Lifestyle

ရီဟားနားနဲ့ ပူးမားဖိနပ်ကုမ္ပဏီတို့ပူးပေါင်းပြီး ဖိနပ်ဒီဇိုင်းအသစ် ထုတ်လုပ်

အဆိုတော် ရီဟားနားဟာ သူမရဲ့ဂီတအတွက် ဆန်းသစ်မှုများပြုလုပ်လေ့ရှိသလို ဖက်ရှင်ပိုင်းမှာလည်း တမျိုးပြီးတမျိုး မရိုးရအောင်ပြုလုပ်တတ်သူပါ။

ယခုအခါမှာလည်း အဆိုတော် ရီဟားနားက ပူးမားဖိနပ်ကုမ္ပဏီနဲ့ပူးပေါင်းပြီး အရေအတွက် အကန့်အသက်နဲ့သာ ထုတ်လုပ်တဲ့ ပူးမားအမှတ်တံဆိပ် Sneaker ဖိနပ်များကို သြဂုတ်လ ၃၁ ရက်နေ့က စတင်ရောင်းချခဲ့ပါတယ်။

ရွှေအိုရောင်နဲ့ အနက်ရောင်ဆိုပြီး အရောင် ၂ မျိုးနဲ့ တွေ့မြင်ရမှာဖြစ်ပြီး ဖိနပ်ရဲ့အောက်ခြေနေရာကို ရာဘာနဲ့ ချုပ်လုပ်ထားကာ အပေါ်ယံမျက်နှာပြင်ကိုတော့ သားရေအစစ်နဲ့ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဖိနပ်များနဲ့လိုက်ဖက်မှုရှိမယ့် အဝတ်အစားတွေကို ထွေထွေထူးထူး ရွေးချယ်စရာမလိုသလို၊ ပူးမားတံဆပ်ဖြစ်တဲ့အတွက် စီးလိုက်ရင်လည်း သက်သောင့်သက်သာ ရှိမှာကတော့ အသေအချာပါပဲလို့ သတင်းက ဆိုပါတယ်။

အဆိုတော် ရီဟားနားနဲ့ ပူးမားဖိနပ်ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်တဲ့ ပူးမားအမှတ်တံဆိပ် Sneaker ဖိနပ်များ

ယခု ထုတ်လုပ်ရောင်းချနေတဲ့ ပူးမားအမှတ်တံဆိပ်ဖိနပ်များကို လူကြီးလူူငယ်၊ ယောက်ျား၊ မိန်းမများအတွက်လည်း အဆင်ပြေစေမယ့် အရွယ်အစားများလည်း ထုတ်လုပ်ရောင်းချထားတယ်လို့ သိရပါတယ်။ ဖိနပ်တရံကို အမေရိကန်ဒေါ်လာ ၁၆၀ ကျသင့်မှာဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ကြာမြင့်စွာ ရောင်းချမှာမဟုတ်ကြောင်း ဖော်ပြထားပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် ရီဟားနားက အဆိုပါ ဖိနပ်ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့မတူညီတဲ့ ယဉ်ကျေးမှုပုံစံကို ဖော်ဆောင်ပေးမယ့် ပြယုဒ်တခုအနေနဲ့ထုတ်လုပ်တာဖြစ်ပြီး ကျောင်းသားများ၊ စကိတ်စီးသူ လူငယ်များနဲ့ လိုက်ဖက်မှုရှိအောင် ပြုလုပ်ထားကြောင်း သတင်းကဖော်ပြထားပါတယ်။

အဆိုတော် ရီဟားနားနဲ့ ပူးမားဖိနပ်ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်တဲ့ ပူးမားအမှတ်တံဆိပ် Sneaker ဖိနပ်များ

ဒါ့အပြင် အဆိုတော်ရီဟားနားနဲ့ ပူးမားကုမ္ပဏီတို့ ယခုလို ပူးပေါင်းလုပ်ဆောင်ခြင်းဟာ တတိယအကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။

ရီဟားနားကို အားပေးနေကြတဲ့ ပရိသတ်များအတွက် အမှတ်တရအနေနဲ့ ဝယ်ယူူစုဆောင်းချင်တယ်ဆိုရင် ပူးမားရဲ့တရားဝင်စာမျက်နှာဖြစ်တဲ့ www.us.puma.com တွင် မှာယူနိုင်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။

www.hollywoodlife.com တွင်ဖော်ပြထားတဲ့ When Can You Buy Rihanna’s New Puma Creeper? Everything You Need To Know ဆိုတဲ့ သတင်းဆောင်းပါးကို ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Loading