Lifestyle

နိုင်ငံရေး ပုံရိပ်တွေ ထင်ဟပ်ပြတဲ့ မိုးသီးဇွန်ရဲ့ ပန်းချီပြပွဲ

Want create site? Find Free WordPress Themes and plugins.

ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်၊ နိုင်ငံရေးသမား တဦးလည်း ဖြစ်တဲ့ မိုးသီးဇွန်ရဲ့ ပန်းနှစ်ပွင့် သေဆုံးခြင်း (The Death of Two Flowers) လို့ အမည်ပေးထားတဲ့ တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ Pansodan Scene ပြခန်းမှာ စက်တင်ဘာ ၂၃ ကနေ ၂၅ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြပွဲဖွင့်ပွဲမှာ ပန်းချီဆရာကြီး ဦးဝင်းဖေက အဖွင့်အမှာစကား ပြောကြားရာမှာ ကိုမိုးသီးဇွန် ပန်းချီရေးဆွဲဖြစ်ဖို့နဲ့ ပန်းချီအပေါ် ကိုမိုးသီးဇွန်း စိတ်ဝင်စား ရေးဆွဲ ဖန်တီးလာတဲ့ အကြောင်းတွေကို အမှတ်တရ ပြောဆိုပါတယ်။

သူ့ရဲ့ ပန်းချီကား တချို့က ခေတ်ပြိုင်နိုင်ငံရေး ပုံရိပ်တွေကို ထင်ဟပ်ပြတဲ့ ပန်းချီတွေ ဖြစ်ပြီး၊ တချို့ပန်းချီကားတွေက မြန်မာ့ရေမြေတောတောင် သဘာ၀ ရှုခင်းတွေကို ရေးဆွဲထားတာ တွေ့ရပါတယ်။ ပန်းချီဆွဲတဲ့ နိုင်ငံရေးသမား တဦးရဲ့ အနုပညာနဲ့ နိုင်ငံရေး အပေါ် အမြင် အပါအဝင် အနုပညာနဲ့ Popularity အကြောင်းများနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနမှ ကော်ပီအယ်ဒီတာ နိုင်စွမ်းက အမေရိကန်ပြည်ထောင်စု ဖို့ဝိန်းမြို့မှာ အလုပ်လုပ်နေတဲ့ မိုးသီးဇွန်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ ကိုမိုးသီးရဲ့ ပထမဆုံး Solo Exhibition အကြောင်းက စပြီး ပြောပြပေးပါလား။

ဖြေ။ ။ ကျနော် မြန်မာပြည် ပြန်အရောက်မှာ ကိုယ်တိုင်းပြည်ရဲ့ ရေမြေ တောတောင်တွေ တောပန်း တောင်ပန်းတွေ လူတွေကို ပြန်လည် ခံစားခွင့် ရခဲ့ပါတယ်။ အရမ်းကို ကြည်းနူးမိပါတယ်။ တိုင်းပြည်ကို ချစ်တာ ဘာလဲ၊ လူတွေဘာကြောင့် ကိုယ်တိုင်းပြည် ကိုယ့်လူမျိုးတွေကို ချစ်ကြသလဲ ဆိုတာကိုလည်း ကိုယ့်ကိုယ်ကို ပြန်လည် မေးကြည့်မိတယ်။

ကမ္ဘာကျော် ဘိုင်အိုလောဂျစ် ပညာရှင်တဦး ဖြစ်တဲ့ ရစ်ချပ်ဒန်ကင်က လူတွေမှာ Selfish gene ဆိုတာ ရှိတယ်။ ဒီမျိုးဗီဇက သူနဲ့ မျိုးတူအုပ်စုတွေ အတွက် ဆိုရင် အသေခံကြတယ်။ ကိုယ်ကျိုးစွန့်လွှတ်မှုတွေ လုပ်ကြတယ် ဆိုတယ်။ သူတို့ မျိုးဗီဇကို ဆက်လက် သယ်ဆောင်နိင်ဖို့ လုပ်ဆောင်ကြတယ် ဆိုတယ်။

နောက်တခုက လူနဲ့ တိရိစ္ဆာန်တွေဟာ ကိုယ်မွေးဖွားခဲ့တဲ့ နေရာရပ်ဝန်းကို စွဲလမ်းစိတ် ရှိကြတယ်။ ဒီထဲမှာ ကျနော်လည်း ပါပါတယ်။ မြန်မာပြည် ပြန်ရောက်တော့ ပန်းချီတွေ ဆွဲချင်တဲ့ စိတ်တွေ ဖြစ်လာတယ်။ ဒီကြားတဲ့မှာ ကျနော့် ဇနီးဖြစ်လာမယ့် သူဟာ ပန်းချီပြပွဲ တခုကို ဦးစီးလုပ်နေတယ်။ သူ လုပ်တဲ့ ပန်းချီပြပွဲ ကို လာကြည့်ဖို့ ဖိတ်တော့ ကျနော် သွားဖြစ်တယ်။

ကျနော် ပန်းချီတကားမှ ဖြစ်ဖြစ်မြောက်မြောက်မဆွဲ တတ်သေးဘူး။ စိတ်ထဲမှာ ဆွဲချင်စိတ်တွေ ဖြစ်လာတယ်။ သူကလည်း တိုက်တွန်းတယ်။ ဆွဲကြည့်ဖို့။ ဒါနဲ့ ပန်းချီကားတွေ စပြီး ဆွဲဖြစ်တယ်။ သူက အားပေးတယ်။ နောက်တော့ ပြပွဲ လုပ်ဖို့ တိုက်တွန်းတယ်။

သူက အရင်က ပန်းချီဆရာကြီးတွေရဲ့ လက်တွေ့ရေးဆွဲပွဲတွေမှာ မြန်မာအမျိုးသမီး တယောက် အနေနဲ့ မော်ဒယ် ထိုင်ပေးရတယ်၊ ဆရာကြီး စတားမြသန်း၊ ဦးဌေးအောင်၊ ဆရာ သပြေမြင့်သိန်း တို့က သူပုံကို ဆွဲခဲ့ကြဘူးတယ်။ သူက ကျနော့်ကို တော်တော်တိုက်တွန်းတယ်။ အား ပေးတယ်။ ပန်းချီကားတွေများလာတော့ ပြပွဲလုပ်ဖို့တိုက်တွန်းတာပေါ့။

ကိုတင်မင်းထွန်း၊ ကိုမင်းလွင်၊ ကိုအောင်သူငြိမ်းနဲ့ကိုအောင်ဖြိုးတို့ကလည်း ပြပွဲအတွက် သူတို့စီစဉ်ပေးမယ် ဆိုတော့ အဆင်ပြေသွားတာပေါ့။ တခုကလည်း ကျနော်တို့ လိုလူတွေက ကိုယ်လုပ်ချင်ရာ စွတ်လုပ်လေ့ ရှိကြတဲ့ သူတွေကိုး။ ဘာမှ သိပ်စဉ်းစားလေ့ မရှိကြတော့လည်း ပန်းချီဆွဲရတာ သိပ်ပြီး ချုပ်နှောင်ထားမျိုး မရှိတတ်တော့ဘူး ပေါ့။

ကျနော်နဲ့ ခင်မင်တဲ့ ပန်းချီဆရာ တွေဖြစ်တဲ့ ကိုစစ်ငြိမ်းအေး ကလည်း အားပေးတယ်။ သူက the death of two flowers ကို အမြဲဆွဲနေတဲ့ ပန်းချီဆရာတွေထက် ကောင်းနေတယ် လို့ ကျနော့် ဖေ့စ်ဘုတ်မှာ လာပြီး ချီးကျူး သွားတော့လူလည်း အား တော်တော်ရှိသွားတယ်။ သူကလည်း အိန္ဒိယနဲ့ နယူးယောက်မြို့မှာ ပြပွဲ တွေ လုပ်ခဲ့ဘူးတယ်။ သူ့လက်ရာတွေလည်း မြန်မာပြည်မှာ ပြစေချင်တယ်။

ပြီးခဲ့သည့် စနေနေ့ မနက် ပြပွဲဖွင့်ပွဲမှာ ပန်းချီဆရာကြီး ဦးဝင်းဖေက အဖွင့်အမှာစကား ပြောကြားနေစဉ်
သက်ထွန်းနိုင်/ဧရာဝတီ

မေး။ ။ ကိုမိုးသီးဇွန်ရဲ့ ဖြတ်သန်းမှုမှာ အနုပညာထက် နိုင်ငံရေးပိုင်း ပိုများနေတာ တွေ့ရတယ်။ အနုပညာနဲ့ နိုင်ငံရေး ဘယ်လို ကွာခြားတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အနုပညာနဲ့နိင်ငံရေးဟာ ရည်ရွယ်ချက် တူကြပါတယ်။ ကျနော်က အနုပညာဟာ ပြည်သူအတွက် ဆိုတာဘက်ကို တိမ်းညွတ်သူ ဆိုတော့ နားလည်မယ်ထင်ပါတယ်။ အနုပညာ တခုဟာ ပြည်သူတွေဘဝကို ဖော်ပြစေချင်တယ်။ သဘာ၀ အလှအပ တွေကိုလည်း ဆွဲရ ရှာရမှာ ပါပဲ။

ဟိုးရှေးခေတ် Classic master တွေလည်း သူတို့ ခေတ်ပြိုင် လူနေမှုဘဝတွေကို ဖော်ထုတ်သွားတဲ့ ကားတွေရှိပါတယ်။ Rembrant van Rijn ရဲ့ the night watcher, Da Vinci ရဲ့ Mona Lisa and the last super, Vermeer ရဲ့ the girl with pearl earing, van goah ရဲ့ potato eaters, Michealanglo ရဲ့ creation of Adam စတာတွေ အပြင် တခြားလည်း ရှိပါသေးတယ်။

အနုပညာဟာ လူသားကို အာရုံပြု ထားတယ်။ ဒီဘက် မောဒန်ခေတ်ရောက်လာတော့ ပိုတောင်မှ သိသာလာကြပါတယ်။ ဂေါ်ဂင်၊ ဗင်ဂိုး၊ ပီကာဆို စသဖြင့်ပေါ့။ နိင်ငံရေးဟာလည်း လူအဖွဲ့အစည်း ပိုကောင်းအောင်လုပ်ဖို့ ပါပဲ။ ဒါကြောင့်ရည်ရွယ်ချက်တူကြပါတယ်။

လက်ပံတောင်းတောင် ဆန္ဒပြပွဲတခုတွင် ရဲက ပစ်ခတ်၍ သေဆုံးသွားသော ဒေါ်ခင်ဝင်းအား ရည်ရွယ်ထားသော ပန်းချီကား
သက်ထွန်းနိုင်/ဧရာဝတီ

မေး။ ။ အနုပညာနဲ့ Popularity ဘယ်လို ကွာခြားတယ် လို့ ကိုမီုးသီး ယူဆပါသလဲ။

ဖြေ။ ။ အနုပညာနဲ့ပေါ်ပြူလာရတီ ဟာ ကွာပါတယ်။ အနုပညာတွေက ကြာကြာခံကြတယ်။ ပေါ်ပြူလာတွေ ကတော့ ကြာကြာမခံကြဘူး။ အနုပညာမှာ မွှေးရနံ့တွေ ရှိကြတယ်။

မေး။ ။ အနုပညာလက်ရာတခု ဖန်တီးဖို့ ဘယ်လိုပြင်ဆင်ပါသလဲ။

ဖြေ။ ။ အနုပညာ တခုဖန်တီးဖို့ ကတော့ ခံစားကြည့်တာ ပါပဲ။ ကျနော်က ပန်းချီသမား မဟုတ်ပါဘူး။ ကဗျာတွေကို ပို အချိန်ပေးခဲ့ပါတယ်။ ခံစားခဲ့ပါတယ်။ ၁၉၈၀ ဝန်းကျင်လောက် ကတည်းက ကဗျာစာအုပ်လေးတွေ ထုတ်ခဲ့တယ်။ ကဗျာတွေ ရေးခဲ့တယ်။ အချစ်ကဗျာတွေရေး ကြည့်ပါသေးတယ်။ ရေးရင်း ရေးရင်းနဲ့ အချစ်ကဗျာကနေ နိင်ငံရေး ကဗျာ တွေပဲ ဖြစ်သွားတော့တယ်။ ပန်းချီကတော့ ခံစားချက်တွေကို အရောင်တွေနဲ့ ဖော်ပြ လို့ ရတာကို နစ်သက်လာတယ်။

အနုပညာနဲ့ ပတ်သက်လို့ကတော့ ကျနော် အသက်ကြီး လာပြီ ဆိုတော့ ပန်းချီ ဆွဲချင်စိတ်တွေ ပိုများလာတယ်။ ဘာဖြစ်လို့လဲ ကျနော်မသိဘူး။ နောက်ထပ် massacre in front of city hall ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွဲချင်တယ်။ the death of Phome Maw , the death of Win Maw Oo ဆိုတဲ့ ကားတွေကို ဆွဲချင်သေးတယ်။

မုဒိန်းကျင့် သတ်ဖြတ်ခံရသော ကချင်ဆရာမ ၂ ဦးအား ရည်ရွယ်ရေးထားသော “ပန်းနှစ်ပွင့် သေဆုံးခြင်း”
သက်ထွန်းနိုင်/ဧရာဝတီ

မေး။ ။ ကိုမိုးသီး ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်တချို့ကိုလည်း ပြောပြပါဦး။

ဖြေ။ ။ ကျနော်က အစိုးရ မဟုတ်တော့လည်း ခက်သားပဲ။ ကျနော်သာ အစိုးရ ဆိုရင်တော့ အခု မြန်မာ ပန်းချီ ဆရာကြီးတွေ ဖြစ်တဲ့ ဦးလွန်းကြွယ်တို့ ၊ ဆရာကြီးဝင်းဖေတို့ လို ဆရာကြီးတွေကို ကို ပိုက်ဆံထုတ်ပြီး မသေခင်မှာ အကုန် ဆွဲထားပေးကြပါ ဆိုပြီး Project ကြီးတခု လုပ်ပေးချင်တယ်။ သူတို့ ပန်းချီကားတွေကို ၁၀ ပေ လောက်ရှိတဲ့ ဆိုက်ကြီးတွေ ဆွဲပေးဖို့ မေတ္တာရပ်ခံချင်တယ်။ လူထုခန်းမ တွေမှာ သူတို့ ပန်းချီကားတွေကို ပြထားချင်တာပါပဲ။ ဒါ ကျနော်လုပ်ချင်တဲ့ အနုပညာနဲ့ ပတ်သက်တဲ့ အာသီသပါ။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading