ဆယ်ကျော်သက် လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ လူမှုကွန်ယက် ဝက်ဘ်ဆိုက် Facebook ကို အသုံးပြုရင်း နည်းပညာမုဆိုးရဲ့သားကောင်များဖြစ်သွားကြတဲ့ ကျောင်းသူတွေအကြောင်း ပညာပေးရိုက်ကူးထားတဲ့ “ဆယ်လီ” (Celebrity) ရုပ်ရှင်ဇာတ်ကားကြီး ယခု ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။
“သော်ဝန်းကြာဖြူ” ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး “ဆယ်လီ” ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း ကိုကျော်၊ ကိုပေါက်၊ နေလင်းတို့က ရေးသားကာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)က ရိုက်ကူး ပုံဖော်ထားပါတယ်။
လက်ရှိ ဆယ်ကျော်သက် လူငယ်တွေ ကြုံတွေ့နေရတဲ့ လူမှုပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို အဓိကထား ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်တွေကတော့ ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ အရိုင်း၊ ဒိန်းဒေါင်၊ ဟိန်းမင်း၊ မျိုးမျိုးခိုင် စတဲ့ အနုပညာရှင်များရဲ့သားသမီးများဖြစ်ကြပြီး ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်းသူ အရွယ်များအဖြစ် သရုပ်ဆောင်ထားကြပါတယ်။
အဆိုပါ ဆယ်ကျော်သက် သရုပ်ဆောင် ကျောင်းသားကျောင်းသူများအဖြစ် မောင်မင်းမြတ်၊ သက်ထားဆွေဇင်၊ ဆုလတ်ရတနာ၊ ဒိန်းပိုပိုဒေါင်၊ ဖြိုးဖြိုး၊ မှုံနံ့သာကျော်ရဲအောင်၊ စန္ဒြာရွှေရည်၊ ပန်းနုပျိုမေ၊ မြင့်မြတ်သော်တာ၊ မြအိန္ဒြာလွင်တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။
ဆယ်ကျော်သက် မိန်းကလေးငယ်တွေ Facebook ကို လွဲမှားစွာ သုံးစွဲမှု၊ အဲဒီလို အသုံးပြုရင်း နည်းပညာသားကောင်များ ဖြစ်သွားကြတဲ့အကြောင်းကို အဓိကထားကာ ပညာပေးရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ အထူးသရုပ်ဆောင်များအဖြစ် ဝါရင့် မင်းသား၊ မင်းသမီးများကလည်း ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ ထွန်းထွန်း၊ ညီထွဋ်ခေါင်၊ ကိုပေါက်၊ ညောင်ညောင်၊ ဟိန်းမင်း၊ မိုးပြည့်ပြည့်မောင်၊ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ယွန်းရွှေရည်၊ ဘေဘီမောင် စတဲ့ အနုပညာရှင်များစွာ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအစမှာ ဇာတ်ကောင်တခုချင်းစီရဲ့ Facebook သုံးစွဲပုံ၊ Facebook မှာ ဆယ်လီဖြစ်ချင်လို့ Like များများရအောင် ပုံတွေတင်ပြီး လူငယ်တွေကြား ရေပန်းစားနေတဲ့ “ကွီး” “ခေး” စတဲ့ ဗန်းစကားတွေနဲ့ စာကျက်၊ စာသင် ရမယ့်အချိန်မှာ Facebook ကို ရောဂါတခုလို အစွဲကြီးစွဲ မှားမှားယွင်းယွင်း သုံးနေတဲ့ ကျောင်းသူတွေအကြောင်းကို ဇာတ်ကောင် တယောက်ချင်းစီ ရိုက်ပြထားပါတယ်။
Facebook သုံးရင်း ရည်းစားရသွားတဲ့ ကျောင်းသူတွေ၊ မလုံ့တလုံပုံများကို မိမိ Account မှာ Only Me တင်ရာကနေ Account Hack ခံရလို့ အဲဒီပုံတွေကို တခြားသူတွေသိအောင် ဖြန့်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခံရတဲ့ ကျောင်းသူတဦး၊ iPhone Jack Black ဝယ်ပေးမယ်ဆိုပြီး သွေးဆောင် ဖြားယောင်းခေါ်ရာကနေ ဘဝပျက်ပြီး အသက်ပါ စတေးလိုက်ရတဲ့ ကျောင်းသူလေး၊ Facebook ပေါ်မှာ ခင်တဲ့သူနဲ့ အပြင်မှာ ချိန်းတွေ့ရင်း နည်းပညာမုဆိုးရဲ့သားကောင်များ ဖြစ်ခဲ့ရတဲ့ ကျောင်းသူတွေအကြောင်းကို တကွက်ချင်းစီ ထိထိမိမိနဲ့ ရင်တထိတ်ထိတ် ဖြစ်အောင် ရိုက်ပြထားပါတယ်။
ဒါ့အပြင် ဝါရင့် သရုပ်ဆောင်တွေရဲ့ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေက နည်းပါးပေမယ့် ပါဝင်တဲ့အခန်းတွေမှာ ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်ထားတာလည်း တွေ့ရပါတယ်။ ဒီဇာတ်ကားမှာတော့ အဓိက ဗီလိန် ဇာတ်ကောင် လူယုတ်မာတယောက် အဖြစ် ကိုပေါက်က သရုပ်ဆောင်ထားပါတယ်။
အဖြူအစိမ်းဝတ် ကျောင်းသူလေးတွေကို အဓိက ပစ်မှတ်ထားပြီး တဖက်နိုင်ငံကို လူကုန်ကူးဖို့ ကြိုးစားတဲ့ မှောင်ခိုလုပ်ငန်း သူေဋ္ဌး ကိုဖိုးသားကြီး (ကိုပေါက်) က သူ့ရဲ့တပည့်တွေကို အဆင့်အတန်းမြင့်မြင့် ဆင်ယင်ပေးပြီး ကျောင်းသူလေးတွေနဲ့ Facebook ကနေ ရင်းနှီးမှုရယူကာ အယုံသွင်း ဖြားယောင်းဖို့ စေခိုင်းခဲ့ပါတယ်။
ကျောင်းစာထက် Facebook ကို အလေးထားသုံးတဲ့ ကျောင်းသူတွေက Facebook ကနေ ရည်းစားထားမိတဲ့အခါ Facebook မှာ လိမ်ညာဖြားယောင်းသွေးဆောင်နေတဲ့ ကိုဖိုးသားကြီး တပည့်တွေရဲ့ အဓိကပစ်မှတ်သားကောင်များ ဖြစ်လာပါတယ်။
Facebook သုံးရင်း အန္တရာယ်ကို အန္တရာယ်မှန်း မသိတဲ့ ကျောင်းသူတွေ အသက်နဲ့ ဘဝကိုပါ ပေးလိုက်ရတဲ့ အဖြစ်အပျက်တွေ၊ အုပ်ထိန်းသူ မိဘ၊ မောင်နှမတွေက ယူကြုံးမရ ဖြေဆည်မရ ဖြစ်ရတဲ့ အကြောင်းတွေကို ပညာပေး ရိုက်ကူးထားတာကို တွေ့ရပါတယ်။
လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ တကယ့်အဖြစ်အပျက်တွေကို သဘာဝကျကျနဲ့ ပညာပေး ရိုက်ကူးတင်ဆက်ထားတဲ့ “ဆယ်လီ” ရုပ်ရှင်ဇာတ်ကားကြီးက မိဘနဲ့ ဆယ်ကျော်သက် သားသမီးတွေ သွားရောက် ကြည့်ရှုသင့်တဲ့ ဇာတ်ကား တကားလို့ ညွှန်းဆိုချင်ပါတယ်။
“ဆယ်လီ” (Celebrity) ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့ရှေ့ဆောင်၊ သွင်၊ မင်္ဂလာရုပ်ရှင်ရုံများ၊ JCGV ရုပ်ရှင်ရုံများနဲ့ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပြင်ဦးလွင်၊ လားရှိုး၊ ဘားအံ၊ ပုသိမ်၊ ဖျာပုံ၊ မြဝတီ၊ မြိတ် စတဲ့မြို့များမှာ ရုံတင်ပြသလျက်ရှိတယ်လို့ သိရပါတယ်။