မြန်မာ့ ပန်းချီ လောကမှာ ပန်းချီ စိုးနိုင်ဟာ သူ့စိတ် အလျင် အတိုင်း ထူးဆန်းပြီး ချစ်စရာကောင်းတဲ့ သတ္တဝါပုံလေးတွေ ရေးဆွဲဖန်တီးပြီး ကျော်ကြားသူ တယောက်ဖြစ်ပါတယ်။ သူဟာ လူပုံ၊ ခွေးပုံ၊ ကြောင်ပုံ၊ မြင်းပုံ စတဲ့ သတ္တဝါတွေကို Realism နည်းစနစ် အတိုင်း ပုံတူပြန်လည်ရေးဆွဲတာမျိုးမဟုတ်ဘဲ သူ့စိတ်မှာ မှတ်မိတဲ့ အတိုင်း၊ သူ့စိတ်မှာ ဖြစ်လာတဲ့ အတိုင်း ပုံသဏ္ဌာန် အမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ လိုင်းတွေ သုံးပြီး ရေးဆွဲသူပါ။
ပုံတူမရေးချင်တဲ့ ပန်းချီ စိုးနိုင်က သူ့စိတ်ထဲက သတ္တဝါလေးတွေကို လွတ်လပ်စွာ ဖန်တီးလေ့ရှိပါတယ်။ “ကိုယ့်စိတ်ထဲက ခွေးလေးတကောင်ကို ရေးမယ် ပေါ့။ ခွေးကို ကြည့်ပြီး မတူတူအောင် ရေးရတာထက် စိတ်ထဲက အလွတ်ပေါ့နော်။ ကိုယ်မှတ်မိတဲ့ ခွေးကို ရေးရတာ ပိုလွတ်လပ်တယ်။ ကိုယ့်စိတ်ထဲမှာလည်း ကျေနပ်မှု ရတယ် လို့လည်း ထင်တယ်။ ခွေးလေးတွေ၊ ကြောင်လေးတွေ၊ လူကောင်ကလေးတွေ ကြုံရင်ကြုံသလို ရေးပါတယ်” လို့ ပန်းချီ စိုးနိုင်က ဆိုပါတယ်။
ပန်ချီ စိုးနိုင်ဟာ တကိုယ်တော် ပြပွဲပေါင်း ၂၀ ကျော် ပြသခဲ့ပြီး သူ့ရဲ့ ပန်းချီ လက်ရာတွေကို စင်ကာပူ အနုပညာပြတိုက် အပါအဝင် နိုင်ငံတကာ ပန်းချီ ချစ်မြတ်နိုးသူတွေကလည်း ဝယ်ယူ စုဆောင်းကြတာ တွေ့ရပါတယ်။
အခုလည်း Dancing Soe Naing လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ ပန်းချီ ပြပွဲကို ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း မြောက်ဘက်တန်းမှာ ရှိတဲ့ OK Art Gallery မှာ စက်တင်ဘာ ၉ ကနေ ၁၃ ရက်နေ့ အထိပြသသွားမှာ လို့ သိရပါတယ်။
သူ့ရဲ့ ပန်းချီပြပွဲနဲ့ ပတ်သက်ပြီး “ကျနော်က မျဉ်းတွေကို ကြိုက်တာ။ အကောင်လေးတွေ ကာရိုက်တာ ကျတော့ ကွေ့ကွေ့ ကောက်ကောက် မျဉ်းတွေ အများကြီး ကျနော် ရေးခွင့်ရှိတယ်။ ဒီမျဉ်းတွေနဲ့ ကျနော့် စိတ်ထဲ ပျော်မွေ့နေပါ တယ်” လို့ ပန်းချီ စိုးနိုင်က ဆိုပါတယ်။
ဒီပန်းချီပြပွဲမှာ ၂ ပေ × ၃ ပေ၊ ၃ ပေ × ၄ ပေ အရွယ် ပန်းချီကား ၅၀ ကျော် ပြသွားမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀ ကနေ ၈၀၀ အထိ သတ်မှတ်ထားပါတယ်။