Lifestyle

တချို့ကကောင်းစေချင်လို့ ဝေဖန်တာရှိသလို သက်သက် စိတ်ဆင်းရဲအောင် တိုက်ခိုက်တာရှိတယ်

Want create site? Find Free WordPress Themes and plugins.

အများနဲ့မတူညီတဲ့ ပြင်ဆင်ခြယ်သမှုများ၊ ရိုးသားပွင့်လင်းတဲ့ အပြောအဆိုများကြောင့် ဆိုရှယ်မီဒီယာပေါ်တွင် အချိန်တိုအတွင်း လူအများရဲ့ စိတ်ဝင်စားခြင်းခံရပြီး မိန်းကလေးတော်တော်များများရဲ့ချစ်ခင်ခြင်းကိုလည်း ရရှိထားတဲ့ beautybynaychi ရဲ့ပဲ့ကိုင်ရှင် အသက် ၂၅ နှစ်အရွယ် Beauty Blogger နေခြည်ဦးကို သူ့ရဲ့ Blogger အလုပ်အပေါ် သူ့ရဲ့ခံယူချက်၊ သူ့ရဲ့ ဘဝနေထိုင်ပုံ ဆိုရှယ်မီဒီယာအပေါ် သူ့ရဲ့အမြင် စတာတွေကို ဧရာဝတီ သတင်းထောက် ယုဖြူဟန် က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ လတ်တလောပြုလုပ်ဖြစ်နေတဲ့ လှုပ်ရှားမှုလေးတွေကို သိချင်ပါတယ်။

ဖြေ။ ။ အခု နေခြည် TVC လေးတွေရိုက်ဖြစ်နေတယ်။ My Boss Express ကားကြီးတွေက ရန်ကုန်-မန္တလေးကနေ ရန်ကုန်-ပုဂံကို စတင်ပြေးဆွဲနေပြီ။ အဲဒီအတွက် ဒစ်ဂျစ်တယ် ကမ်ပိန်းရိုက်ဖြစ်တယ်။ နောက်ပြီးတော့ Traveller Lifestyle မဂ္ဂဇင်းအတွက် ကြေငြာလေးရိုက်ဖြစ်နေပါတယ်။ တခြားကြေငြာလေးတွေလည်း လက်ခံပြီး ရိုက်ပေး ဖြစ်နေတယ်။ နေခြည့်ရဲ့ Bloggin အနေနဲ့ကတော့ နေခြည့်ရဲ့ beautybynaychi မှာ ပုံမှန် မိတ်ကပ်ကျူတိုရီရယ် လေးတွေတင်တယ်။ အခုနောက်ပိုင်းက EDM ပွဲတွေ၊ Festival ပွဲရာသီလည်း ရောက်လာပြီဆိုတော့ အဲဒီအတွက် မိတ်ကပ်ကျူတိုရီရယ်လေးတွေတင်ဖို့ အစီအစဉ်ရှိပါတယ်။

မေး။ ။ နေခြည့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ဂရုစိုက်ဖြစ်လဲ။

ဖြေ။ ။ Beauty Blogger ဆိုတဲ့အတိုင်း နေခြည့်တို့ရဲ့အလှအပက မျက်နှာမှာတင်မဟုတ်ဘဲ ခန္ဓာကိုယ်ရော ထိန်းသိမ်းရတဲ့အပိုင်းတွေရှိတယ်။ ကိုယ်တိုင်က မိတ်ကပ် Blogger လို့ မခံယူထားတဲ့အတွက် အလှအပရေးရာမှာ ခန္ဓာကိုယ်လှပဖို့ရော ကျန်းမာကြံ့ခိုင်ဖို့ရော အများကြီးလုပ်ရတယ်။ အဲဒီအတွက် နေခြည်ကငယ်ငယ်ကတည်းက Gym ဆော့တဲ့အတွက် Gym ကို တပတ်မှာ ၅ ရက်လောက်တော့ ဆော့ဖြစ်တယ်။ အစားအသောက်နဲ့ ပတ်သက်လို့လည်း တစိုက်တမတ်လေ့ကျင့်ပြီး ပြင်ဆင်နေရတဲ့အပိုင်းရှိတယ်။ အရင်ကတော့ အိမ်ကချက်တာ အကုန်စားတယ်။ အခုက Healthy Me ကနေမှာပြီးတော့ Diet Plan နဲ့ စားတဲ့အလုပ်တွေ လုပ်နေပါတယ်။

မေး။ ။ နေခြည်ဦးက ဆိုရှယ်မီဒီယာပေါ်မှာ အောင်မြင်တဲ့ Beauty Blogger တယောက်အနေနဲ့ မြင်တွေ့လာရတယ်။ အခုလိုမျိုး အချိန်တိုအတွင်းမှာ အောင်မြင်လာတာ ဘာကြောင့်လို့ထင်လဲ။

ဖြေ။ ။ နေခြည်စိတ်ထင် ဆိုရှယ်မီဒီယာ မားကက်က ဒီလိုမျိုး ဒစ်ဂျစ်တယ် Channel တွေဖြစ်တဲ့ Facebook လိုမျိုးမှာ အရမ်းကို နာမည်ကြီးလာတယ်။ အဲဒီလိုမျိုး နေခြည်တို့လို Beauty Blogger ဆိုတာကလည်း အသစ်လိုဖြစ်နေတယ်။ Beauty Blogger ဆိုတာ လက်ချိုးရေလို့ရနေတဲ့အတွက် လူတွေရဲ့စိတ်ဝင်စားခြင်းခံရတာတော့ မဆန်းပါဘူး။ အောင်မြင်တယ်။

အသိအမှတ်ပြုခံရတယ်ဆိုတာကတော့ နေခြည့်စိတ်ထင် ကိုယ်ကဘာလဲဆိုတာကို ရိုးသားစွာ ပြနိုင်ခဲ့လို့ဆိုပြီးထင်တယ်။ ဘာမှဖုံးကွယ်ထားခြင်းမရှိဘူး။ နေခြည်အကြောင်းတွေဆို အမြဲရေးတယ်။ နေခြည်မိသားစု အကြောင်းဆိုလည်း အကုန်လုံးကသိတယ်။ အဲဒီလို ရိုးရိုးသားသားပြောတာကို လူတွေက စိတ်ဝင်စားပြီးတော့ အသိအမှတ်ပြုလာတယ်လို့ ထင်ပါတယ်။

မေး။ ။ ဒီ အောင်မြင်မှုကို ကြာရှည်ခံအောင် ဘယ်လိုမျိုး ထိန်းသိမ်းမလဲ။

ဖြေ။ ။ ကြာရှည်ခံအောင်ဆိုရင် Youtude မှာဆိုရင် နေခြည့်တို့လို Beauty Bloggerတွေက ထောင်ချီသောင်းချီပြီး ရှိနေတဲ့အချိန် ကိုယ့်ရဲ့နေရာတနေရာကို ရပ်တည်ဖို့ဆိုရင် လေ့လာရသလောက်က Beauty Blogger တွေ တော်တော်များများက သူတို့ရဲ့ပင်ကိုယ်ကာရိုက်တာကို လုံးဝမပေါ်အောင်ထားကြတယ်။ ဥပမာ-စကားပြောတဲ့ လေယူလေသိမ်းကအစ သူတို့တင်ဆက်ပုံအဆုံး တယောက်နဲ့တယောက်လုံးဝမတူဘူး။ သူတို့မှာရှိတဲ့ ပုံစံတခုကို ပေါ်အောင်နေတယ်။ နေခြည်တို့လည်း တခြား Blogger တွေကို လေ့လာတယ်။ သူတို့ဘယ်လိုသွားလဲ ကြည့်ရတယ် တိုက်ရိုက်ကူးချတာမဟုတ်ဘဲနဲ့ ကိုးကားယူပြီးတော့ ကိုယ့်ရဲ့အကောင်းဆုံး ကာရိုက်တာတခုနဲ့ ပေါင်းပြီးတော့လုပ်ရင် ဒီလို Blogger နေရာမှာ ရပ်တည်နိုင်မယ်လို့ထင်ပါတယ်။

မေး။ ။ အခုဆိုရင် လူတော်တော်များများက ဆိုရှယ်မီဒီယာကို အသုံးများလာတာ တွေ့ရတယ်။ အဲဒီလို အသုံးများလာတာတွေအပေါ် Social influencer တယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ Social Influencer တယောက်အနေနဲ့တော့ ကိုယ်ရဲ့လုပ်ငန်းကိုချဲ့ထွင်ဖို့အတွက် အရမ်းကောင်းတယ်လို့ ထင်တယ်။ မြန်မာနိုင်ငံမှာ Facebook သုံးတဲ့ လူဦးရေက သူများနိုင်ငံထက်စာရင် အများကြီးပိုတယ်ဆိုတာ တွေ့ရတယ်။ လူတိုင်းက Facebook ပေါ်မှာ အချိန်နဲ့အမျှ အမြဲရှိနေတာပေါ့နော်။ Blogger တယောက်အနေနဲ့ Social Influencer တယောက်အနေနဲ့က ပိုပြီးတော့ တခုခု Massage ပေးချင်ရင် လူကို သိန်းချီသောင်းချီပြီးတော့ သူတို့ဆီကို ခဏလေးနဲ့ရောက်တယ်။ ဒါပေမယ့် နေခြည်အနေနဲ့ အမြဲတမ်းသုံးစွဲနေသူတယောက်အနေနဲ့ ဆိုရှယ် မီဒီယာပေါ်မှာ အမြဲတမ်းရှိနေတဲ့သူတယောက်အနေနဲ့ မကောင်းတာတခုက နားလည်မှုလွဲတဲ့သတင်းအမှားတွေ ရှိတယ်။ နေခြည်တို့က Facebook ကို Google လိုမျိုးသုံးနေတဲ့အတွက် ကိုယ်သိချင်တဲ့အရာမျိုးကို Facebook ကိုပဲ ယုံကြည်တယ်။ အားကိုးတယ် အဲဒီအတွက် သူတို့ပြောနေတဲ့ သတင်းတွေက မှန်လား မှားလားဆိုတာ ဝေဖန်ပိုင်ခြားနိုင်ခွင့်မရှိဘူး။ အဲဒီအတွက် တခါတလေကျရင် သတင်းအမှားတွေကို သတင်းအမှန်တွေထင်ပြီးတော့ အယူအဆတွေ လွဲသွားတာမျိုးတွေရှိတာပေါ့။

မေး။ ။ ဆိုရှယ်မီဒီယာပေါ်မှာ ကျော်ကြားသူတွေကို လူတွေရဲ့ စိတ်ဝင်စားမှုက ကာလသက်တမ်းတိုတာတွေရှိတယ်။ ခဏလေးနဲ့ ပျောက်ကွယ်သွားတာတွေရှိတယ်။ အဲဒီအတွက်ကို စိတ်ဝင်စားမှု လျော့ကျမသွားအောင် ဘယ်လို ထိန်းသိမ်းမလဲ။

ဖြေ။ ။ဆိုရှယ်မီဒီယာပေါ်မှာ ကျော်ကြားသူတွေထဲမှာ Facebook Cele တွေဆိုပြီးတော့ သပ်သပ်ရှိပါတယ်။ Facebook Cele တွေက အကြောင်းအရာတခုခု တိုက်ဆိုင်သွားလို့ အချိန်အပိုင်းအခြားတခုနဲ့ သူတို့ရဲ့ တင်ဆက်မှုတခုခုကို လုပ်ပြလိုက်ရင် ချက်ချင်း ဝုန်းခနဲနဲ့လူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံရတယ်။ အဲ့ဒီလိုအချိန်မှာ သူရဲ့အကြောင်းကို သိချင်ကြတယ်။ အဲ့ဒီလို ဂယက်တခုကို ပြန်ပြီးတော့ မတုန့်ပြန်နိုင်ဘူးဆိုရင် ဒီကျော်ကြားမှုတခုက ချက်ချင်းပျောက်သွားမှာပါ။ ဥပမာ နေခြည်တို့ဆိုရင် Beauty Blogger တယောက်လုပ်နေတဲ့အတွက် ဆိုရှယ်မီဒီယာနဲ့ အမြဲထိတွေ့နေရတယ်။ အကြောင်းအရာတခုခုကို အမြဲတမ်းဖန်တီးပေးနေရတယ်။ ကိုယ့်ကိုလူတွေသိနေအောင် လူတွေမေ့မသွားအောင် အမြဲလုပ်နေရတယ်။ အကယ်၍ နေခြည်ကသာ Beauty Blogger မဟုတ်ခဲ့ဘူး၊ အရင်တုန်း ကလို ဟိုတယ်လုပ်ငန်းမှာလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်ဆိုရင် မိတ်ကပ်ကျူတိုရီရယ်လေး တခု တင်လိုက်ရင် စိတ်ဝင်စားခြင်းတော့ခံရမယ်။ ဒါကိုဆက်ကာဆက်ကာ ဒီအလုပ်ကို မလုပ်နိုင်ဘူးဆိုရင် နေခြည် ဆိုရှယ်မီဒီယာပေါ်ကနေ ပျောက်သွားမှာပဲ။ ဒီလိုမျိုး Facebook ပေါ်မှာ အမြဲတမ်း Active ဖြစ်နေအောင် လူတွေရဲ့စိတ်ဝင်စားခြင်းခံရအောာင်ဆိုရင် ကိုယ်လုပ်နေတဲ့လုပ်ငန်းနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတခုခုကို လုပ်နေဖို့ လိုပါတယ်။

မေး။ ။ ဆိုရှယ်မားကက်တင်း လုပ်တဲ့အပိုင်းမှာကျတော့ရော ဘယ်လိုမျိုးသတ်မှတ်ချက်နဲ့ ရွေးချယ်ဖြစ်လဲ။

ဖြေ။ ။နေခြည်တို့က Blogger လုပ်နေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် စီးပွားရေးလုပ်နေတာပါ။ ဒါပေမယ့် ကိုယ်ကစီးပွားရေးလုပ်နေတဲ့အတွက် ကိုယ်သွားမယ့်ဈေးကွက်က ဘာလဲဆိုတာ သိရမယ်။ နေခြည်ဆိုရင် Middle Class ဖက်ကိုသွားတယ်။ နေခြည်သုံးတဲ့ မိတ်ကပ်ပစ္စည်းဆိုရင် ပြည်တွင်းမှာလည်း ဝယ်လို့ရတဲ့ ပစ္စည်းလေး တွေပြောတယ်။ ပြည်ပကလည်းမှာယူလို့ရတဲ့ ပစ္စည်းကောင်းလေးတွေလည်း အမြဲတမ်းညွှန်းတယ်။ ပြည်တွင်း ဈေးကွက်မှာရှိတဲ့ Brand တွေက နေခြည်ကိုချိတ်လာရင် တစ်အချက်က ဒီ Brand သည်ကောင်းလားမကောင်းလား အရင်ကြည့်တယ်။ နာမည်ရပြီးသား Brand ဖြစ်စေ ဈေးကွက်ထဲကို အသစ်ရောက်လာတဲ့ Brand ဖြစ်စေ အရင်ဆုံးသုံးကြည့်တယ်။ကိုယ်သုံးကြည့်ပြီးမှ ကျေနပ်ပြီဆိုမှ ဒီလို Brand တွေကို ပြန်ပြီးတော့ ချိတ်တဲ့အပိုင်းရှိတယ်။

နေခြည်ဘယ်တော့မှ မလုပ်တာက Brand တွေကလာရင် ဘယ်လောက်ပေးရမလဲ၊ဘယ်လောက်ယူရမလဲ ဆိုတာမျိုးကို ဘယ်တော့မှ မလုပ်ဘူး။အဓိကက ကိုယ့်ဘက်ကို ကိုယ်ပိုင်အောင်ချုပ်ထားတယ်။ကိုယ်သုံးကြည့်လို့ ကိုယ်ကြိုက်မှ ညွှန်းပေးမယ် မဟုတ်ဘဲနဲ့ ကိုယ်မကြိုက်တာကို ဘယ်လောက်ပဲပေးပေး နေခြည်ဘယ်တော့မှ မလုပ်ဘူး။ အဲဒီနည်းနဲ့လုပ်တဲ့အတွက် နေခြည်ရဲ့ Review တွေ၊ Blog တွေက Personal Review အပြည့်ပါတယ်။ မကောင်းတာကို မကောင်းဘူး ပြောပိုင်ခွင့်ရှိသလို ကောင်းတာကိုလည်း ကောင်းတယ်လို့ နေခြည်ရဲ့စကားလုံးတွေက ကြိုက်ရင် အရမ်းသိသာတယ်။ အဲ့ဒီနည်းနဲ့ပဲ ထိန်းထားတယ်။ ပိုက်ဆံရတိုင်း လုပ်နေလို့ရှိရင်နောက်ပိုင်းကျရင် နေခြည့်ရဲ့ Review တွေကို ဖတ်နေတဲ့သူတွေက နေခြည်ကို အယုံအကြည်မရှိတော့ဘူး။ နောက်ပိုင်း ဘယ်လိုပဲလျော့ယူ လျော့ယူ Review ပဲရေးရေး နေခြည်ကို ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ အဲဒီနည်းနဲ့ နေခြည် ဆိုရှယ်မာကက်တင်းမှာ အလုပ်လုပ်နေပါတယ်။

မေး။ ။ နောက်ပြီးတော့ နေခြည်နာမည်နဲ့ Brand တခုထုတ်ဖို့ရှိတယ်လို့ သိရတယ်။ အဲဒီအတွက် ဘာတွေ ပြင်ဆင်ဖြစ်နေလဲ။

ဖြေ။ ။ အဲဒီအတွက်လည်း အရမ်းခက်ခဲပါတယ်။ ကျောင်းကတဖက်၊အလုပ်ကလည်းရှိတယ်။ မိသားစု စီးပွားရေး လည်းရှိတဲ့အတွက် နေခြည်ကိုယ်ပိုင် Brand တခုထုတ်ဖို့က အားသွန်ခွန်စိုက်ကြိုးစားနေရတယ်။ အစကတော့ ၂၀၁၇ နှစ်ကုန်လောက်မှာ ထုတ်မယ်ပေါ့နော်။ အခုဆိုရင် စက်တင်ဘာထဲပဲရောက်နေပြီဆိုတော့ တော်တော်လေးကို အချိန်ကပ်နေပါတယ်။ ဒါပေမယ့် ဒါက နေခြည်ရဲ့ Main Gold ဖြစ်နေပါတယ်။ Beauty Blogger လုပ်တာက ဝါသနာအရ စီးပွားရေးအရဆိုရင်တော့ ကိုယ်ပိုင် Brand တခုထုတ်ချင်ပါတယ်။ အဲဒီအတွက်လည်း အချိန် အတိုင်းအတာတခုအထိကြိုးစားနေပါတယ်။ ၂၀၁၈ ထဲမှာတော့ နေခြည်ထုတ်မယ့် ပစ္စည်းလေးတွေ တွေ့ရမှာပါ။

မေး။ ။အဲ့ဒါကရော ဘာပစ္စည်းများ ဖြစ်မလဲ။

ဖြေ။ ။အစကတော့ နေခြည်က Beauty Blogger ဖြစ်တဲ့အတွက် Beauty နဲ့ပတ်သက်တဲ့ ပစ္စည်းလေးထုတ်မှာပါ။ ပထမကတော့ နေခြည် Colour Cosmetic ဘက်ကိုသွားမလို့ပေါ့။ ဒါပေမယ့် ဈေးကွက်ထဲမှာ ပြည်တွင်းက Brand ထဲမှာ အရမ်းကိုသုံးရတာ အဆင်ပြေတဲ့ဟာတွေများလာတဲ့အတွက် ဈေးကွက်ထဲမှာ လိုအပ်တဲ့ဟာမျိုးကို ရှာနေတယ်။ အလှအပနဲ့ ပတ်သက်ပြီးတော့ ယောင်္ကျားလေးရော မိန်းကလေးရော အဆင်ပြေမယ့် ပစ္စည်းမျိုးထုတ်ဖို့အတွက် စဉ်းစားထားပါတယ်။

မေး။ ။အောင်မြင်လာတာနဲ့အမျှ ဝေဖန်မှု၊ တိုက်ခိုက်မှုက ပါလာတယ်။အဲ့ဒါတွေကို ဘယ်လိုမျိုး ကျော်လွှားလဲ။

ဖြေ။ ။နေခြည် စလုပ်တုန်းကဆိုရင် အခုလောက်လူမသိသေးဘူး။ နေခြည်သူငယ်ချင်းတွေသိမယ်။ သူငယ်ချင်းတွေရဲ့ သူငယ်ချင်းတွေသိမယ်။ ရန်ကုန်မြို့တွင်း သိကြမယ်။ အဲဒီလိုမျိုးကနေ အခုဆိုရင် နယ်တွေကသိလာပြီ။ နေခြည်ဦးဆိုတာ ဘယ်သူလဲ လက်ခံလာကြတဲ့အခါမှာ ဝေဖန်မှုဆိုတာလည်းရှိမှာပဲ အကောင်းနဲ့အဆိုးဆိုတာ အမြဲတမ်းဒွန်တွဲနေတာကို လက်ခံတယ်။ အစတုန်းက နေခြည်ကိုအမြဲတမ်းအားပေးနေတဲ့ လူတစုရှိသလို အခုဆိုရင် နေခြည်ကို ဘာလုပ်လုပ်ဝေဖန်မယ့်လူတစုလည်းရှိလာပြီ။ အဲဒီအတွက် နေခြည်စိတ်ထဲမှာ ထားတာတော့ နေခြည်ရဲ့ အောင်မြင်မှုရာခိုင်နှုန်းတိုးလာပြီ။

ကိုယ့်ကိုဝေဖန်တိုက်ခိုက်မှုရှိမှသာ ကြိုးစားချင်စိတ်ပေါက်မှာ ဥပမာ- နေခြည် မိတ်ကပ် ကျူတိုရီရယ်တွေလုပ်တယ်။ အဲဒါကို နေခြည် ဘာလိမ်းလိမ်းအားပေးနေတဲ့သူတွေပဲ ရှိနေတယ်ဆိုရင် ထပ်ပြီးတော့ ကြိုးစားချင်စိတ်ရှိမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့စိတ်ထဲမှာ ပျင်းရိခြင်းစွဲသွားပြီ ကိုယ်ဘာလုပ်လုပ် လှနေတာပဲ ဆိုတာမျိုး ဝင်သွားပြီ။အခုဆိုရင် နေခြည်လိမ်းရင် မိတ်ကပ်တွေအရမ်းများတယ်။ ဝေဖန်မှုတွေပေါ့၊ တချို့ကလည်း ကောင်းစေချင်လို့ ဝေဖန်တာရှိတယ်။ တချို့လည်း တမင်သက်သက်ကို ကိုယ့်ကို စိတ်ဆင်းရဲအောင် စိတ်ဓာတ်ကျအောင် တိုက်ခိုက်တဲ့ဟာတွေရှိတယ်။ အဲဒါလိုမျိုးကို အရင်ဆုံး နံပါတ်တစ်အချက် နေခြည်သည် အောင်မြင်မှုအတိုင်းအတာတက်လာပြီ၊လူသိများလာပြီ၊ ၂ အချက် ဒီလိုမျိုးတိုက်ခိုက်လိုက်လို့ နေခြည် စိတ်ဓာတ်ကျသွားရင် နေခြည်ကို တကယ်အားပေးနေတဲ့ beautybynaychi ရဲ့ပရိသတ်တွေက စိတ်ဓာတ် ပြိုလဲသွားလိမ့်မယ်။ အဲဒီအခါကျရင် ဆိုရှယ်မီဒီယာပေါ်ကနေ ပျောက်ကွယ်သွားလိမ့်မယ်။ ကောင်းတာတွေကို ယူတယ်မကောင်းတာတွေဆို ခေါင်းထဲမှာ လက်ခံမစဉ်းစားဘူး။ အဲဒီလိုမျိုးနဲ့ပဲ ရင်ဆိုင်ကျော်လွှားတယ်။ ဘာကိစ္စမဆို တိုက်ခိုက်တဲ့သူက ရှိမှာပဲ၊ အဲ့ဒါကို တုန့်ပြန်နေရင် ရှေ့ဆက်တိုးရတာ အဆင်ပြေမှာမဟုတ်ဘူး။

မေး။ ။ လူငယ်တွေက အားကျအတုယူရတဲ့ လူငယ်တယောက်ဖြစ်နေတဲ့အတွက် လူငယ်တွေကို ဘယ်လို အကြံပြုစကားပြောချင်လဲ။

ဖြေ။ ။အတုယူရတယ်ဆိုတာက နေခြည်အတွက် တာဝန်အရမ်းကြီးပါတယ်။ နေခြည်လည်းလူငယ်ထဲက လူငယ်တယောက်ပါ။ အသက် ၂၅ နှစ်ပဲရှိပါသေးတယ်။ တခါတလေကျရင် လွတ်လွတ်လပ်လပ်နေချင်တယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေချင်တယ်။ အဲဒီလိုမျိုးမှာ နေခြည်ရဲ့နောက်မှာ နေခြည်ကိုလေးစားအတုယူရတဲ့ မောင်လေးတွေ၊ ညီမလေးတွေရှိနေတယ်ဆိုတာက Pressure အရမ်းများတယ်။ အဲဒါတွေကြောင့် တခါတလေမှာ စကားပြောတာကို ကိုယ့်ဘာသာပြန်ထိန်းနေရတယ်၊ နောက်ပြီးတော့ ဝတ်စားဆင်ယင်မှုအပိုင်းမှာ ဆိုရင်လည်း လွတ်လွတ်လပ်လပ်ဝတ်ရတာကို ကြိုက်တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ တိုက်ခိုက်ခံရတာတွေများလာတဲ့အတွက် ကိုယ့်ကိုအားပေးနေတဲ့ ညီမလေးတွေစိတ်ထဲမှာ အားငယ်သွားမှာ စိုးတယ်။ ကိုယ်ကမြန်မာနိုင်ငံက မြန်မာအမျိုးသမီး တယောက်ဆိုတော့ နိုင်ငံခြားမှာ ကျောင်းတက်ခဲ့တုန်းကလို ဝတ်လို့မရတဲ့အပိုင်းတွေရှိတယ်။ အဲဒါလေးတွေတော့ ရှိတယ်။ ကိုယ့်ကိုအားပေးနေတဲ့ ညီမလေးတွေရှိတဲ့အတွက် ဝမ်းလည်းဝမ်းသာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းထိန်းသိမ်းသိမ်းနေဖြစ်တယ်။

မေး။ ။ အနာဂတ်မှာရော ဘယ်လိုမျိုးရပ်တည်သွားဖို့ရှိလဲ။

ဖြေ။ ။နေခြည်ကိုယ်တိုင်က MBA ကျောင်းသူဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ချင်တယ်။ Beauty Blogger ဆိုတာက ဝါသနာအရလုပ်တာ ကိုယ့်ရဲ့အနာဂတ်မှာ စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ပဲ မြင်တယ်။ အဲဒီအတွက် ကိုယ်ပိုင် Brand အနေနဲ့ထုတ်မယ်။ နောက်ပိုင်းအရမ်းအဆင်ပြေလာရင် ကိုယ့်ရဲ့ကုမ္ပဏီကို ရှယ်ယာ တွေခေါ်မယ် စီးပွားရေးလုပ်နေတဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ ရပ်တည်ချင်ပါတယ်။ ဒါပေမယ့် Blogger အလုပ်ကိုတော့ဆက်ပြီးတော့ လုပ်ဖြစ်မှာပါ။

 

Did you find apk for android? You can find new Free Android Games and apps.
Loading