Huawei ဆိုတာ ကမ္ဘာ့ တတိယမြောက် အကြီးဆုံး ဖုန်းထုတ်လုပ်သူ အဖြစ် ရပ်တည်နေခဲ့တာ ကြာပါပြီ။ Apple နဲ့ Samsung တို့ ပြီးရင်ပေါ့။ ဒါပေမယ့် အခု နောက်ဆုံး Counterpoint Research ရဲ့ ထုတ်ပြန်စာရင်းတွေ အရတော့ အဆိုပါ Huawei ရဲ့ တတိယ အဆင့် အနေအထားက ပြောင်းလဲ သွားပါပြီ။ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လ တွေ အတွင်းက ရောင်းအားတွေ အရ ဆိုရင်ပဲ Huawei က Apple ကို ကျော်တက်ပြီး ဒုတိယမြောက် အကြီးဖုန်း ဖုန်းရောင်းရသူ၊ ထုတ်လုပ်သူ ဖြစ်လာပါတယ်။ ဒါပေမယ့် အခု စာရင်းမှာ တိကျတဲ့ ရောင်းရနှုန်းကိုတော့ ဖော်ပြ မထားပါဘူး။
အခုရက်ပိုင်း အတွင်း Apple အနေနဲ့ ဖုန်းအသစ်တွေကို မိတ်ဆက်ရောင်းချလာတာ ဖြစ်လို့ အရင်ကထက် ရောင်းအား ပြန်တက်လာမှာ မှန်ပေမယ့် အခုလို ကာလမှာပဲ ရောင်းအား တက်နေနိုင်ပြီး တနှစ်တာ ရောင်းအားတွေ ပြန်ကြည့်ရင်တော့ Huawei အနေနဲ့ Apple ကို ကျော်တက်ပြီး ဒုတိယနေရာမှာ ရပ်တည်နိုင်ဖို့ သေချာနေသလိုပါ။ ဒါပေမယ့် သိရ သလောက် Huawei အနေနဲ့ Apple ကို ကျော်တက်ပြီး ဒုတိယ အကြီးဆုံး ဖုန်းထုတ်လုပ်သူ အဖြစ်နဲ့တင် မကပဲ Samsung ကို ကျော်တက်ပြီးကမ္ဘာ့ အကြီးဆုံး ဖုန်းထုတ်လုပ်သူ ဖြစ်ဖို့ စီစဉ်ထားတာပါ။
ကုမ္ပဏီကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကတင်ပဲ ၂၀၂၁ ခုနှစ်မှာ Samsung ကို ကျော်တက်ဖို့ ရည်ရွယ် ထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာလည်း တွေ့ရပါတယ်။ ဒါဆို နောက် ၄ နှစ် အတွင်း Huawei က ရောင်းအား အကောင်းဆုံး ဖြစ်လာဖို့ မျှော်မှန်းနေတာပါ။ ဘယ်လိုပုံစံနဲ့ ရောင်းအား အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်မှာပါလဲ။
အခုထိတော့ Huawei အနေနဲ့ အကောင်းဆုံး ဆိုတဲ့ ကုမ္ပဏီပိုင် ဖန်တီးမှု တခုမှ မတွေ့ရသေးပါဘူး။ Samsung Galaxy S8 မှာ မျက်နှာပြင်ပြည့် ပြသမျက်နှာပြင် စနစ် ပါရှိတယ်၊ Note 8 မှာ S Pen ပါတယ်၊ OnePlus လို ကုမ္ပဏီက ထုတ်လုပ်တဲ့ 5 မော်ဒယ်မှာ Dash Charge စနစ် သုံးနိုင်တယ်၊ Moto Z2 Force မှာလည်း Shatter Sheild ပြသ မျက်နှာပြင်စနစ်နဲ့ Moto Mods လို စနစ်တွေ သုံးနိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် Huawei ရဲ့ အဆင့်မြင့်ဖုန်းတွေမှာတော့ ဒီလို သိသာတဲ့ ကိုယ်ပိုင် အားသာချက် ဖန်တီးမှု မတွေ့ရပါဘူး။
P10 နဲ့ Mate 9 လို မော်ဒယ်ကောင်းတွေ ထုတ်လုပ်တာ တွေ့ရတယ်၊ ကင်မရာပိုင်း အားကောင်းတယ်၊ ဈေးကွက်မှာလည်း လူကြိုက်များကြပါတယ်။ ဒါပေမယ့် Huawei အနေနဲ့ Android စနစ်ထဲကကိုပဲ ပိုကောင်းတဲ့ ဖန်တီးမှု လုပ်ဆောင်ဖို့တော့ လိုအပ်နေဆဲလို့ ဆိုနိုင်ပါတယ်။ OnePlus ရဲ့ မော်ဒယ်တွေမှာ Oxygen OS စနစ်ကို တွေ့ရပါတယ်။ နည်းပညာ ကောင်းတွေကို ပိုသုံးနိုင်အောင် စုစည်း ဖန်တီးထားတဲ့ စနစ်ပါ။ ဒီလို ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးနိုင်မှလည်း ဈေးကွက်မှာ လူကြိုက် ပိုများမယ်၊ မှတ်တိုင် စိုက်ထူးနိုင်မယ် ဆိုတာ Huawei ကိုယ်တိုင် သိထားပုံ ရပြီး သူ့ရဲ့ ကမ္ဘာ့ အကြီးဆုံး ဖုန်း ထုတ်လုပ်သူ နေရာကို ရဖို့ ၄ နှစ် စီမံကိန်း အတွင်းမှာ အခုလို ကိုယ်ပိုင်ဟန် ဖန်တီးမှုတွေ ရှိလာနိုင်ပါတယ်။ ဒါက နည်းပညာ ဖန်တီးမှု အပိုင်းပါ။
ရောင်းအား အနေနဲ့ ဆိုရင်လည်း Huawei ရဲ့ အခြေစိုက် တရုတ်မှာလည်း လူဦးရေ များတယ်၊ သူ့ ဖုန်းတွေကိုလည်း လူကြိုက်များ နေတယ်၊ ဥရောပမှာလည်း အောင်မြင်လာတယ်၊ နောက်ပိုင်း အမေရိကန်မှာပါ ဈေးကွက် အောင်မြင်အောင် ထပ်ကြိုးစားဖို့ပဲ လိုပါတော့တယ်။ ဒါဆိုရင် ဘုရင် ဖြစ်လာနိုင်ပါတယ်။ Verizon, AT&Tတွေ အပါအဝင် အခြား အွန်လိုင်း ရောင်းဝယ်ရေး နေရာတွေကနေ မော်ဒယ်တိုင်းကို ရောင်းချနိုင်အောင် လုပ်ဆောင်ရမယ်၊ ဒါမှာလည်း ပိုပြီး ရောင်းလာရမှာ ပါ။
ဒါပေမယ့် မကြာသေးခင်က Huawei အနေနဲ့ AT&T နဲ့ ချိတ်ဆက်ပြီး ၂၀၁၈ ခုနှစ် အတွင်းမှာ Mate 10 ကို ဖြန့်ချိဖို့ သဘောတူထားတာလည်း တွေ့ရပါတယ်။ ဒါဟာ အနောက်နိုင်ငံ ဈေးကွက်မှာ အောင်မြင်မှု ရဖို့ Huawei ရဲ့ ပထမ ခြေလှမ်း ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် အမေရိကန် ဈေးကွက်ဟာ Huawei ရဲ့ တန်ဖိုးမြင့် ဖုန်းတွေကို ရောင်းချရမှု အများဆုံး ရှိလာမယ့် ဈေးကွက် ဖြစ်လာနိုင်ပါတယ်။ အမေရိကန်ဟာ တန်ဖိုးမြင့် အရည်အသွေးမြင့် ဖုန်းကောင်းကောင်း အသုံးများတဲ့ ဈေးကွက်လည်း ဖြစ်ပါတယ်။ ဒီတော့ Huawei ဘက်ကသာ အရည်အသွေး ကောင်းအောင် ဖန်တီးနိုင်ရင် အမေရိကန် ဈေးကွက်မှာပါ အွန်လိုင်းကနေ ရောင်းချလာနိုင်ရင် ဈေးကွက် အောင်မြင်မှု ရလာဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ နောက်ပြီး မော်ဒယ်ကို ရွေးချယ်နိုင်စရာ ရှိအောင် ထုတ်လုပ်လာရမယ်၊ လက်ရှိ ဈေးကွက်ထဲက တန်းမြင့် ဖုန်းတွေ ဖြစ်တဲ့ Galaxy S8, LG G6 နဲ့ HTC U11 လို မော်ဒယ်တွေလို အချိန်ကာလ အလိုက် တန်းမြင့် ဖုန်းတွေကို အကောင်းဆုံး ယှဉ်နိုင်တဲ့ မော်ဒယ်တွေ ထုတ်လုပ်ဖို့ လိုအပ် နေတာလည်း ဖြစ်ပါတယ်။
ပြီးတော့ တန်ဖိုးသင့် ဖုန်း အနေနဲ့ဆိုရင်လည်း Samsung မှာ A မော်ဒယ်တွေ၊ LG မှာ Q6 နဲ့ Moto မှာ G မော်ဒယ်တွေ ရှိသလို Huawei အနေနဲ့ ဖုန်းမော်ဒယ်တွေကို တန်ကြေးနည်း၊ တန်ကြေးသင့်နဲ့ တန်းမြင့်ဖုန်းတွေ ရွေးချယ်နိုင်မှု များများ ဈေးကွက် အတွင်း ထည့်ထားနိုင်ဖို့ လိုအပ်နေတာပါ။ လက်ရှိမှာ Huawei ရဲ့ ဈေးကွက် အောင်မြင်မှု တန်ကြေးသင့် ဖုန်းတွေ ရောင်းအား ကောင်းနေတာ ဖြစ်ပြီး အခုထက် ရောင်းအား တက်လာဖို့တော့ လိုနေသေးပါတယ်။ သလိုပါ။ အထူးသဖြင့် တန်မြင့် ဖုန်းတွေကို ဈေးကွက်က လက်ခံနိုင်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ ပြီးတော့ ထူးခြားချက် ပါရှိဖို့ လိုအပ်နေပြီး LG Q6လို မော်ဒယ်မှာ ဘောင်သား မပါအောင် ဖန်တီးထားမှုလို တန်ကြေးသင့်ဖုန်း ဖြစ်သည့်တိုင်အောင် ထူးခြားချက် ပါရှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
အခုလို Huawei ကို ဈေးကွက်မှာ ရောင်းအား အကောင်း ဖုန်းတလုံး ဖြစ်လာစေတဲ့ မော်ဒယ်ကတော့ Honor ပဲ ဖြစ်ပါတယ်။ Honor 9 နဲ့ 8 Pro လို မော်ဒယ်တွေက တန်ဖိုးနဲ့ လိုက်ဖက်အောင် ကောင်းမွန်ပါတယ်။ ဒါပေမယ့် Honor မော်ဒယ်တွေကို ဈေးကွက်တင် တင်မရောင်းခဲ့တာ တခုက အောင်မြင်မှု ရမယ့် အခွင့်အလမ်း တခု လက်လွှတ်လိုက်ရ သလိုပါ။ ဥပမာ 8 Pro လို မော်ဒယ်ဆိုရင် EU နိုင်ငံ အချို့မှာပဲ ရောင်းချခဲ့ပြီး တခြား ဈေးကွက်တွေမှာ မရောင်းခဲ့ပါဘူး။ ဒါကလည်း အရောင်းဆိုင်တွေ၊ ဖြန့်ချိသူတွေ အားနည်းသေးတာလည်း ဖြစ်နိုင်ပြီး အခုခေတ် အနေအထားမှာ အွန်လိုင်း ကနေ ရောင်းချနိုင်မှု အားနည်းနေခဲ့တာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခုတော့ ကုမ္ပဏီ အနေနဲ့လည်း အဆိုပါ အားနည်းချက်ကို ပြင်ဆင်ပြီး အွန်လိုင်းကနေ ရောင်းချနိုင်ဖို့ ကြိုးစားနေပုံ ရပါတယ်။ ကောင်းပါတယ်။
ဒါဆိုရင်တော့ ကိုယ်ပိုင်ဟန်နဲ့ ထူးခြား ကောင်းမွန်အောင် ဖန်တီးနိုင်မှု အပိုင်းမှာပဲ လိုအပ်မှု ရှိတော့တယ် လို့ ဆိုရမှာပါ။ Note 7 လို မော်ဒယ်မှာ Samsung အတွက် ချို့ယွင်းချက် ရှိခဲ့ချိန် Huawei အနေနဲ့ ရောင်းအား တက်လာခဲ့တာက အခုလို တတိယ အကြီးဆုံး ဖုန်းထုတ်လုပ်သူ ဖြစ်လာစေခဲ့တယ်၊ ဒါပေမယ့် အဆိုပါ အချိန်က Huawei အနေနဲ့ တန်းမြင့် ဖုန်း ကောင်းကောင်း ထုတ်လုပ်နိုင်ခဲ့ရင်၊ ဈေးကွက် အားလုံးကို အသေးစိပ် ဖြန့်နိုင်ခဲ့ရင် အခုထက် ပိုပြီး အောင်မြင်မှု ပိုရ နေနိုင်ပါတယ်။
ဒါပေမယ့် ထုတ်လုပ်မှု မရှိခဲ့သလို အသေးစိပ် ဈေးကွက်တင်မှု အားနည်းခဲ့ပါတယ်။ ဒါပေမယ့် Samsung ဟာ အဆိုပါ အားနည်းချက်နဲ့ အတူ အရင့်အရင် နှစ်တွေကနဲ့ စာရင် တံဆိပ် အပေါ် လူကြိုက်များမှု အနည်းငယ် လျော့ကျမှု ရှိခဲ့ပါတယ်။ IDC ကနေ ထုတ်ပြန်တဲ့ စာရင်းတွေ အရ Huawei အနေနဲ့ အခု ပထမ နှစ်ဝက်ကာလ အတွင်းမှာ ဖုန်း အလုံးရေ ၃၈ ဒသမ ၅ သန်းကျော်လောက် ရောင်းထားရပြီး ဈေးကွက် တခုလုံးရဲ့ ၁၁ ဒသမ ၃ ရာခိုင်နှုန်းကို ရရှိထားပါတယ်။
Samsung ကတော့ ၇၉ ဒသမ ၈ သန်းလောက်ထိ ရောင်းထားရပါတယ်၊ ဈေးကွက်ရဲ့ ၂၃ ဒသမ ၃ ရာခိုင်နှုန်းကို ရထားပါတယ်။ အခုထိတော့ ကွာဟချက် နည်းနည်း များနေသေးပေမယ့် Huawei ရဲ့ စီမံကိန်း အရ နောက် ၄ နှစ်မှာတော့ Samsung ကို ကျော်တက်နိုင်ကောင်း ကျော်တက်လာနိုင်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ အားနည်းချက်တွေ ပြင်မယ်၊ မော်ဒယ်တွေ များများ ထုတ်မယ်၊ ဈေးကွက်တိုင်းမှာ ရနိုင်အောင် ရောင်းမယ် ဆိုရင်တော့ Huawei အတွက် အခွင့်အရေးကောင်း ရှိနေဆဲပါ။ ။
Ref: www.androidauthority.com