Lifestyle

အနုပညာခေါင်းပုံဖြတ်ခံရတယ်လို့ ပြောလာတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်

Want create site? Find Free WordPress Themes and plugins.

မိုးရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာစတီး (ဒွေးမေတ္တာ) ရိုက်ကူးတဲ့ “သူ့နာမည်ရွှေရုပ်” ဇာတ်ကားရိုက်ကူးစဉ်မှာ အနုပညာခေါင်းပုံဖြတ်ခံခဲ့ရတယ်လို့ သရုပ်ဆောင်တဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုလိုက်ပါတယ်။

“ကျမဖြတ်သန်းလာတဲ့ အနုပညာသက်တမ်းတလျှောက် အခုလိုမျိုး အနုပညာခေါင်းပုံဖြတ်တဲ့သူမျိုး တခါမှမ တွေ့ဖူူူးပါဘူး။ ခင်မင်ရင်နှီးမှုကို အခွင့်ကောင်းယူပြီး အခုလိုမျိုးလုပ်တာ ကျမပိုပြီးရင်နာရပါတယ်။ ကိုယ်စေတနာထား လည်း စေတနာကိုမမြင်ကြပါလားလို့၊ ‘ရွှေရုပ်’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို စပြီးလက်ခံကတည်းက ထုတ်လုပ်သူ ကိုယ်တိုင် သရုပ်ဆောင်မယ် ဆိုကတည်းက သူ့ဇာတ်ပဲဖြစ်မယ်ဆိုတာ သိပြီးသားပါ” လို့ သူက ဖွင့်ဟ ရေးသားလိုက်ပါတယ်။

သင်ဇာဝင့်ကျော်ကို သရဲဇာတ်ရုပ်ရိုက်ကူးဖို့ ငှားရမ်းတဲ့ မိုး ရုပ်ရှင်ထုတ်လုပ်ရေးကို သရုပ်ဆောင် မိုးဟေကို က ပိုင်ဆိုင်တာ ဖြစ်ပြီး “သူ့နာမည် ရွှေရုပ်” ဆိုတဲ့ ဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသမီးနေရာမှလည်း မိုးဟေကို က ရိုက်ကူးနေသူ ဖြစ်ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မိုးရုပ်ရှင်ထုတ်လုပ်ရေး၊ သရုပ်ဆောင်မိုးဟေကို၊ ဒါရိုက်တာ စတီးလ်တို့ကို ဧရာဝတီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

“သူ့နာမည် ရွှေရုပ်” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေတဲ့ ဒါရိုက်တာ စတီးလ်က သင်ဇာဝင့်ကျော်ကို ဇာတ်ကား ရိုက်ရန် စာချုပ် ချုပ်ဆိုခဲ့စဉ်က သရဲဇာတ်ရုပ် နေရာက သရုပ်ဆောင်ဖို့ ပြောပြခဲ့သော်လည်း ဇာတ်ကားတခုလုံးကို စီလီကွန်မိတ်ကပ်အုပ်ပြီး ရိုက်ရမယ်ဟု မပြောခဲ့ဘူးလို့ သိရပါတယ်။

“ဒါရိုက်တာ စတီးလ် က producer ကိုယ်တိုင်က ညီမနဲ့ပဲရိုက်ချင်တယ်။ ဒီဇာတ်ကိုဒီနေရာမှာ ဘယ်သူ့ကိုမှ ထည့်မရိုက်ချင်ဘူူးဆိုလို့ ခုနောက်ပိုင်းအပြိုင်ဇာတ်တွေကို ကျမပရိတ်သတ်တွေမရိုက်ခိုင်းတဲ့ကြားက ခင်မင်မှုတွေ၊ နားလည်မှုတွေကို ရှေ့တန်းတင်ပြီး ရိုက်ပေးဖြစ်ခဲ့ပါတယ်”လို့ သူက ပြောပါတယ်။

အဲဒီအပြင် ဇာတ်ကားအတွက် လိုအပ်တဲ့ ဆီလီကွန် မိတ်ကပ်တွေ အသုံးပြုတာကြောင့် မျက်နှာ အရေပြား ပျက်စီးခဲ့ရင် လျော်ကြေးဆိုတဲ့ ကိစ္စ နဲ့ပတ်သက်တဲ့ အကြောင်းအရာများလည်း စာချုပ်မှာ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

သင်ဇာဝင့်ကျော်က သူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရိုက်ကူးရေးကိစ္စနဲ့ ပတ်သက်ပြီး ရုပ်ရုင်ရိုက်ဖို့ သရဲမိတ်ကပ် လိမ်းချိန်က နေ့လည် ၁၂ နာရီခွဲဖြစ်ကြောင်း၊ စီလီကွန်တွေကို ကော်အပြင်စားနဲ့ကပ်တာ တနာရီနီးပါးကြာခဲ့ကြောင်း၊ လိမ်းပြီးချိန်မှာ ၂ ကဒ်ရိုက်ကြောင်း၊ ထို့နောက် သန်လျင် ဘက်ကို နေရာချိန်းခဲ့ပြီး ညနေ ၆ နာရီခွဲကတည်းက ထိုင်စောင့်ရတာ ည ၁၀ နာရီခွဲကျော်မှ ရိုက်ဖို့ခေါ်ကြောင်း ရှင်းလင်းရေးသားထားတာ တွေ့ရပါတယ်။

“ဒီလိုနေရာမျိုးမှာ ရိုက်ဖို့ ကျမလိုတန်းထဲကကြိုက်တဲ့ မင်းသမီးချိတ်ကြည့်ပါ။ ဒီလိုခုနှစ်ဆင်းနဲ့ ဘယ်သူရိုက်ပေးမှာလဲ။ ဒီအလုပ်ကိုလည်း ကျမချစ်လို့လုပ်နေတာပါ။ သူများမင်းသမီးတွေဈေးတက်လည်း ကျမ မတက်ဘူး။ တန်ရာတန်ကြေးပဲ တောင်းတယ်။ ခင်မင်မှုနဲ့လျှော့ပေးပါဆိုလည်း လျှော့ပေးတယ်။ အလုပ်လုပ်ရင်လည်း ခင်မင်မှု၊ နားလည်မှု၊ ယုံကြည်မှု စေတနာတွေနဲ့ အလုပ်လုပ်တယ်။ ဒါပေမယ့် အဲဒီနေ့ညက သူတို့ဆီမှာ အဲဒီလို စိတ်ဓာတ်မျိုးမရှိဘူး ဆိုတာသိလိုက်တယ်”လို့ သူက ဆိုပါတယ်။

အဲဒီလို အဆင်မပြေမှုတွေကြောင့် ဇာတ်ကား ဆက်မရိုက်နိုင်တော့တဲ့အကြောင်း ပြောတဲ့အခါမှာတော့ မိုးရုပ်ရှင်ထုတ်လုပ်ရေးက စရံငွေ ၃ ဆနဲ့ အဲဒီနေ့က ရိုက်ကူးခဲ့တဲ့ ရှုတင်အတွက် ကုန်ကျစရိတ်တွေ လျော်ကြေးပေးဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ပိုက်ဆံပဲ သူတို့စိတ်ကျေနပ်တဲ့အထိလျော်ပေးမှာပါ။ လျော်ပေးတာကလည်း ရှိလွန်းလို့မဟုတ်ပါဘူး။ အနုပညာနဲ့ ဝမ်းစာရှာတဲ့ ကျမအတွက် ကိုယ့်အမှားလည်းမရှိ ကိုယ်တိုင်လည်း ထိခိုက်နစ်နာရပြီး ပြန်ပေးလိုက်ရတာကို နှမြောလွန်းလို့ပါ။ နောက်နောင်အခုလိုမျိုး ကိုယ်ချင်းစာစိတ်မရှိတဲ့ လူမျိုးတွေနဲ့မဆုံတွေ့ရပါစေနဲ့၊ ဒါက ကျမခံစားဖြစ်ပျက်ခဲ့ရတဲ့ အဖြစ်အပျက်မှန်တွေပါ” လို့သင်ဇာဝင့်ကျော်က အဖြစ်အပျက်များကို ပြောပြထားပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သက်သေများရှိတဲ့အတွက် တိုက်ခိုက်မှုများပြုလုပ်လာပါက ရင်ဆိုင်သွားမယ်လို့လည်း သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading