Lifestyle

ပန်းချီ အောင်မြင့်ရဲ့ အနုပညာခရီး ပြပွဲ

Want create site? Find Free WordPress Themes and plugins.

သာမန်လူတွေ အတွက် အမှိုက်လို့တောင် ပြောနိုင်တဲ့ စက္ကူပျော့ဖတ်ကြီးတွေဟာ ပန်းချီ အောင်မြင့်နဲ့ တွေ့တော့ ရင်ဘတ်မှာ နှင်းဆီပန်း ထိုးထားတဲ့ သတို့သား ဖြစ်သွားသလို၊ သွေးစက်တွေ ဗရပွနဲ့ စစ်သားတယောက်လည်း ဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုပဲ အိမ်မှာသုံးတဲ့ မီးပူ၊ ရေနွေးခရား၊ အိုး၊ ပန်းကန်နဲ့ ရိုးရာခြင်းလုံး တွေဟာလည်း အနုပညာပစ္စည်းတွေ အဖြစ် ပြခန်း ထဲ ရောက်လာကြပါတယ်။

ပန်းချီ အောင်မြင့်ရဲ့ Expedition အနုပညာပြပွဲကို ဘိုကလေးဈေးလမ်းမှာ ရှိတဲ့ Myan/art အနုပညာပြခန်းမှာ စက်တင်ဘာ ၈ ကနေ ၁၈ ရက်နေ့ အထိ ပြသနေတာပဲ ဖြစ်ပါတယ်။

ပန်းချီ အောင်မြင့်ဟာ မြန်မာနိုင်ငံက ကြေးစည်၊ ဘုရားပန်းအိုး စတာတွေကို သူ့ရဲ့အနုပညာပစ္စည်းတွေ အဖြစ် နိုင်ငံခြားမှာ သွားရောက်ပြသတာ ရှိခဲ့ပါတယ်။ ဒီတကြိမ်တော့ သူ ချင်းမိုင်ကနေ ဝယ်လာတဲ့ စက္ကူပျော့ဖတ်တွေကို မြန်မာနိုင်ငံမှာ အနုပညာ ပစ္စည်း (artworks) တွေ အဖြစ် ပြောင်းလဲ ဖန်တီးပြပါတယ်။

ကင်းဗတ်တွေပေါ်မှာ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ကပ်ထားတဲ့ စက္ကူပျော့ဖတ်တွေကို ပန်းချီ အောင်မြင့်က သူ့ရဲ့ အနုပညာနဲ့ ပေါင်းစပ်ဖန်တီးယူ ခဲ့တဲ့ အကြောင်း သူက အခုလို ပြောပါတယ်။

သတို့သား လို့ အမည်ရတဲ့ (Bride) ပန်းချီကားနဲ့ ပတ်သက်လို့ “ကျနော့် inspiration နဲ့ creation လုပ်ရတယ်။ သတို့သားကို ကျနော် အိတ်ကပ်လေး ထည့်လိုက်တယ်၊ နှင်းဆီပွင့်လေး ထိုးလိုက်တယ်” လို့ ပြောသလို စစ်သည်တော်ရဲ့ ချပ်ဝတ်တန်ဆာ (Warrior’s Wear) ပန်းချီကားနဲ့ ပတ်သက်လို့လည်း “ကင်းဗတ်ပေါ်က စက္ကူပျော့ဖတ်တွေက အပေါက်အပြဲတွေနဲ့၊ ငါ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားလိုက်တဲ့ အချိန်မှာ အပေါက်အပြဲတွေကို အနီရောင် ထည့်လိုက် တယ်။ စစ်သား သေနတ်မှန်ပြီး ကျည်ဆန်ပေါက်တွေနဲ့ သေတဲ့ပုံ ဆိုတဲ့ အိုင်ဒီယာကို ကျနော် ရသွားတာပေါ့” လို့ ပန်းချီ အောင်မြင့်က ပြောပါတယ်။

ပြပွဲမှာ ပြသထားတဲ့ ပန်းချီအောင်မြင့်ရဲ့ ပန်းချီကားတွေထက် အင်စတော်လေးရှင်းတွေကို ပိုနှစ်သက်သူကတော့ ပန်းချီ စံမင်း ဖြစ်ပါတယ်။

သံဆူးကြိုးမျှင်လေးတွေကြားက အိုးကို “အလွယ်တကူ ကိုင်လို့မရဘူးပေါ့။ ရိုးရိုးခွက်ဆို ချက်ချင်းကိုင်လို့ ရတယ်။ ဆူး ပါတော့ နည်းနည်းတွန့်သွားတယ်။ အခက်အခဲတခု ကြားထဲမှာ ခံနေတယ် ပေါ့၊ အဲဒီလို ပြောချင်ပုံရပါတယ်” လို့ သူ့အမြင်ကို ပြောပါတယ်။

ပန်းချီ အောင်မြင့် ကတော့ သူ့ရဲ့ အနုပညာ လက်ရာတွေနဲ့ ပတ်သက်ပြီး “ကျနော်ဟာ ကျနော်တော့ ကျေနပ်ပါတယ်။ Artist တယောက်ရဲ့ Satisfied ပေါ့ဗျာ” လို့ ဆိုပါတယ်။
Expedition အနုပညာပြပွဲမှာ ပန်းချီကား ၁၃ ကားနဲ့ အင်စတော်လေးရှင်း ပြကွက် ၇ ခုတို့ကို ပြသထားပြီး ဈေးနှုန်းတွေက ဒေါ်လာ ၁ ထောင်ကနေ ၁ သောင်းအထိ သတ်မှတ်ထားပါတယ်။

သူဟာ အင်စတော်လေးရှင်း အနုပညာ ဖန်တီးမှုမှာလည်း ဦးဆောင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ Mother and Child ပန်းချီကား စီးရီး နဲ့ အင်စတော်လေးရှင်း စီးရီးတွက ထင်ရှားပါတယ်။ ပြီးတော့ သူဟာ ပါဖောမင့် အနုပညာ တင်ဆက်မှုမှာလည်း ဦးဆောင်ခဲ့သူ မြန်မာ့ မော်ဒန်အနုပညာရှင် ဒုတိယ မျိုးဆက်တဦး ဖြစ်ပါတယ်။

အခုချိန်မှာ ပန်းချီအောင်မြင့်ဟာ ပြည်တွင်း၊ ပြည်ပ တကိုယ်တော်ပြပွဲပေါင်း ၁၆ ကြိမ် ပြုလုပ်ခဲ့ပြီး အုပ်စုလိုက်အနုပညာပြပွဲ ပေါင်းများစွာမှာလည်း ပါဝင်ပြသလျက်ရှိပါတယ်။
ပန်းချီ အောင်မြင့်ဟာ ၁၉၇၀ ကျော်ကစပြီး မြန်မာ့မော်ဒန်ပန်းချီ လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့အင်းလျားပြခန်းဟာ လည်း လူငယ် အနုပညာရှင်တွေကို အားပေးရာ နေရာတခု ဖြစ်ခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading