မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ရဲ့ မကြာခင်မှာကျရောက်မယ့် ၂၁ နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ် “ချစ်သူ” လို့ အမည်ပေးထားတဲ့ Mini Album ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။
အဆိုပါ မီနီ အယ်လ်ဘမ်ထဲက သီချင်းများကတော့ မိန်းကလေးတွေအတွက် တင်စားပြီး သီဆိုရေးဖွဲ့ထားတဲ့ သီချင်းများဖြစ်တာကြောင့် “ချစ်သူ” လို့ အမည်ပေးထားကာ တေးသီချင်း ၅ ပုဒ်ပါဝင်မှာလည်း ဖြစ်ပါတယ်။
“ပရိသတ်တွေအတွက် အနုပညာလေးတခုဖန်တီးပေးချင်တယ်။ ဘာလုပ်ပေးရမလဲလို့ပေါ့၊ မေးလိုက်တယ် အဲ့ဒါနဲ့အလှူလေးလုပ်မယ်ပေါ့၊ အဲဒီတော့ ပရိသတ်တောင်းဆိုမှုများတဲ့ သီချင်းဆိုပေးပါလို့ပြောကြတယ်။ ကျနော်က ဒီလပိုင်းအတွင်းမှာက စာမေးပွဲလည်းရှိတယ်။ အလုပ်လေးတွေလည်း နည်းနည်းရှုပ်နေတယ်။ စိုးရိမ်စိတ်ကလည်း ရှိတယ်။ အဆိုတော်တယောက်မဟုတ်တဲ့အတွက် အဆင်ရောပြေပါ့မလားပေါ့”လို့ ပိုင်တံခွန်က ပြောပါတယ်။
အဆိုပါ မီနီအယ်လ်ဘမ်ကို စက်တင်ဘာ ၁၆ ရက်နေ့ ရန်ကုန်မြို့လှည်းတန်းစင်တာတွင် အနုပညာရှင်များနဲ့အတူ လက်မှတ်ရေးထိုးရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
သရုပ်ဆောင် ပိုင်တံခွန်က အဆိုပါ မီနီအယ်လ်ဘမ်ဟာ ပရိသတ်ရဲ့တောင်းဆိုမှုအရ ထုတ်ခြင်းဖြစ်ပြီး အခွေရောင်းရငွေများကို သူ့ရဲ့ ၂၁ နှစ်ပြည့် မွေးနေ့အလှူအဖြစ် လာမယ့် စက်တင်ဘာ ၁၇ ရက်နေ့တွင် အနန္တဂုဏ်ရည်ကျောင်းတိုက်မှ မိဘမဲ့ကလေးများအတွက် လှူဒါန်းမှုများပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။