အဆိုတော် ဝိုင်းလေးက သူမရဲ့ဒုတိမြောက်တေးစီးရီးတွင် သူမကိုယ်တိုင်ရေးသားထားတဲ့ တေးသီချင်း ၅ ပုဒ် ပါဝင်သွားဖို့ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ဒုတိယအခွေကို ဒီနှစ်ကုန်ပိုင်းလောက်မှာ ထွက်ဖို့အတွက် ကြိုးစားနေပါတယ်။ FG Entertainment က ထုတ်လုပ် ပေးတယ်။ Music producer ကိုကျားပေါက်က လုပ်ပေးနေပါတယ်။ အခုဆိုရင် သီချင်း ၃ ပုဒ်ပြီးသွားပြီ။ ပုဒ်ရေက ၁၂ ပုဒ်လောက်မှန်းထားပါတယ်။ ကိုယ်တိုင်ရေးထားတာက ၅ ပုဒ်လောက်ရှိတယ်။ တေးရေးကတော့ ကိုဆလိုင်းနဲ့ ဝေကြီးပါ။ ကိုကျားပေါက်လည်း ပါဝင်ရေးသားဖို့ရှိပါတယ်” လို့ ဝိုင်းလေးက ပြောပါတယ်။
အဆိုတော် ဝိုင်လေးက Selfie ဆိုတဲ့ တကိုယ်တော်တေးစီးရီးထွက်ရှိထားပြီး ပရိသတ်ရဲ့ အားပေးလက်ခံမှုကို ရရှိနေသူတဦးလည်းဖြစ်ကာ ဒုတိယစီးရီးကိုလည်း ပထမစီးရီးနဲ့ မတူတဲ့ပုံစံမျိုး ဖန်တီးနေတယ်လို့ သိရပါတယ်။
“ထူးခြားမှုကတော့ ညီမဆိုနေကျ POP ထဲမှာမှ ပရိသတ်သဘောကျခဲ့တဲ့ “လက်ခံပြီးသား” သီချင်းလို ပုံစံမျိုး လည်းပါမယ်။ ဆိုတဲ့ Mood လေးတွေချိန်းသွားမယ်။ Vocal ပိုင်းကိုလည်း အများကြီးပြောင်းလဲထားပါတယ်” လို့ ဝိုင်းလေးက ပြောပါတယ်။
ဒုတိယတေးစီးရီးရဲ့သီချင်းအပုဒ်တိုင်းကို MTV ရိုက်ဖြစ်ဖို့မသေချာဘဲ ရိုက်ဖြစ်ပါက အွန်လိုင်းကနေ ဖြန့်ချိပေးသွားမှာဖြစ်ပြီး အဆိုပါ တေးစီးရီးရဲ့အမည်ကိုလည်း အတိအကျမပေးရသေးကြောင်း ဆိုပါတယ်။
လတ်တလောတွင် ဝိုင်းလေးက “လမ်းခွဲရင်ကောင်းမယ်”ဆိုတဲ့ တေးသီချင်းကို အွန်လိုင်းကနေဖြန့်ထားပြီး စက်တင်ဘာလအတွင်းမှာတော့ အဆိုပါ တေးသီချင်းရဲ့ Video ကို FG Entertainment တွင် တင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
တေးသံရှင်ဝိုင်းလေးဟာ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှတဆင့် ပရိသတ်အသိအမှတ်ပြု လက်ခံလာခဲ့ပြီး Miss Myanmar World 2014 အလှမယ်တယောက်လည်းဖြစ်ကာ အလှမယ်တယောက်အဖြစ်နဲ့ အနုပညာအလုပ်များကို လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။