တို့ကတော့ ဒီလိုဇာတ်ကလေးရတယ်ဗျာ။ အရှည်ကလေးရေးကြမယ်ဆိုပြီး ရေးကြတာပေါ့။ ရေးတော့ တောင်ငူဇာတ်ကလေး ဖြစ်သွားတာပေါ့။
အဲဒီတော့ ဘယ်လိုနာမည်ပေးမလဲဆိုတော့ ဒေသခံတွေ မေးကြည့်တော့ ကရင်လိုဆိုလို့ရှိရင် ဆရာကို “သရာ”လို့ခေါ်ကြတာပေါ့။ ဥပမာ ဆရာမဆိုရင် “သရာမူ” လို့ခေါ်ကြတယ်၊ အခုကကျတော့ သရာစောထိဆိုတဲ့အခါကျတော့ ထိဆိုတာဘာလဲဆိုတော့ ရေပေါ့၊ သရာစောထိဆိုတော့ ဆရာရေချမ်းလို့ခေါ်လို့ရပါတယ်။ ဒါကို ရိုက်ဖြစ်အောင် ရိုက်ပါဆိုပြီးတော့ မြန်မာ့ရုပ်မြင်သံကြားနဲ့ ဆရာဦးဖေမြင့်တို့က တိုက်တွန်းတဲ့အတွက်ကြောင့် ရိုက်ဖြစ်တာပါ။ ရိုက်ဖြစ်တဲ့အခါမှာ သွားရောက်ရိုက်ကူးမယ်ဆိုတော့လည်း ကိုဇာဂနာပါပဲ၊ ကျနော်တို့ ကုလသမဂ္ဂနေ့ရယ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ရယ်၊ အဲဒါနဲ့ နီးစပ်တဲ့နေရာ ၉ လပိုင်း ၁၅ ရက် အဲဒီကနေစပြီးတော့ ကျနော်တို့ ရိုက်ကြရအောင်ဆိုပြီးတော့ ဆုံးဖြတ် ဖြစ်သွားတယ်၊ လွယ်လွယ်ကူကူဖြစ်တယ်ဆိုပေမယ့် ရိုက်လိုက်တဲ့အခါကျတော့ ရိုက်ရမယ့်ရက်က မိုးတွင်းကာလကြီးမှာဖြစ်နေတယ်၊ ရုံတင်ရမယ့်ဟာကလည်း မိုးတွင်းအပြီးသတ်မပြီးသေးဘူး၊ အဲဒီတော့ ဆုံးဖြတ်ပြီးသား ရိုက်ကြရအောင်ဆိုတော့ ဘကြီးအောင်ရဲ့ မူလက ရုပ်မြင်သံကြားရဲ့ တီဗီဇာတ်လမ်း ဖြစ်ချင်တယ်၊ တီဗီ ဇာတ်လမ်း ဖြစ်ချင်တာက တီဗီဇာတ်လမ်းဆိုရင် လွယ်လွယ်ကူကူရိုက်လို့ရတယ်၊ မင်းသား၊ မင်းသမီး နာမည်ကြီးဖို့မလိုဘူး။ ကိုယ်ပြတာကိုကြည့်ရမယ်၊ ရုံကြီး ကားဖြစ်တဲ့အခါကျတော့ လူကြည့်များတဲ့ ဈေးခေါ်ကောင်းတဲ့ မင်းသားမင်းသမီးမျိုး ပါမှဖြစ်တော့မယ်။ သူတို့ပါလာရင် မကောင်းဘူးလားဆိုတော့ ကောင်းတယ်။ဒါပေမယ့် သူတို့က နဂိုကတည်းက ကားရိုက်တဲ့နေရာမှာ ရက်တွေ ကျပ်ကျတယ်။
မေး – ဒီ ဇာတ်ကားကို တကယ့်တောထဲ တောင်ထဲမှာ ရှုခင်းကောင်းကောင်းတွေနဲ့ ရိုက်ကူးထား တွေ့ရတော့ အခက်အခဲတွေလည်း သိချင်ပါတယ်။
ဖြေ – ဘကြီးကားက တောထဲတောင်ထဲမှာ ရိုက်ရမှာဆိုတော့ သာမန်အိမ်ထဲမှာ ထိုင် စကားပြောတဲ့ကားမျိုးမဟုတ်ဘူး။ အိမ်ထဲမှာထိုင်ပြီး စကားပြောတဲ့ကားဆိုရင်တော့ တနေ့ကို လေး၊ ငါး၊ ခြောက် ဆင်းန်လည်း ကျတတ်တယ်၊ ဟိုမှာက ကင်မရာက တောင်အောက်ကိုဆင်းသွားလိုက်၊ ဇာတ်ကောင်လုပ်တဲ့ကောင်က တောင်ထိပ်ကို တက်သွားလိုက်၊ အဲဒါက ဓာတ်လှေကားနဲ့တက်နေတာမဟုတ်ဘူးလေ။ အဲဒီရဲ့ လှုပ်ရှားမှုကနေ နုတ်တဲ့အချိန်တွေက အများကြီးထိခိုက်တယ်။ ရာသီဥတုကလည်း အရမ်းပြင်းတယ်။ ပြင်းတဲ့အချိန်မှာ စောစောကပြောတဲ့ ကရင်ပြည်နယ်ရဲ့ အစွန်ဆုံး မြောက်ပိုင်း အကျဆုံးဖြစ်တဲ့အတွက် ရာသီဥတုက ဆိုးတယ်။ မြူတွေပိတ်တာရယ်၊ မြူပိတ်ပြီးရင် မိုးရွာတယ်၊ မိုးရွာပြီးသွားရင် မြူပိတ်ကျန်ခဲ့တယ်။ အဲဒါမျိုးတွေ ဒုက္ခရောက်တာပေါ့။ အဲဒါက လူပင်ပန်းတဲ့အပြင် ရာသီဥတုအခက်အခဲ၊ အဲဒီရာသီဥတု၊ သဘာဝကလှတဲ့အခါကျတော့ ဇာတ်ကားထဲမှာ ကြည့်လို့ကောင်းသွားတာတွေရှိပါတယ်။ တခါ မင်းသားမင်းသမီးကို ရက်ငဲ့ရတာရှိတယ်၊ မင်းသားမင်းသမီးကို ရက်မငဲ့ရဘူးဆိုရင် ဒီဇာတ်ကားကို ဒီထက်ပိုလှအောင် စောင့်ပြီးတော့ ရိုက်လို့ရတယ်။
မေး – ဒီမှာ ထူးခြားတာတွေက ဆက်တင်အပြင်အဆင်၊ ကင်မရာအယူအဆ၊ အသံပိုင်းဆိုင်ရာဆိုရင်လည်း စစ်သားတွေချီတက်လာတဲ့ စစ်ဖိနပ်သံကအစ သေချာရယူရိုက်ကူးထားတာမျိုး၊ ဇာတ်ကွက်တိုင်းရဲ့ location တွေ ရွေးချယ်ထားတာမှာလည်း အရမ်းလှတဲ့နေရာမျိုး ဒါတွေဟာ ကျမတို့ ဟိုးအရင်က ကြည့်ခဲ့ဖူးတဲ့ နေခြည်ဖြာမှနွေးသောကြောင့်တို့ ကလောအလွန်တစ်ဘူတာ အဲဒီလို ဇာတ်ကားမျိုးတွေလို မြန်မာပြည်ရဲ့ လှပတဲ့ တောတောင် ရှုခင်းသဘာဝ ဒါတွေကို ပြန်ခံစားမိတယ်။ မြန်မာဇာတ်ကားကို အဆင့်အတန်းရှိရှိ ကြည့်ရတဲ့အပေါ် ဒါရိုက်တာတယောက်အနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါလဲ။
ဖြေ- အဲဒီလိုပြောတော့ ဘကြီးက ကိုယ့်ဘာသာကိုယ်တော်ကြောင်း၊ ကောင်းကြောင်းပြောသလိုဖြစ်နေမှာပေါ့။ ဘကြီးဝါသနာက နံပတ်တစ်က စာဖတ်ခြင်းနဲ့၊ ခရီးသွားခြင်းပါပဲ။ အဲဒါကလည်း ဒီအသက်ဒီအရွယ်ထိ သွားနေတာပါပဲ၊ ဘကြီးမရောက်ဖူးတဲ့နေရာဆိုရင် နည်းနည်းရှားရှားပါးပါးဖြစ်သွားပါပြီ။ မြန်မာပြည်ရဲ့ ရှုခင်းတွေကို အဓိက အသားပေးရိုက်ပြီး ဇာတ်ကြောင်းက သူ့အထဲမှာပါသွားမယ်၊ ဒါပေမယ့် နှစ်မျိုးရှိတယ်၊ တမျိုးကဘာလဲဆိုတော့ ဖြတ်ညှပ်ကတ်ပေါ့၊ ဥပမာ-တိမ်လွှာမို့မို့လွင်မှာဆိုရင် ဇာတ်လမ်းကရှိပြီးသား၊ စစ်တွေမြို့ကို ဖြတ်ညှပ်ကတ်ထည့်တယ်၊ နေခြည်ဖြာမှဆိုရင် ဖြတ်ညှပ်ကတ် မဟုတ်ဘူး၊ သူတို့ဆီမှာဘာတွေဖြစ်တတ်သလဲ၊ ရေကြီးတတ်တယ်၊ တောင်ပြိုတတ်တယ်၊ အဲဒီ အချက်အလက်တွေ စုပြီးတော့ ဇာတ်လမ်းဖန်တီးတယ်၊ အခု သရာစောထိဆိုရင်လည်း ဖြတ်ညှပ်ကတ်မဟုတ်ဘူး၊ သူ့ဆီမှာနေကြတာတွေ၊ စားကြတာတွေ အဲဒီဟာလေးတွေ ဖော်ထုတ်ချင်တယ်၊ မာယာထောက်ချောက်ဆိုတဲ့ ကားကတော့ မန္တလေး၊ မေမြို့ အဲဒီလို အလှအပခေတ်တုန်းက ပထမဦးဆုံးရိုက်ခဲ့ဖူးတဲ့ ကိုယ်တိုင်မင်းသား၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်တိုင် ဒါရိုက်တာ လုပ်ခဲ့တဲ့ကားပေါ့၊ အဲဒါကတော့ ၁၉၇၁ ခု၊ ၁၉၇၂ ခုမှာ အကယ်ဒမီ အေးအေးသင်း အကယ်ဒမီရတဲ့ကား ဖြစ်ပါတယ်။ နော်ကူးမကတော့ သူများရိုက်တာ။ ဒါပေမယ့် ဘကြီးနဲ့ နွဲ့နွဲ့မူနဲ့ အကယ်ဒမီရတဲ့အခန်းအကုန်လုံး ဘကြီးကိုယ်တိုင်ရိုက်ခဲ့တဲ့ ကားတွေဖြစ်ပါတယ်။ ရိုက်ပြီးတော့ NLD စထူထောင်ပြီးတော့ ဒီမိုကရေစီ စထူထောင်တဲ့ အထဲပါခဲ့တဲ့အတွက် ထောင်ထဲရောက်ပြီးတော့ ဆုံးပါးသွားတဲ့ကား ကိုးတောင်ကျား၊ ကိုးတောင်ကျားက မြန်မာပြည်မှာ ဘယ်သူ့မှမရိုက်သေးတဲ့ကားပါ။ အခြေခံပြောမယ်ဆိုလို့ရှိရင် ကျောက်မဲပါတယ်၊ လားရှိုးရေပူစမ်းပါတယ်၊ ကျိုင်းတုံပါတယ်၊ တာချီလိတ်ပါတယ်၊ နောက် လာအိုရယ်၊ ယိုးဒယားရယ်၊ မြန်မာရယ်၊ တြိဂံနယ်မြေဖြစ်နေတဲ့ မဲခေါင်မြစ် အလယ် တည့်တည့်ပါတယ်၊ ကလောမှာ အများဆုံးပါတယ်၊ အရမ်းလှတဲ့ ကားတကားဆုံးပါးသွားခဲ့ရတယ်။ ထောင်ထဲ ရောက်သွားတဲ့အတွက်ကြောင့်မို့လို့ အထဲမှာ သုံးနှစ်ဆိုတော့လေ။
မေး- ဒီ သရာစောထိ ရုပ်ရှင်ကားရဲ့ Official Trailer မှာကြည့်လိုက်ရတာက ဇာတ်ကားရဲ့ Theme song တွေကို အသစ်ဖန်တီးထားတာတွေ့ရတယ်။ အဲ့ဒါလည်း သိချင်ပါတယ်။
ဖြေ – အဲဒါကတော့ ကိုလင်းထက်နဲ့ ကိုဇာဂနာတို့ ရူးသွပ်ကြတာပါပဲ။ ရူးသွပ်ကြတယ်ဆိုတာ ကောင်းသောရူးသွပ်တာပါ။ သူကိုယ်၌ကိုယ်က သီချင်းကို ဒီလိုဖြစ်ချင်တယ်၊ ကိုဇာဂနာ ကိုယ်တိုင်သွားအပ်တယ်။ ဘကြီးကတော့ တောထဲမှာ ကားရိုက်ရုံဘဲ ရိုက်တာပေါ့။ အဓိကကတော့ ညီညီညွတ်ညွတ်ပူးပေါင်းပြီးတော့ စိတ်တူသဘောတူ လုပ်ကြရင် အလုပ်တခုက ကောင်းတာပါပဲ။ ငါတော်လို့ သူတော်လို့ဆိုတဲ့ မာနထားရင်မကောင်းနိုင်ဘူး၊ ဒါ သူစေတနာနဲ့လုပ်တာ၊ ဒါ ငါစေတနာနဲ့ လုပ်တာ၊ တယောက်နဲ့တယောက်အမှားပြင်ဆင်ပေးရင်း၊ တိုင်ပင်ပြီးလုပ်ကြတဲ့အတွက် ကျေနပ်လောက်တဲ့ ကားလေးတကားဖြစ်လာတယ်လို့ ယူဆပါတယ်။
မေး – ဒီဇာတ်ကားက ကရင်ပြည်နယ်သံတောင်ကြီးဒေသမှာရှိတဲ့ ဒေသခံတွေခံစားနေရတဲ့ ခံစားချက်တွေ၊ ပညာရေး၊ လူမှုရေး၊ လက်ရှိဖြစ်ပျက်နေတဲ့ ပြဿနာတွေ ဒါတွေကို အခြေခံပြီး ရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့် ဒီ ဇာတ်ကားက အဲဒီ ဒေသခံတွေအတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိနိုင်မယ်လို့ မျှော်လင့်ထားသလဲ။
ဖြေ- ဘကြီးကတော့ ဘာမှမမျှော်လင့်တတ်ဘူး၊ ဒါပေမယ့်အခု ကားရိုက်ဖို့စီစဉ်တဲ့နေရာမှာ ဒေသခံတွေ ဝိုင်းကူတဲ့ သူတွေပါတယ်၊ ဦးမြင့်ဇော်ဆိုတာပါတယ်။ အလယ်ချောင်းက ကိုထီးထီးဆိုတာပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဝန်ကြီးဖြစ်ခဲ့ဖူးတဲ့ စောခရစ်တိုဖာ တို့ပါတယ်၊ အဲဒီလူတွေကိုယ်က တိုက်တိုက်တွန်းတွန်းနဲ့ သူတို့လက်ထဲကိုလည်း ဇာတ်ညွှန်းတွေပေးထားတဲ့အတွက်ကြောင့်မို့လို့ ဒါကတော့ ငါတို့ကရင်ပြည်နယ်ကို လမ်းဖွင့်ပေးဖို့ ရိုက်တာဆိုပြီးတော့ ဘက်စုံကူညီကြတာတွေလည်း ကျေးဇူးတင်စရာတခုဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း မျှော်လင့်တယ်။ ဒါပြီးရင် နောက်တခါဘယ်လိုကားမျိုးရိုက်ရအောင်ကွာ ဆိုပြီးတော့လည်း ပြောလာတာရှိတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2017/09/thaya-saw-hti-2.jpg)
မေး – ဘကြီးရဲ့ အနုပညာသက်တမ်းတလျှောက်လုံးကိုကြည့်လိုက်ရင် ဒါရိုက်တာပိုင်းနဲ့ ပတ်သက်ပြီးတော့ ဘကြီးအနေနဲ့ သရုပ်ဆောင်တွေကို အကယ်ဒမီ ရဖို့အတွက် အကောင်းဆုံးပံ့ပိုးရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာတယောက်၊ ဘကြီးရိုက်ကူးတဲ့ ကားတွေထဲက သရုပ်ဆောင် တယောက်မဟုတ် တယောက် အကယ်ဒမီ ရခဲ့ကြတယ်။ ဒါပေမယ့် ဘကြီးအနေနဲ့ အခုအချိန်ထိ ဒါရိုက်တာနေရာမှာ အကယ်ဒမီမရသေးဘူး။ အဲဒီအပေါ်ကိုရော ဘာပြောချင်ပါသလဲ။
ဖြေ- ဘာမှမပြောချင်ပါဘူး။ ဘကြီးတို့ခေတ်က ဇာတ်ကားက တနှစ်မှာ ၆၀၊ ၈၀ ထွက်တယ်။ “မာယာထောင်ချောက်”ဆိုတဲ့ဇာတ်ကားမှာ သရုပ်ဆောင်တယောက်ပါတယ်၊ ဘကြီးမဟုတ်ဘူး။ အဲဒီလူက အဲဒီဇာတ်ကားထဲမှာ တေ်ာတော်ကောင်းတယ်၊ သူ့ အသက်အရွယ်နဲ့လည်း နောက် ရစရာမရှိတော့ဘူး၊ အဲဒီအခါမှာ အဲဒီသူမရဘဲနဲ့ တခြားသူတယောက်ရသွားတယ်၊။ အဲဒီနှစ်မှာ မာယာထောက်ချောက်ထဲမှာ အေးအေးသင်းပဲ ရသွားတယ်၊ အဲဒီလူမရဘူး၊ မရတော့ လိုက်မေးတဲ့အခါကျတော့ ဟိုလူက ဘာလို့မရတာလဲ ကောင်းတာချင်းတူတူပဲကိုလို့ မေးတဲ့အခါကျတော့ ဘာပြောလဲဆိုတော့ ဟိုလူက မဆလခေတ်မှာသင်းပြည့်ပါတီဝင် မို့လို့ တမှတ်ပိုတယ်တဲ့။ အဲဒါနဲ့ ဘကြီးက စိတ်နာပြီးတော့ ငါ့ကိုပေးရင်ပေးကြည့် ပေးရင်ဘုရားကိုလှူတယ်ဆိုပြီးတော့ ၁၉၇၄ မှာ နော်ကူးမအတွက် ဇာတ်ပို့ပေးတဲ့ အကယ်ဒမီကို ရွှေတိဂုံဘုရားမှာ လှူလိုက်ပါတယ်။ အဲဒါနဲ့ သူတို့ကို ဂွတိုက်တယ်ဆိုပြီးတော့ ဘကြီးကို ဘယ်တော့မှ ပေးဖို့ မရည်ရွယ်တော့ပါဘူး၊ ဘကြီးလည်း ရရ ကောင်းစေဆိုပြီးတော့ ရိုက်နေတာမဟုတ်ပါဘူး။
မေး- ဒီဘက်ခေတ်မှာ “သရာစောထိ” ဇာတ်ကားနဲ့ အကယ်ဒမီရလာမယ်ဆိုရင်ရော..။
ဖြေ- အဲဒါကတော့ ရရကောင်းလိမ့်ဆိုပြီးတခုမှ မမျှော်လင့်ဘူး။ စိတ်ထဲမှာလည်းမထားဘူး၊ ကိုယ်ရိုက်တဲ့အချိန်မှာ ကောင်းအောင် ရိုက်လိုက်တာပဲ၊ ဒီထက်ကောင်းအောင်မရိုက်လိုက်ရတာကိုပဲ စိတ်ထဲမှာမကောင်းဘူး၊ အချိန်မရဘူး၊ ငွေကြေးမရဘူး၊ ရာသီဥတုအခြေအနေပေါ့၊ အရင်တုန်းက နော်ကူးမဆိုလည်း ကိုယ်နဲ့တွဲတဲ့ မင်းသမီးက နေခြည်ဖြာတို့ သူတို့က တောထဲ တောင်ထဲတွဲလာတဲ့မင်းသမီး၊ ကိုယ်လိုချင်သလို ရိုက်လို့ရတယ်၊ သူများမခိုင်းတဲ့ဇာတ်ရုပ်တွေ ခိုင်းလို့ရတယ်၊ ကိုယ်ရိုက်ချင်သလို ဖြစ်တာပေါ့၊
မေး- ၂၀၀၅ ခုနှစ်မှာထွက်ခဲ့တဲ့ ဘကြီးရဲ့ “မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍” ဇာတ်ကားအပြီး ဒီ ၂၀၁၇ မတိုင်ခင်အထိ အဲဒီ ၁၂ နှစ်တာ ကာလအတောအတွင်း ဒါရိုက်တာအဖြစ် ဘာကြောင့် ဆက်မလုပ်ဖြစ်ရတော့တာလဲ။
ဖြေ- နံပတ်တစ်ကတော့ ကျနော် ဒါရိုက်တာ ရိုက်တတ်ပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် သူများကိုမပြောတာ၊ ရိုက်ပါရစေလို့လည်း သွားမပြောတာ၊ ကျနော့်မှာ ဒီဇာတ်လမ်းရှိတယ် ရိုက်ရအောင်လို့ ဘယ်သူ့ကိုမှ သွားမပြောဘူး။ မပြောတာကလည်း မာနကြီးတာ မဟုတ်ဘူး။ သူများတွေကလည်း သရုပ်ဆောင်ပဲ လုပ်နေတဲ့အခါကျတော့ မေ့မေ့ပျောက်ပျောက်ပဲထားလိုက်တယ်။ နှစ်အချက်ကတော့ ဘကြီးတို့ ရိုက်ချင်တဲ့ကားမျိုး ထုတ်လုပ်သူ တတ်နိုင်မှာမဟုတ်ဘူး၊ ထုတ်လုပ်သူ တတ်နိုင်ပါပြီတဲ့ မင်းသား၊ မင်းသမီး တတ်နိုင်မလား၊ ရက်ပေးနိုင်မလား၊ စိတ်ရှည်မလား၊ အဲဒီတော့ ကိုယ်လိုချင်သလိုမဖြစ်ဘဲနဲ့ စိတ်ဆင်းရဲရမယ့်အလုပ်ကို အခုတောင် ဘယ်လောက် စိတ်ဆင်းရဲရသလဲ၊ မလုပ်ချင်ဘူး။ ဒါရိုက်တာမလုပ်ရလို့ ဘာမှမဖြစ်ဘူး၊ လုပ်ချင်တဲ့ ဆန္ဒကကျတော့ ဘာကြောင့်လုပ်ချင်လဲလို့ ဆိုလို့ရှိရင် မြန်မာပြည်မှာ လှတဲ့နေရာတွေအများကြီးရှိတယ်၊ အဲဒါတွေကို ရန်ဖြစ်အောင် ပြောရမယ်ဆိုရင်တော့ ဒီနေ့ ဒါရိုက်တာတွေဘယ်သူ့မှ မသွားကြဘူး၊ မသွားဘဲနဲ့ ပါးပါးလေးခူးစားနေကြတယ်၊ အဲဒီအကျင့်မရှိဘူး၊ ကိုယ့်ကိုလေးစားပြီးတော့ လာကြည့်တဲ့ ပရိသတ်ကို တခုခုပေးချင်တယ်၊ သို့တည်းမဟုတ် တိုင်းပြည်ကိုလည်း တခုခု ပေးချင်တယ်။
မေး – ဒါရိုက်တာပညာနဲ့ပတ်သက်ပြီးတော့ ဟိုဘက်ခေတ်အခါက လုပ်ခဲ့ရတဲ့ အတွေ့အကြုံ၊ အနေအထားတွေနဲ့ ဒီဘက်အခါမှာ လုပ်ရတဲ့အခါ အတွေ့အကြုံအနေအထားတွေ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ဘယ်အရာတွေက အားသာချက်၊ အားနည်းချက်တွေရှိမလဲ။
ဖြေ- အတိုချုပ်ပြောမယ်ဆိုရင် စေတနာပဲ၊ ထုတ်လုပ်သူကလည်း ငါ့ကားက အကောင်းဆုံးရိုက်မယ်၊ သူများနဲ့ပြိုင်မယ် ငါ့ကားကိုပိုကြိုက်ရမယ်။ အဲဒီ စေတနာ၊ ဒါရိုက်တာလုပ်တဲ့သူကလည်း ဟိုခေတ်က အဘတို့နဲ့ တတန်းတည်းနေခဲ့တဲ့ သူငယ်ချင်းတွေ မင်းကားထက် ငါသာရမယ်ဆိုပြီးတော့ ပြိုင်ခဲ့တယ်၊ နောက်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ကလည်း ဘယ်နှစ်ရက်ပေးရ ပေးရ ဘယ်လောက်ကြာကြာ ငါကောင်းဖို့အရေးကြီးတယ်ဆိုတဲ့ ပြင်ဆင်မှုတွေ စိတ်ဓာတ်တွေ အဲဒီ စေတနာတွေ ပျောက်နေတဲ့အတွက် ကြောင့် ကားတွေကမကောင်းတာ။
မေး- ဘကြီးအနေနဲ့ ဘာများဖြည့်စွက်ပြီး ပြောချင်ပါသေးလဲ။
ဖြေ- မရှိပါဘူး၊ ကြိုက်ပါစေပဲ ဆုတောင်းပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့တွင်ရုံုတင်ပြသမည့် သရာစောထိရုပ်ရှင်ဇာတ်ကား official trailer ကို ဖော်ပြလိုက်ပါတယ်
https://www.facebook.com/maung.thura.5/videos/1271693179609788/