Lifestyle

အဖွဲ့ဝင် ချက်စတာအတွက် အောက်မေ့ဖွယ်ဂီတပွဲကျင်းပမည်ဟု Linkin Park အဖွဲ့ ကြေညာ

ပြီးခဲ့တဲ့ ဇူလိုင်လက မိမိကိုယ်ကိုသတ်သေသွားခဲ့တဲ့ ကမ္ဘာကျော် အမေရိကန်ရော့ခ်ဂီတအဖွဲ့ဖြစ်တဲ့ Linkin Park အဖွဲ့ရဲ့ ခေါင်းဆောင်အဆိုတော် အသက် ၄၁ နှစ်အရွယ် ချက်စတာဘမ်နင်တမ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အထူးအောက်မေ့ဖွယ် ဂီတဖျော်ဖြေပွဲကျင်းပရန် Linkin Park အဖွဲ့သားများက စီစဉ်နေပြီဖြစ်တယ်လို့ အဖွဲ့ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်တွင် ကြေညာထားကြောင်း သတင်းများက ဆိုပါတယ်။

“ကမ္ဘာတစ်ဝှမ်းက လူတွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့တဲ့ ချက်စတာကို ဂုဏ်ပြုမယ့် ဒီပွဲလေးဟာအားလုံးအတွက် မမေ့နိုင်စရာ ဖြစ်ရပါမယ်” လို့ ရေးသား ဖော်ပြထားပါတယ်။

အဆိုပါ ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ရှိ ဟောလီးဝုဒ်တောင်ကုန်းပေါ်မှာတည်ရှိတဲ့ သဘာဝအလျောက် ခွက်နေသောချိုင့်ထဲရှိ မီးပုံးပျံသဏ္ဍာန် ကွင်းပြင်မှာပြုလုပ်မှာဖြစ်ပါတယ်။

ကလေးခြောက်ယောက် ဖခင်တဦးဖြစ်တဲ့ ဘမ်နင်တမ် တယောက် မရှိတော့တဲ့နောက်ပိုင်း Linkin Park အဖွဲ့ရဲ့ကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲ စတင်ရန် ဆိုင်းပြင်ခဲ့ခြင်းဟာလည်း တစခန်းရပ်သွားခဲ့ပါတယ်။

ဘမ်နင်တမ်ဟာ မသေဆုံးခင်မှာလည်း မူးယစ်ဆေးစွဲမှု ပြဿနာများနဲ့ လုံးပမ်းနေခဲ့ရပြီး အင်တာဗျူးတခုမှာ စိတ်ကျခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအကြောင်းတွေကို ဝင်ရောက်ဆွေးနွေးခဲ့ဖူးသူတဦးလည်း ဖြစ်ပါတယ်။

အဲဒီ အောက်မေ့ဖွယ်ဖျော်ဖြေပွဲတွင် အခြား အဆိုတော်များကိုပါ ပွဲထုတ်သွားရန် စီစဉ်ထားပြီး ပွဲကြည့်ရှှုခွင့် လက်မှတ်ကိုတော့ စက်တင်ဘာ ၂၂ ရက် သောကြာနေ့မှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

၁၉၉၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့တဲ့ Linkin Park ရော့ခ်ဂီတအဖွဲ့ဟာ ကမ္ဘာတဝှမ်း အယ်လ်ဘမ်ချပ်ရေပေါင်း သန်း ၇ဝ ကျော် ရောင်းချရသည်အထိ အောင်မြင်ခဲ့ပြီး ဂရမ်မီဆုကို နှစ်ထပ်ကွမ်း ဆွတ်ခူးထားနိုင်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

www.bbc.com တွင်ဖော်ပြထားတဲ့ Linkin Park announce Chester Bennington tribute concert ဆိုတဲ့ သတင်းကို ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Loading