စာရေးဆရာမမေသင်္ကြန်ဟိန်(မြစ်မခ)ရေးသားထုတ်ဝေပြီး အောင်မြင်ခဲ့တဲ့ “ကျွန်မချစ်တဲ့သူတွေ” အမည်ရှိ ပင်ကိုယ်ရေးအတ္ထုပ္ပတ္တိကို “မုန်တိုင်းကိုရင်ဆိုင်ခဲ့သူတွေ” ဆိုတဲ့ အမည်နဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပင်ကိုယ်ရေးအတ္ထုပတ္တိဟာ ၁၉၈၈ ခုနှစ်ကစပြီး ၂၀၁၅ ခုနှစ်အတွင်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့ ဒီမိုကရေစီခရီးကြမ်းကို ဖြတ်သန်းနေကြသူတွေရဲ့ဘဝဇာတ်ကြောင်းများကို ရေးသားပုံဖော်ခဲ့တာအဖြစ် အခုအခါမှာတော့ ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးပုံဖော်မှာဖြစ်ပါတယ်။
“ဒီ ဇာတ်ကားနဲ့ပတ်သက်ပြီးတော့ စိတ်ကူးယဉ် ရင်ခုန်ခဲ့တာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒါဟာ တကယ်ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်ရတာတွေလည်း ရှိပါတယ်။ ကျမကို ယုံကြည်ပေးကြတဲ့သူတွေကြောင့်လည်း အခုလို ဒီဇာတ်လမ်းကို ပြီးအောင်ရိုက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ စာရေးဆရာမ မေသင်္ကြန်ဟိန် က ပြောပါတယ်။

တိုင်းပြည်ရဲ့နိုင်ငံရေးအကူးအပြောင်းတခုမှာ နိုင်ငံရေးသမားတွေပဲ အဓိကကျတာမဟုတ်ဘဲ နိုင်ငံရေးသမားတွေရဲ့ မိသားစုတွေ၊ နိုင်ငံရေးသမားတွေကို နိုင်ငံရေးမှာ ကြံ့ကြံ့ခံနိုင်အောင် နောက်ကွယ်မှပံ့ပိုးပေးနေတဲ့သူတွေ အားလုံးကို သူရဲကောင်းတွေလို့ လက်ခံယုံကြည်ထားတာကြောင့် “ကျွန်မချစ်တဲ့သူတွေ” စာအုပ်ကို “မုန်တိုင်းကိုရင်ဆိုင်ခဲ့သူတွေ” အဖြစ် မှတ်တမ်းတင်လိုတဲ့အတွက် ရုပ်သံဇာတ်လမ်းအဖြစ် အသွင်ပြောင်းမိခြင်းဖြစ်တယ်လို့လည်း ဒေါ်မေသင်္ကြန်ဟိန်က ဆိုပါတယ်။
“မုန်တိုင်းကိုရင်ဆိုင်ခဲ့သူတွေ” ဇာတ်လမ်းတွဲကို ဒါရိုက်တာ နေသူရိန်က ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်နေမင်း၊ ကောင်းပြည့်၊ နေထက်လင်း၊ သင်ဇာဝင့်ကျော် ၊ခင့်ဝင့်ဝါနဲ့ တခြားသော အနုညာရှင်များက ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး သူက “ကျွန်မရဲ့နေရာငယ်ဘဝနဲ့ ကြီးဘဝ ၂ ခုလုံးကို သင်ဇာဝင့်ကျော်က သရုပ်ဆောင်မှာ ဖြစ်ပါတယ်” လို့ စာရေးဆရာမ မေသင်္ကြန်ဟိန်(မြစ်မခ) က ပြောပါတယ်။