Lifestyle

စင်ကာပူအခြေစိုက် “Paradise Dynasty” စားသောက်ဆိုင် ရန်ကုန်မှာ ဖွင့်လှစ်မည်

စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ ထိုင်ဝမ်၊ ဖီလစ်ပိုင်စတဲ့ အာရှနိုင်ငံများမှာ လူကြိုက်များတဲ့ စင်ကာပူအခြေစိုက် “Paradise Dynasty” တရုတ်စားသောက်ဆိုင်ကို ရန်ကုန်မြို့မှာ မကြာခင် ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။

“Paradise Dynasty” မှာ ရရှိနိုင်တဲ့ အစားအစာတွေကတော့ တရုတ်ပြည် တောင်းပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ တော်ဝင်နန်းတွင်းဟင်းလျာတွေဖြစ်ကာ အဆိုပါ တရုတ်အစားအစာတွေရဲ့ဟင်းချက်နည်းပညာများကိုတော့ ၂၀၁၀ ခုနှစ်၊ စင်ကာပူနိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး ခေတ်နဲ့လျော်ညီအောင် ဆန်းသစ် ဖန်တီးထားတယ်လို့ သိရပါတယ်။

“ကျမတို့ Paradise Dynasty စားသောက်ဆိုင်မှာ အဓိက မိတ်ဆက်ပေးချင်တာတော့ တရုတ်ရိုးရာ အစားအစာ တွေထဲမှာ ရှေးယခင်ကတည်းက ရှိခဲ့တဲ့ ရှောင်လုံးပေါင်း (Xiao Long Bao) ပဲဖြစ်ပါတယ်။ ရှောင်လုံးပေါင်းကို ကျမတို့ဆီမှာ ကမ္ဘာ့ပထမဆုံး အရသာ ၈ မျိုးနဲ့ ရပါမယ်။ မူလအရသာ၊ ဂျင်ဆင်း၊ ငန်းအသည်း၊ ရှားပါးမှိုနက်၊ ဂဏန်းဥ၊ ချိ (စ်)၊ ကြက်သွန်ဖြူ၊ စီချွမ်စတဲ့ အရသာ ၈ မျိုးနဲ့ ပြုလုပ်ထားတဲ့ ရှောက်လုံးပေါင်းက လူကြိုက်များတဲ့ အစားအစာတခုပါ” လို့ Golden Legend Group of Companies ရဲ့Sales and Marketing Manager မကြူကြူသင်းက ပြောပါတယ်။

ရှောင်လုံးပေါင်း

အဆိုပါ ရှောင်လုံးပေါင်း အစားအစာဟာ အသားပေါင်းနဲ့ အသားပြုတ်ရည်ပါဝင်ပြီး ဂျုံအလွှာနဲ့ ဖက်ထုပ်လို ထုပ်ထားတဲ့ အစားအစာပါ။ ရှောင်လုံးပေါင်း တခုချင်းစီဟာ အလေးချိန် ၂၅ ဂရမ် ရှိပြီး တခုချင်းစီမှာ ဂျုံသား အလွှာ ၁၈ ခေါက်ဖြစ်အောင် ခေါက်ပြီး အသားပေါင်းနဲ့ အသားပြုတ်ရည်ထည့်ကာ လုံးထားတဲ့ အသားပေါင်း အလုံးတွေ ဖြစ်ပါတယ်။

ရှောင်လုံးပေါင်းမှာ အသုံးပြုတဲ့ ဂျင်ဆင်းကိုတော့ တရုတ်ပြည်ကနေမှာယူတာဖြစ်ပြီး အခြား ရှားပါးမှိုနက်၊ ငန်းအသည်းစတဲ့ ပါဝင်ပစ္စည်းတွေကိုတော့ ပြည်တွင်းတင်ပို့သူတွေကနေတဆင့် မှာယူပြီး ပြုလုပ်တယ်လို့ မကြူကြူသင်းက ဆိုပါတယ်။

စင်ကာပူနိုင်ငံမှာ လူကြိုက်များပြီး မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိလာတော့မယ့် အဆိုပါ ရှောင်လုံးပေါင်း အစားအစာနဲ့အတူ အခြားသော တရုတ်ဟင်းလျာများလည်း “Paradise Dynasty” မှာ ရရှိမယ်လို့ သိရပါတယ်။

အလွှာကိတ်မွှေး

“ကျမတို့ Paradise Dynasty မှာ ရှောင်လုံးပေါင်းတင် မကပါဘူး။ အခြား နာမည်ကြီး တရုတ်အစားအစာတွေ လည်း ရရှိမှာပါ။ ကျမတို့ဆီမှာ ရရှိမယ့် အဓိက အစားအစာတွေကတော့ ပီကင်းတော်ဝင် ဝက်စဉ်းကောကြော်၊ ကောက်ညှင်းအစာသွပ် စွန်ပလွန်သီးပေါင်း၊ ဂုံးခြောက်နဲ့ ငါးကြက်ဥမွှေ၊ စီချွမ် မာလာငါးဟင်း၊ စီချွမ် ငရုတ်မွှေး ကြက်သားကြော်၊ မုန်လာဥ ဂျုံပိုးတီကြော်၊ အလွှာကိတ်မွှေး၊ ပျားသံပုရာ ရှားစောင်းလက်ပပ် ဂျယ်လီ စတဲ့ အစားအစာတွေ အစုံရရှိမှာပါ” လို့ မကြူကြူသင်းက ပြောပါတယ်။

ဆက်လက်ပြီး “ရှောက်လုံးပေါင်း (Xiao Long Bao) အပါအဝင် တရုတ်ရိုးရာ စားသောက်ဖွယ်ရာတွေ ကျမတို့ဆိုင်မှာ စုံစုံလင်လင် ရောင်းချသွားမှာပါ။ စားသုံးသူတွေအနေနဲ့ မီးဖိုဆောင်ထဲမှာ ချက်ပြုတ်နေပုံကို မှန်ပြတင်းပေါက်ကတဆင့် လေ့လာကြည့်ရှုနိုင်အောင် လုပ်ထားပါတယ်” လို့ သူက ဆိုပါတယ်။

ပီကင်းတော်ဝင် ဝက်စဉ်းကောကြော်

“Paradise Dynasty” စားသောက်ဆိုင်ဟာ စင်ကာပူနိုင်ငံမှာ ၂၀၁၀ ခုနှစ်၊ စင်တင်ဘာလမှာ စတင်ဖွင့်လှစ် ခဲ့တာဖြစ်ပြီး စင်ကာပူမှာ ၇ ဆိုင်၊ မလေးရှား၊ အင်ဒိုးနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျပန် နိုင်ငံများမှာ ဆိုင်ခွဲပေါင်း ၂၅ ဆိုင်ဖွင့်လှစ်ထားပါတယ်။

ယခု မြန်မာနိုင်ငံမှာ အသစ်ဖွင့်လှစ်မယ့် “Paradise Dynasty” တရုတ်စားသောက်ဆိုင်ကို စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့Junction Square Extension မြေညီထပ်မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

“Paradise Dynasty” စားသောက်ဆိုင်ဟာ ကမ္ဘာတဝှမ်းမှာ ဆိုင်ခွဲပေါင်း ၃၀ ကျော် ဖွင့်ထားပြီး ရန်ကုုန်မြို့မှာ ဖွင့်လှစ်မယ့် စားသောက်ဆိုင်ဟာ ၃၃ ဆိုင်မြောက် ဆိုင်ခွဲလို့ သိရပါတယ်။ အဆိုပါ “Paradise Dynasty” စားသောက်ဆိုင်ကို မြန်မာနိုင်ငံမှ Golden Legend Group of Companies ကနေ ကိုယ်စားလှယ်အဖြစ် တာဝန်ယူ ဖွင့်လှစ်တာ ဖြစ်ပါတယ်။

Loading